အိပ်ရေးမဝခြင်း

 

 

မန္တလာ ဆရာမျိုး

 

ခန္ဓာကိုယ်နှင့် စိတ်ကျန်းမာရေးကို တိတ်တဆိတ် ထိခိုက်စေသော အန္တရာယ်

 

 

လူတစ်ဦး ကျန်းမာစွာနေထိုင်နိုင်ရန် အာဟာရပြည့်ဝသောအစားအစာ စားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ ဆေးလိပ်နှင့် အရက်ကို ရှောင်ကြဉ်ခြင်းတို့သည် အရေးကြီးကြောင်း လူအများ သိရှိထားကြပြီး ဖြစ်ပါသည်။ သို့သော် ကျန်းမာရေးအတွက် အလွန်အရေးပါသော အခြေခံလိုအပ်ချက်တစ်ခုဖြစ်သည့် အိပ်ရေးဝဝအိပ်ခြင်း ကိုတော့ အလုပ်များခြင်း၊ စာဖတ်ရခြင်း၊ ဖုန်းအသုံးများခြင်း၊ စိတ်ဖိစီးမှုများခြင်းတို့ကြောင့် မကြာခဏ လျစ်လျူရှုမိတတ် ကြသည်။

 

တချို့လူများသည် ညစဉ် နာရီအနည်းငယ်သာ အိပ်ပြီး အိပ်ချိန်နည်းနည်းနဲ့လည်း အဆင်ပြေတယ်ဟု ထင်တတ်ကြသည်။ တချို့ကလည်း ညနက်အထိ ဖုန်းကြည့်ခြင်း၊ လူမှုကွန်ရက်အသုံးပြုခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ အလုပ်ဆက်လုပ်ခြင်းတို့ကို ပုံမှန်ပြုလုပ်နေကြသည်။ ထိုအလေ့အထများသည် အစပိုင်းတွင် များစွာမထိခိုက်သလို ထင်ရသော်လည်း အချိန်ကြာလာသောအခါ ခန္ဓာကိုယ်နှင့် စိတ်ကျန်းမာရေးကို တဖြည်းဖြည်း ထိခိုက်စေနိုင်သည်။

 

အိပ်စက်ခြင်းသည် ခန္ဓာကိုယ်အနားယူရုံသာ မဟုတ်ပါ။ ဦးနှောက်က မှတ်ဉာဏ်များကို စီစဉ်သိမ်းဆည်းခြင်း၊ ကိုယ်ခံအားစနစ်ကို ပြန်လည်ညှိနှိုင်းခြင်း၊ နှလုံးနှင့် သွေးကြောများကို အနားပေးခြင်း၊ ဟော်မုန်းများကို ထိန်းညှိခြင်း၊ ဆဲလ်များနှင့် တစ်ရှူးများကို ပြန်လည်ပြုပြင်ခြင်းတို့ ပြုလုပ်နေသည့် အရေးကြီးသောအချိန် ဖြစ်သည်။ ထို့ကြောင့် အိပ်ရေးမဝခြင်းသည် နောက်နေ့ မောပန်းခြင်း၊ ငိုက်မျဉ်းခြင်းလောက်သာ မဟုတ်ဘဲ ရေရှည်တွင် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အဝလွန်ခြင်း၊ နှလုံးသွေးကြောရောဂါ၊ စိတ်ဖိစီးမှု၊ စိတ်ကျရောဂါ၊ မှတ်ဉာဏ်အားနည်းခြင်းနှင့် မတော်တဆ ထိခိုက်မှုများအထိ ဆက်နွယ်နိုင်သည်။

 

အိပ်စက်ခြင်းသည် ဘာကြောင့် အရေးကြီးသနည်း

 

နေ့စဉ်ဘဝတွင် လူတစ်ဦးသည် အလုပ်လုပ်ခြင်း၊ စာသင်ခြင်း၊ လမ်းလျှောက်ခြင်း၊ စကားပြောခြင်း၊ စဉ်းစားဆုံးဖြတ်ခြင်းတို့ကို ပြုလုပ်ရာ၌ စွမ်းအင်အသုံးပြုရသည်။ ထိုစွမ်းအင်ကို ပြန်လည်ဖြည့်တင်းရန်နှင့် ပင်ပန်းနွမ်းနယ် နေသော ကိုယ်ခန္ဓာကို ပြန်လည်ပြုပြင်ရန် အိပ်စက်မှုလိုအပ်သည်။

 

အိပ်စက်နေစဉ် ဦးနှောက်သည် တစ်နေ့တာအတွင်း ရရှိခဲ့သော အချက်အလက်များကို စီစဉ်ပေးသည်။ ဘယ်အရာကို မှတ်ထားရမည်၊ ဘယ်အရာကို မလိုအပ်တော့သဖြင့် ဖယ်ရှားရမည်ဆိုသည်ကို ဦးနှောက်က စနစ်တကျ လုပ်ဆောင်သည်။ ထို့အပြင် စိတ်ခံစားမှုများကိုလည်း ထိန်းညှိပေးသည်။ ထို့ကြောင့် အိပ်ရေးဝဝအိပ်ထားသူသည် နောက်နေ့တွင် အာရုံစူးစိုက်နိုင်စွမ်းကောင်းခြင်း၊ မှတ်ဉာဏ်ကောင်းခြင်း၊ စိတ်တည်ငြိမ်ခြင်းနှင့် အလုပ်လုပ်နိုင်စွမ်း ကောင်းခြင်းတို့ ရရှိနိုင်သည်။

 

အိပ်စက်နေချိန်တွင် ခန္ဓာကိုယ်အတွင်းရှိ နှလုံးခုန်နှုန်းနှင့် သွေးပေါင်ချိန်တို့သည် အနည်းငယ်လျော့ကျကာ နှလုံးသွေးကြောစနစ်ကို အနားယူခွင့်ပေးသည်။ ကိုယ်ခံအားစနစ်သည်လည်း ရောဂါပိုးများကို တုံ့ပြန်နိုင်ရန် လိုအပ်သော လုပ်ငန်းစဉ်များကို ဆောင်ရွက်သည်။ ထို့ကြောင့် အိပ်စက်ခြင်းကို ကျန်းမာရေးအတွက် ဘာဝပြန်လည်ကုသရေးအချိန် ဟု ဆိုနိုင်သည်။

 

 

လူတစ်ဦးလျှင် အိပ်ချိန် ဘယ်လောက်လိုအပ်သနည်း

 

 

အိပ်ချိန်လိုအပ်မှုသည် အသက်အရွယ်၊ ကျန်းမာရေးအခြေအနေ၊ အလုပ်ပင်ပန်းမှုနှင့် နေထိုင်မှုပုံစံပေါ် မူတည်၍ ကွာခြားနိုင်သည်။ သို့သော် ယေဘုယျအားဖြင့်

  • မွေးကင်းစကလေးများတွင် တစ်နေ့လျှင် အိပ်ချိန် အများကြီးလိုအပ်သည်။
  • ကျောင်းနေအရွယ်ကလေးများတွင် လူကြီးများထက် အိပ်ချိန်ပိုလိုအပ်သည်။
  • ဆယ်ကျော်သက်များသည် စာသင်မှု၊ ကိုယ်ခန္ဓာကြီးထွားမှုနှင့် ဟော်မုန်းပြောင်းလဲမှုများကြောင့် အိပ်ရေးဝဝ အိပ်ရန် လိုအပ်သည်။
  • လူကြီးအများစုသည် ညစဉ် ၇ နာရီမှ ၉ နာရီခန့် အိပ်စက်သင့်သည်။
  • အသက်ကြီးသူများသည် အိပ်ချိန်အနည်းငယ်ပြောင်းလဲနိုင်သော်လည်း အိပ်ရေးမဝခြင်းကို သာမန်အဖြစ် မယူဆ သင့်ပါ။

အိပ်ချိန်ကြာရှည်ရုံဖြင့်သာ မလုံလောက်ပါ။ အိပ်စက်မှုအရည်အသွေးလည်း ကောင်းရန်လိုသည်။ ညအိပ်ရာဝင်ပြီး အချိန်ကြာကြာမှ အိပ်ပျော်ခြင်း၊ ညအတွင်း ခဏခဏနိုးခြင်း၊ နံနက်ထချိန်တွင် လန်းဆန်းမှုမရှိခြင်း၊ အိပ်နေစဉ် ဟောက်သံကြီးခြင်း သို့မဟုတ် အသက်ရှူရပ်ရပ်ဖြစ်ခြင်းတို့ ရှိပါက အိပ်ချိန်ရှိသော်လည်း အိပ်ရေးဝသည်ဟု မဆိုနိုင်ပါ။

 

 

အိပ်ရေးမဝခြင်း၏ လက္ခဏာများ

 

အိပ်ရေးမဝခြင်းသည် လူတိုင်းတွင် တူညီသောပုံစံဖြင့် မပေါ်နိုင်ပါ။ သို့သော် အောက်ပါလက္ခဏာများကို မကြာခဏတွေ့ရပါက အိပ်ရေးမဝခြင်းရှိမရှိ ပြန်လည်သတိပြုသင့်သည်။

နံနက်ထလာသောအခါ ခန္ဓာကိုယ်လေးလံနေခြင်း၊ လန်းဆန်းမှုမရှိခြင်း၊ တစ်နေ့လုံး ငိုက်မျဉ်းနေခြင်း၊ အလုပ်လုပ်စဉ် သို့မဟုတ် စာဖတ်စဉ် အာရုံမစိုက်နိုင်ခြင်း၊ မေ့လွယ်ခြင်း၊ စိတ်တိုလွယ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မျက်စိ ညောင်းခြင်း၊ ကော်ဖီ သို့မဟုတ် လက်ဖက်ရည်မသောက်ဘဲ မနေနိုင်ခြင်း၊ ယာဉ်မောင်းစဉ် ငိုက်ခြင်းတို့ ဖြစ်နိုင်သည်။

တချို့သူများတွင် အိပ်ရေးမဝခြင်းသည် စိတ်တိုခြင်း၊ စိတ်မရှည်ခြင်း၊ အလွန်အကျွံစားချင်ခြင်း၊ အချိုနှင့် အဆီများသောအစားအစာများကို ပိုစားချင်ခြင်းအဖြစ် ပေါ်လာနိုင်သည်။ ကလေးများတွင်မူ ငိုက်မျဉ်းနေခြင်းထက် ငြိမ်မနေနိုင်ခြင်း၊ စိတ်တိုလွယ်ခြင်း၊ စာမလိုက်နိုင်ခြင်း၊ အပြုအမူပြဿနာများအဖြစ် ပေါ်လာနိုင်သည်။

 

 

ဦးနှောက်၊ မှတ်ဉာဏ်နှင့် အာရုံစူးစိုက်မှုအပေါ် သက်ရောက်မှု

အိပ်ရေးမဝခြင်းသည် ဦးနှောက်လုပ်ဆောင်မှုကို အလွန်ထိခိုက်စေသည်။ ဦးနှောက်သည် အိပ်စက်နေချိန်တွင် တစ်နေ့တာသင်ယူထားသော အချက်အလက်များကို စီစဉ်သိမ်းဆည်းပေးသည်။ ထို့ကြောင့် အိပ်ရေးမဝပါက စာသင်ထားသောအရာများကို မမှတ်မိခြင်း၊ အလုပ်ဆိုင်ရာအချက်အလက်များ မေ့လွယ်ခြင်း၊ အရေးကြီးသော ဆုံးဖြတ်ချက်များတွင် မှားယွင်းလွယ်ခြင်းတို့ ဖြစ်နိုင်သည်။

 

ကျောင်းသားများတွင် အိပ်ရေးမဝခြင်းကြောင့် စာဖတ်သော်လည်း မမှတ်မိခြင်း၊ စာမေးပွဲတွင် စဉ်းစားမရခြင်း၊ သင်ခန်းစာအပေါ် အာရုံမစိုက်နိုင်ခြင်းတို့ ဖြစ်တတ်သည်။ အလုပ်ခွင်တွင်လည်း အစည်းအဝေး၌ အာရုံလွဲခြင်း၊ စာရင်းအင်းမှားခြင်း၊ ဆက်သွယ်ရေးမှားခြင်း၊ စီမံကိန်းဆုံးဖြတ်ချက်များတွင် အမှားဖြစ်ခြင်းတို့ ဖြစ်နိုင်သည်။

 

အထူးသဖြင့် ဆရာဝန်၊ သူနာပြု၊ ယာဉ်မောင်း၊ စက်ယန္တရားကိုင်တွယ်သူ၊ လုံခြုံရေးတာဝန်ရှိသူ၊ ဆောက်လုပ်ရေးလုပ်သားနှင့် အရေးပေါ်ဝန်ဆောင်မှုပေးသူများတွင် အိပ်ရေးမဝခြင်းကြောင့် ဖြစ်လာသော အာရုံစူးစိုက်မှုလျော့နည်းခြင်းသည် မိမိနှင့် အခြားသူများ၏ လုံခြုံရေးကိုပါ ထိခိုက်စေနိုင်သည်။

 

 

စိတ်ကျန်းမာရေးအပေါ် သက်ရောက်မှု

 

 

အိပ်ရေးမဝသောအခါ စိတ်ခံစားမှုကို ထိန်းညှိနိုင်စွမ်း လျော့နည်းလာတတ်သည်။ သာမန်အခြေအနေတွင် စိတ်ရှည်စွာ ကိုင်တွယ်နိုင်မည့် ကိစ္စများကိုပင် စိတ်တိုခြင်း၊ စိတ်ပျက်ခြင်း၊ ဝမ်းနည်းခြင်း၊ စိုးရိမ်ပူပန်ခြင်းတို့ ဖြစ်လာနိုင်သည်။ အလုပ်ဖိစီးမှု၊ မိသားစုပြဿနာ၊ ငွေကြေးစိုးရိမ်မှုများရှိနေသူများတွင် အိပ်ရေးမဝခြင်းက စိတ်ဖိစီးမှုကို ပိုမိုပြင်းထန်စေနိုင်သည်။

 

အိပ်ရေးမဝခြင်းနှင့် စိတ်ကျန်းမာရေးပြဿနာများသည် အပြန်အလှန်ဆက်နွယ်နေသည်။ စိတ်ဖိစီးမှုများလျှင် အိပ်မပျော်နိုင်သကဲ့သို့ အိပ်မပျော်ခြင်းကလည်း စိတ်ဖိစီးမှုကို ပိုမိုမြင့်တက်စေနိုင်သည်။ စိုးရိမ်ပူပန်မှုများသူများသည် ညအိပ်ရာဝင်ချိန်တွင် အတွေးများမရပ်နိုင်ဘဲ အိပ်မပျော်တတ်ကြသည်။ အိပ်မပျော်မှု ဆက်လက်ဖြစ်နေပါက နေ့ခင်းဘက်တွင် ပိုမိုမောပန်းကာ စိတ်ဓာတ်ကျလွယ်လာနိုင်သည်။

 

စိတ်ကျရောဂါရှိသူများတွင်လည်း အိပ်စက်မှုပြဿနာများ တွေ့ရတတ်သည်။ တချို့သူများသည် အိပ်မပျော်ခြင်း ဖြစ်ပြီး တချို့သူများသည် အိပ်ချိန်အလွန်များသော်လည်း လန်းဆန်းမှုမရှိခြင်း ဖြစ်နိုင်သည်။ ထို့ကြောင့် စိတ်ကျခြင်း၊ ဘဝကို စိတ်မဝင်စားတော့ခြင်း၊ အလွန်စိုးရိမ်ပူပန်ခြင်း၊ မျှော်လင့်ချက်မရှိသလို ခံစားရခြင်းတို့နှင့်အတူ အိပ်စက်မှု ပြဿနာများရှိပါက ကျန်းမာရေးဝန်ထမ်းနှင့် ဆွေးနွေးသင့်သည်။

 

 

နှလုံးနှင့် သွေးကြောကျန်းမာရေးအပေါ် သက်ရောက်မှု

အိပ်စက်နေချိန်သည် နှလုံးနှင့် သွေးကြောစနစ်အတွက် အနားယူချိန်ဖြစ်သည်။ အိပ်ရေးမဝခြင်း၊ အိပ်ချိန် မမှန်ခြင်း၊ ညအလုပ်ဆက်တိုက်လုပ်ရခြင်းတို့သည် သွေးပေါင်ချိန်နှင့် နှလုံးခုန်နှုန်းကို မတည်ငြိမ်စေနိုင်သည်။ ရေရှည်တွင် သွေးတိုးရောဂါ၊ နှလုံးသွေးကြောရောဂါ၊ နှလုံးသွေးကြောပိတ်ခြင်းနှင့် လေဖြတ်ခြင်းတို့ ဖြစ်နိုင်ခြေ တိုးလာနိုင်သည်။

 

သွေးတိုးရောဂါရှိသူများအတွက် အိပ်ရေးဝခြင်းသည် ပို၍အရေးကြီးသည်။ ဆေးမှန်မှန်သောက်ခြင်း၊ ဆားလျှော့စားခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းတို့အပြင် ညစဉ် အိပ်ရေးဝဝအိပ်ခြင်းသည်လည်း သွေးပေါင်ထိန်းချုပ်ရာတွင် အထောက်အကူပြုနိုင်သည်။ သို့သော် အိပ်ရေးမဝခြင်းကို ဆေးဝါးဖြင့်သာ ဖြေရှင်းရန်မဟုတ်ဘဲ အကြောင်းရင်းကို ရှာဖွေပြီး နေထိုင်မှုပုံစံကို ပြင်ဆင်ရန် လိုအပ်သည်။

 

 

ဆီးချိုရောဂါနှင့် ကိုယ်အလေးချိန်အပေါ် သက်ရောက်မှု

အိပ်ရေးမဝခြင်းသည် စားချင်စိတ်နှင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိသည့် ဟော်မုန်းများအပေါ် သက်ရောက်နိုင်သည်။ အိပ်ရေးမဝသူများသည် အချိုများသောအစားအစာ၊ အဆီများသောအစားအစာ၊ ဆားများသော အဆာပြေများကို ပိုစားချင်တတ်ကြသည်။ ထို့အပြင် မောပန်းနေသောကြောင့် လေ့ကျင့်ခန်းလုပ်ရန် စိတ်မပါခြင်း၊ လှုပ်ရှားမှုနည်းခြင်းတို့ ဖြစ်လာနိုင်သည်။

 

 

ထိုအခြေအနေများသည် ကိုယ်အလေးချိန်တိုးခြင်း၊ ဝမ်းဗိုက်အဆီများခြင်း၊ သွေးတွင်းသကြားဓာတ် ထိန်းချုပ်ရခက်ခြင်းနှင့် ဆီးချိုရောဂါဖြစ်နိုင်ခြေ မြင့်တက်ခြင်းတို့ကို ဖြစ်စေနိုင်သည်။ ဆီးချိုရောဂါရှိသူများတွင်လည်း အိပ်ရေးမဝခြင်းက သွေးချိုထိန်းချုပ်မှုကို ပိုမိုခက်ခဲစေနိုင်သည်။

 

ညနက်အထိ မအိပ်ဘဲ အဆာပြေစားသောက်ခြင်းသည်လည်း ကိုယ်အလေးချိန်တိုးစေသော အကြောင်းရင်း တစ်ခု ဖြစ်နိုင်သည်။ ထို့ကြောင့် ကိုယ်အလေးချိန်ထိန်းလိုသူများအနေဖြင့် အစားအသောက်လျှော့ချခြင်းနှင့် လေ့ကျင့်ခန်း လုပ်ခြင်း သာမက အိပ်ချိန်မှန်ကန်အောင်ထားခြင်းကိုလည်း အရေးကြီးစွာ ထည့်သွင်းစဉ်းစားသင့်သည်။

 

 

ကိုယ်ခံအားနှင့် ရောဂါကာကွယ်နိုင်စွမ်းအပေါ် သက်ရောက်မှု

 

အိပ်ရေးဝဝအိပ်ခြင်းသည် ကိုယ်ခံအားကောင်းမွန်စေရန် အထောက်အကူပြုသည်။ အိပ်စက်နေချိန်တွင် ခန္ဓာကိုယ်သည် ရောဂါပိုးများကို တုံ့ပြန်ရာတွင် လိုအပ်သော ကိုယ်ခံအားလုပ်ငန်းစဉ်များကို ပြန်လည်ညှိနှိုင်းပေးသည်။ အိပ်ရေးမဝသူများတွင် အအေးမိခြင်း၊ ချောင်းဆိုးခြင်း၊ ဖျားနာခြင်းများ ပိုဖြစ်လွယ်နိုင်သည်။

 

ဖျားနာနေချိန်၊ ခွဲစိတ်ကုသပြီးနောက်၊ အနာကျက်ရန်လိုအပ်နေချိန်တွင် အိပ်ရေးဝခြင်းသည် အလွန် အရေးကြီးသည်။ ဆေးဝါးမှန်မှန်သောက်ခြင်းနှင့် ဆရာဝန်ညွှန်ကြားချက်များကို လိုက်နာခြင်းတို့အပြင် လုံလောက်သော အနားယူမှုနှင့် အိပ်စက်မှုသည် ခန္ဓာကိုယ်ပြန်လည်ကောင်းမွန်ရန် အထောက်အကူဖြစ်စေသည်။

 

 

အစာခြေစနစ်နှင့် အခြားကိုယ်ခန္ဓာလက္ခဏာများ

 

အိပ်ရေးမဝခြင်းသည် အစာခြေစနစ်ကိုလည်း ထိခိုက်စေနိုင်သည်။ စိတ်ဖိစီးမှုနှင့် အိပ်ရေးမဝခြင်းတို့ကြောင့် အစာမကြေခြင်း၊ ရင်ပူခြင်း၊ အက်စစ်ပြန်တက်ခြင်း၊ ဗိုက်အောင့်ခြင်းတို့ ပိုမိုဖြစ်နိုင်သည်။ အထူးသဖြင့် ညနက်မှ အစာများများစားခြင်း၊ ကော်ဖီနှင့် အရက်သောက်ပြီး အိပ်ခြင်းတို့သည် အိပ်စက်မှုကိုလည်း ထိခိုက်စေပြီး အစာအိမ်နှင့် အစာကြောဆိုင်ရာလက္ခဏာများကိုလည်း ပိုဆိုးစေနိုင်သည်။

 

အိပ်ရေးမဝသူများတွင် ခေါင်းကိုက်ခြင်း၊ မျက်စိညောင်းခြင်း၊ လည်ပင်းနှင့် ပခုံးတင်းခြင်း၊ ခန္ဓာကိုယ် နာကျင်ကိုက်ခဲခြင်း တို့ကိုလည်း တွေ့ရနိုင်သည်။ ဤလက္ခဏာများသည် အခြားရောဂါများကြောင့်လည်း ဖြစ်နိုင်သဖြင့် မကြာခဏဖြစ်နေပါက မိမိကိုယ်တိုင်သာ ခန့်မှန်းမနေဘဲ ဆရာဝန်နှင့် ပြသသင့်သည်။

 

 

 

ယာဉ်မတော်တဆမှုနှင့် အလုပ်ခွင်အန္တရာယ်

 

အိပ်ရေးမဝခြင်းသည် ယာဉ်မောင်းသူများအတွက် အထူးအန္တရာယ်ရှိသည်။ ငိုက်မျဉ်းနေချိန်တွင် တုံ့ပြန်မှု နှေးကွေးခြင်း၊ လမ်းအခြေအနေကို သတိမထားမိခြင်း၊ ခဏတာမျက်စိမှိတ်သွားခြင်းတို့ ဖြစ်နိုင်သည်။ အထူးသဖြင့် ညအချိန်ခရီးဝေးမောင်းနှင်သူများ၊ အလုပ်ပင်ပန်းပြီးနောက် ကားမောင်းသူများ၊ အိပ်ရေးမဝဘဲ နံနက်စောစော မောင်းသူများသည် ပိုမိုသတိထားသင့်သည်။

 

ငိုက်မျဉ်းလာပါက ကော်ဖီတစ်ခွက်သောက်ရုံဖြင့် လုံလောက်သည်ဟု မယူဆသင့်ပါ။ လုံခြုံသောနေရာတွင် ရပ်နားအနားယူခြင်း၊ ယာဉ်မောင်းသူပြောင်းခြင်း၊ လိုအပ်ပါက ခရီးစဉ်ရွှေ့ဆိုင်းခြင်းတို့ကို ပြုလုပ်သင့်သည်။ စက်ရုံ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်၊ ဆေးရုံနှင့် စက်ပစ္စည်းအသုံးပြုရသော အလုပ်ခွင်များတွင်လည်း အိပ်ရေးမဝခြင်းကြောင့် အမှားနှင့် ထိခိုက်မှုများ ဖြစ်နိုင်သည်။

 

 

ကလေးများနှင့် ဆယ်ကျော်သက်များတွင် အိပ်ရေးမဝခြင်း

 

ကလေးများနှင့် ဆယ်ကျော်သက်များသည် ကြီးထွားဖွံ့ဖြိုးမှုအတွက် အိပ်ရေးဝဝအိပ်ရန် အလွန်လိုအပ်သည်။ သို့သော် ယနေ့ခေတ်တွင် ဖုန်း၊ ဂိမ်း၊ လူမှုကွန်ရက်၊ အွန်လိုင်းဗီဒီယိုများကို ညနက်အထိ အသုံးပြုခြင်းကြောင့် ကလေးများ၏ အိပ်ချိန်လျော့နည်းလာတတ်သည်။

 

အိပ်ရေးမဝသောကလေးတွင် စာသင်ခန်း၌ အာရုံမစိုက်နိုင်ခြင်း၊ စာမလိုက်နိုင်ခြင်း၊ စိတ်တိုလွယ်ခြင်း၊ အငြိမ်မနေနိုင်ခြင်း၊ မိဘစကားမနာခံခြင်း၊ မနက်ခင်းကျောင်းသွားရန်ခက်ခဲခြင်းတို့ ဖြစ်နိုင်သည်။ ထိုအခြေအနေကို ကလေးက စိတ်ဆိုးလွယ်တယ်ဟုသာ မယူဆဘဲ အိပ်ချိန်လုံလောက်မှုရှိမရှိကိုလည်း စစ်ဆေးသင့်သည်။

 

မိဘများအနေဖြင့် ကလေးများအတွက် အိပ်ရာဝင်ချိန်ကို ပုံမှန်သတ်မှတ်ပေးသင့်သည်။ အိပ်ရာဝင်မတိုင်မီ ဖုန်း၊ တီဗီ၊ ဂိမ်းအသုံးပြုမှုကို လျှော့ချစေသင့်သည်။ အိပ်ခန်းကို အလင်းမပြင်း၊ အသံမဆူ၊ အေးချမ်းသော ပတ်ဝန်းကျင် ဖြစ်အောင် စီစဉ်ပေးသင့်သည်။ ကလေးများကို နေ့ခင်းဘက် လှုပ်ရှားကစားခွင့်ပေးခြင်းကလည်း ညဘက်အိပ်စက်မှုကို ကူညီနိုင်သည်။

 

 

အသက်ကြီးသူများတွင် အိပ်စက်မှုပြဿနာ

 

 

အသက်ကြီးလာသည်နှင့်အမျှ အိပ်စက်မှုပုံစံ ပြောင်းလဲလာနိုင်သည်။ ညအတွင်း ခဏခဏနိုးခြင်း၊ နံနက် စောစောနိုးခြင်း၊ နေ့ခင်းဘက်ငိုက်ခြင်းတို့ကို တွေ့ရတတ်သည်။ သို့သော် အသက်ကြီးလာခြင်းကြောင့် အိပ်ရေးမဝခြင်းကို သာမန်အဖြစ် မယူဆသင့်ပါ။

 

 

အသက်ကြီးသူများတွင် ဆီးခဏခဏသွားခြင်း၊ အဆစ်နာခြင်း၊ ခါးနာခြင်း၊ အသက်ရှူလမ်းကြောင်း ပြဿနာများ၊ စိတ်ဖိစီးမှု၊ ဆေးဝါးအချို့၏ ဘေးထွက်ဆိုးကျိုးများကြောင့် အိပ်မပျော်နိုင်သည်။ ထို့ကြောင့် အိပ်ရေးမဝခြင်းသည် ကြာရှည်နေပါက ဆေးဝါးများ၊ ရောဂါအခြေအနေများနှင့် နေထိုင်မှုပုံစံတို့ကို ဆရာဝန်နှင့် ဆွေးနွေး သင့်သည်။

 

 

အိပ်ရေးမဝစေသော အကြောင်းရင်းများ

 

အိပ်ရေးမဝစေသော အကြောင်းရင်းများစွာရှိသည်။ အလုပ်ဖိစီးမှု၊ မိသားစုအခက်အခဲ၊ ငွေကြေးစိုးရိမ်မှု၊ စာမေးပွဲဖိအား၊ နေ့စဉ်အိပ်ချိန်မမှန်ခြင်းတို့သည် အများဆုံးတွေ့ရသောအကြောင်းရင်းများ ဖြစ်သည်။

ညအိပ်ရာဝင်မတိုင်မီ ဖုန်းကြည့်ခြင်း၊ လူမှုကွန်ရက်အသုံးပြုခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ ဂိမ်းကစားခြင်းတို့သည် ဦးနှောက်ကို နိုးကြားနေစေပြီး အိပ်ပျော်ရန်ခက်ခဲစေနိုင်သည်။ ကော်ဖီ၊ လက်ဖက်ရည်၊ energy drink၊ ဆေးလိပ်နှင့် အရက်တို့သည်လည်း အိပ်စက်မှုအရည်အသွေးကို ထိခိုက်စေနိုင်သည်။

ထို့အပြင် ဟောက်သံကြီးခြင်းနှင့် အိပ်နေစဉ် အသက်ရှူရပ်ရပ်ဖြစ်ခြင်း၊ ခြေထောက်မငြိမ်ခြင်း၊ နာကျင်မှု၊ အစာအိမ်အက်စစ်ပြန်တက်ခြင်း၊ စိတ်ကျန်းမာရေးပြဿနာများ၊ သိုင်းရွိုက်ရောဂါ၊ ဆေးဝါးအချို့၏ ဘေးထွက် ဆိုးကျိုးများကြောင့်လည်း အိပ်စက်မှုပြဿနာများ ဖြစ်နိုင်သည်။

 

 

အိပ်ရေးဝဝအိပ်နိုင်ရန် လိုက်နာသင့်သော နည်းလမ်းများ

 

အိပ်ရေးကောင်းစေရန် အရေးကြီးဆုံးအချက်မှာ နေ့စဉ် အိပ်ချိန်နှင့် နိုးချိန်ကို တတ်နိုင်သမျှ တူညီအောင် ထားခြင်း ဖြစ်သည်။ အားလပ်ရက်များတွင်ပင် ညအလွန်နောက်ကျမှအိပ်ခြင်း၊ နေ့လယ်ကျော်မှထခြင်းတို့ကို မကြာခဏ မပြုလုပ်သင့်ပါ။

အိပ်ရာဝင်မတိုင်မီ တစ်နာရီခန့်အလိုတွင် ဖုန်း၊ ကွန်ပျူတာ၊ တီဗီအသုံးပြုမှုကို လျှော့ချသင့်သည်။ အိပ်ခန်းကို မှောင်မိုက်၊ အေးချမ်း၊ သန့်ရှင်းပြီး အသံဆူညံမှုနည်းသောနေရာဖြစ်အောင် စီစဉ်သင့်သည်။ အိပ်ရာကို အိပ်စက်ရန်အတွက် အဓိကအသုံးပြုသင့်ပြီး အိပ်ရာပေါ်တွင် အလုပ်လုပ်ခြင်း၊ ဖုန်းကြည့်ခြင်း၊ အစာစားခြင်းတို့ကို အလေ့အထမလုပ်သင့်ပါ။

ညနေပိုင်းနှင့် ညဘက်တွင် ကော်ဖီ၊ လက်ဖက်ရည်၊ energy drink များကို လျှော့သင့်သည်။ အရက်သောက်လျှင် အိပ်ပျော်လွယ်သလို ခံစားရနိုင်သော်လည်း အိပ်စက်မှုအရည်အသွေးကို ပျက်စီးစေနိုင်သောကြောင့် အိပ်ဆေးအဖြစ် မယူဆသင့်ပါ။ ညစာကိုလည်း အလွန်နောက်ကျမှ အများကြီးမစားသင့်ပါ။

နေ့စဉ် ကိုယ်လက်လှုပ်ရှားမှုနှင့် လေ့ကျင့်ခန်းလုပ်ခြင်းသည် အိပ်စက်မှုကို ကူညီနိုင်သည်။ သို့သော် အိပ်ရာဝင်ခါနီးတွင် ပြင်းထန်သောလေ့ကျင့်ခန်းလုပ်ခြင်းက တချို့သူများတွင် ဦးနှောက်နိုးကြားမှုကို တိုးစေနိုင်သော ကြောင့် မိမိနှင့်ကိုက်ညီသည့်အချိန်ကို ရွေးချယ်သင့်သည်။

စိတ်ဖိစီးမှုများသူများသည် အိပ်ရာမဝင်မီ အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်း၊ တရားထိုင်ခြင်း၊ စာအနည်းငယ် ဖတ်ခြင်း၊ နူးညံ့သောတေးသီချင်းနားထောင်ခြင်း၊ နောက်နေ့လုပ်ရမည့်အလုပ်များကို စာရင်းရေးထားခြင်းတို့ဖြင့် စိတ်ကို ဖြေလျှော့နိုင်သည်။4

 

 

အိပ်ဆေးကို ကိုယ့်သဘောနှင့် မသုံးသင့်

အိပ်မပျော်သောအခါ အိပ်ဆေးသောက်လိုစိတ် ဖြစ်တတ်သည်။ သို့သော် အိပ်ဆေးများကို ကိုယ့်သဘောနှင့် ဝယ်ယူသောက်သုံးခြင်း၊ နေ့စဉ်ရေရှည်သောက်သုံးခြင်းသည် မသင့်တော်ပါ။ အချို့အိပ်ဆေးများသည် နေ့ခင်းဘက် ငိုက်ခြင်း၊ မူးဝေခြင်း၊ မှတ်ဉာဏ်ထိခိုက်ခြင်း၊ လဲကျနိုင်ခြေတိုးခြင်းနှင့် ဆေးမှီခိုမှု ဖြစ်စေနိုင်သည်။

 

အိပ်ရေးမဝခြင်း၏ အကြောင်းရင်းကို ရှာဖွေခြင်းက ပိုအရေးကြီးသည်။ စိတ်ဖိစီးမှုကြောင့်လား၊ ကော်ဖီသောက်မှုကြောင့်လား၊ အိပ်နေစဉ် အသက်ရှူရပ်ရပ်ဖြစ်ခြင်းကြောင့်လား၊ နာကျင်မှု သို့မဟုတ် အခြားရောဂါ တစ်ခုကြောင့်လားဆိုသည်ကို စစ်ဆေးပြီး သင့်တော်သောကုသမှုကို ခံယူသင့်သည်။

 

ဘယ်အချိန်တွင် ဆရာဝန်နှင့် ပြသသင့်သနည်း

 

အိပ်မပျော်ခြင်း သို့မဟုတ် အိပ်ရေးမဝခြင်းသည် ရက်အနည်းငယ်သာဖြစ်ပါက နေထိုင်မှုပုံစံပြင်ဆင်ခြင်းဖြင့် သက်သာနိုင်သည်။ သို့သော် အောက်ပါအခြေအနေများရှိပါက ဆရာဝန်နှင့် ပြသသင့်သည်။

 

အိပ်မပျော်ခြင်း သို့မဟုတ် အိပ်ရေးမဝခြင်းသည် သုံးပတ်ကျော် ဆက်တိုက်ဖြစ်နေခြင်း၊ နေ့ခင်းဘက် အလွန် ငိုက်မျဉ်း၍ အလုပ်၊ စာသင်မှု၊ ယာဉ်မောင်းခြင်းကို ထိခိုက်နေခြင်း၊ ဟောက်သံကြီးပြီး အိပ်နေစဉ် အသက်ရှူရပ်သလို ဖြစ်ခြင်း၊ နံနက်တိုင်း ခေါင်းကိုက်ခြင်း၊ စိတ်ကျခြင်း သို့မဟုတ် စိုးရိမ်ပူပန်မှုများခြင်း၊ အိပ်ဆေးကို မကြာခဏ လိုအပ်နေခြင်းတို့ ဖြစ်ပါက အချိန်မဆွဲဘဲ ဆေးဘက်ဆိုင်ရာ အကြံဉာဏ်ရယူသင့်သည်။

 

အထူးသဖြင့် ယာဉ်မောင်းနေစဉ် ငိုက်မျဉ်းခြင်း၊ အလုပ်ခွင်တွင် အာရုံလွတ်ပြီး မတော်တဆဖြစ်လုနီးပါး ကြုံရခြင်းတို့ရှိပါက အိပ်ရေးမဝခြင်းကို သာမန်အဖြစ် မယူဆသင့်ပါ။

 

 

အိပ်ရေးဝဝအိပ်ခြင်း

အိပ်ရေးဝအောင် အိပ်ခြင်းသည် ဇိမ်ခံမှုမဟုတ်ဘဲ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သော အခြေခံ လိုအပ်ချက်တစ်ခု ဖြစ်သည်။ အစားအသောက်မှန်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ ဆေးလိပ်နှင့် အရက်ရှောင်ခြင်းတို့ကဲ့သို့ပင် အိပ်ရေးဝဝအိပ်ခြင်းသည်လည်း ကျန်းမာသောဘဝတည်ဆောက်ရာတွင် အရေးကြီးသည်။

 

အိပ်ရေးမဝခြင်းသည် ခဏတာမောပန်းခြင်းသာမက ဦးနှောက်နှင့် မှတ်ဉာဏ်၊ စိတ်ကျန်းမာရေး၊ ကိုယ်ခံအား၊ နှလုံးသွေးကြော၊ သွေးချိုနှင့် ကိုယ်အလေးချိန်အထိ တိတ်တဆိတ်ထိခိုက်စေနိုင်သည်။ ထို့ကြောင့် ညစဉ်အိပ်ချိန်ကို တန်ဖိုးထားခြင်း၊ ဖုန်းနှင့် အီလက်ထရွန်နစ်ပစ္စည်းအသုံးပြုမှုကို ထိန်းချုပ်ခြင်း၊ အိပ်ချိန်မှန်ကန်အောင်ထားခြင်းနှင့် လိုအပ်ပါက ဆရာဝန်နှင့် ပြသခြင်းတို့ကို လုပ်ဆောင်သင့်သည်။

 

ကောင်းမွန်သောအိပ်စက်မှုသည် နောက်နေ့အတွက် လန်းဆန်းမှုကိုသာ ပေးစွမ်းခြင်းမဟုတ်ဘဲ မိမိ၏ ရေရှည်ကျန်းမာရေး၊ စိတ်ချမ်းသာမှု၊ မိသားစုဘဝနှင့် အလုပ်အကိုင်အောင်မြင်မှုတို့အတွက်ပါ အရေးပါသော ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်သည်။

 

ကိုးကားစာရင်း

  1. World Health Organization – Sleep and health resources
  2. Centers for Disease Control and Prevention – Sleep and Sleep Disorders
  3. National Heart, Lung, and Blood Institute – Sleep Deprivation and Deficiency
  4. National Institute of Neurological Disorders and Stroke – Brain Basics: Understanding Sleep
  5. American Academy of Sleep Medicine

မန္တလာ ဆရာမျိုး

 

မန္တလာ ဆရာမျိုးဟာ ဆေးတက္ကသိုလ်(မန္တလေး)  ပါမောက္ခချုပ် ဒေါက်တာမျိုးသက်တင်ဖြစ်ပါတယ်။

 

 

Related posts

Leave a Comment

VOM News

FREE
VIEW