ဆူးငှက်
မပန်းခက်နှင့် မုံရွာ ဘုတလင်ခရီး
————————————-
ကျွန်တော်လည်း အိမ်သို့ပြန်ရောက်သည်နှင့် ကိစ္စများမြောင် လူတို့ဘောင်၏ အပူလုံးတွေက ထုံးစံအတိုင်း ရိုက်ခတ်ဆဲ ဖြစ်သည်။ သို့သော် အရင်ကလို ဝမ်းနည်းစိတ် အားငယ်စိတ်ခြင်း ယူကြုံးမရ အပူလုံးမကြွတော့။ ဘာဖြစ်သင့်ပြီလဲ၊ အဲ့ဒီဖြစ်သင့်သည်ကို လက်ခံလျှင် ဖြစ်ချိန်တန်ပြီလား ဆိုသည်ကို ညစဉ် အိပ်ရာထဲ နဖူးပေါ် လက်တင်ကာ စဉ်းစားနေရလို့ အိပ်ရေးပျက်ပေါင်းများပြီ။ ထိုစဉ်ကာလ ဂျပန်နိုင်ငံ၏ နွေဦးရာသီရောက်တိုင်း မြန်မာနိုင်ငံသို့ တစ်ခေါက်တစ်ကြော့ လာတတ်သည့် ဂျပန်နိုင်ငံသူ မြန်မာစာသုတေသီ မပန်းခက်က မန္တလေးရောက်ခိုက် အိမ်သို့ အလည်ရောက်လာသည်။ သူက ကျွန်တော့်ကို မြင်လိုက်သည်နှင့် “ဆရာ ဆူးငှက် နေထိုင်မကောင်းဘူးလား” ဟု မျက်ရိပ်မျက်ကဲကြည့်ပြီး ချက်ချင်း မေးသည်။
ထို့နောက် စကားစမည်ပြောပြီး ကျွန်တော်တို့ ဇနီးမောင်နှံနှင့် တွဲ၍ ဓာတ်ပုံရိုက်သည်။ နောက်ရက်တွင် သူနှင့် မုံရွာ ဘုတလင် ညောင်ကန် နှင့် မောင်းထောင်ရွာများသို့ အတူလိုက်ပါရမည့် ခရီးစဉ်ကို ညှိနှုင်းပြင်ဆင်ကြသည်။ သူက ဒီတစ်ခေါက်တွင် ဆရာသိန်းဖေမြင့်နှင့် ပတ်သက်သော နေရာဒေသတွေဆီ သွားရောက်လေ့လာကာ ဆရာသိန်းဖေမြင့်၏ ဆွေမျိုးများနှင့်လည်း တွေ့ဆုံမေးမြန်းဖို့ ဖြစ်သည်။ ထို့ကြောင့် မုံရွာက ဆရာအံ့မောင်နှင့် မောင်းထောင်ရွာသား ဆရာမုံရွာ ဦးစန်းမောင်တို့နှင့်လည်း ချိတ်ဆက်ထား ပြီးပါပြီ။ သည်လိုနှင့် နောက်ရက်မှာ ဆရာမ မပန်းခက်နှင့်အတူ မုံရွာသို့ ရန်ကုန်ကတည်းက ဆရာမနှင့် ပါလာသည့် ကားတစ်စီးနှင့် ခရီးဆက်ကြပါသည်။
ခရီးစဉ်တလျှောက်ရော၊ မုံရွာမှာရော၊ ဘုတလင်မှာရော၊ ညောင်ကန်မှာရော၊ မောင်းထောင်မှာရော အပြန် တွင်းတောင်မှာရော ဆရာအံ့မောင်၊ ဆရာမုံရွာဦးစန်းမောင်၊ ဂျပန်က မြန်မာစာပါမောက္ခ ဆရာမမပန်းခက်နှင့် စာအကြောင်း ပေအကြောင်း၊ သမိုင်းအကြောင်း၊ စာရေးဆရာကြီးများအကြောင်း၊ ဒေသန္တရဗဟုသုတများအကြောင်းများ ကို ဆူးငှက် ဟူသည့် ကလောင်ပေါက်စလေးနှင့် တန်းတူရည်တူ တန်ဖိုးထား ပြောဆိုဆွေးနွေးကြတာ ကျွန်တော်ကလည်း လိုက်ပါ ဆွေးနွေး နိုင်တာတွေကို မန္တလေးအပြန် မပန်းခက်၏ ကားပေါ်ထိုင်လိုက်ရင်း တွေးမိတော့ ကြည်နူး ဂုဏ်ယူရပါသည်။ သည်လိုနှင့် နေ့ချင်းပြန်သွားသည့် ထိုခရီးက မန္တလေးပြန်ရောက်တော့ အတော် ညာဉ့်နက် နေပါပြီ။ ရောက်သည်နှင့် ကိုယ်လက်သန့်စင်ပြီး အိပ်ရာဝင်သောအခါ ပီတိစိတ်ဖြင့် နှစ်ချိုက်စွာ အိပ်ပျော် သွားတော့၏။ အိပ်မက်ထဲမှာပင် ငါဟဲ့ ဆူးငှက် တဲ့။ မော်လို့ကြွားလို့။ သို့သော်..
ပြောရမှာ အားနာလို့တဲ့
————————–
မနက်လင်းတော့ မတွေ့တာကြာနေသည့် စာရေးဆရာအပေါင်းအသင်းများနှင့် တွေ့ဆုံဖို့ အောင်တော်မူရပ်ရှိ ဦးမျိုးခင်ခြံသို့ ရောက်ဖြစ်သည်။ ပျော်ရွှင်စွာ တွေ့ဆုံ စကားပြောဖြစ်ကြသည်။ ထိုသို့ ပြောဆိုနေကြရင်း မနေ့က ကျွန်တော် အိမ်မှာ မရှိခိုက် အိမ်သို့ရောက်သွားသည့် မိုးကုတ်သား လုပ်ငန်းရှင်တစ်ယောက်နှင့် အဖော်လိုက်ပါသူ တစ်ယောက်က ကျွန်တော့်ကို စကားတစ်ခွန်း ခပ်တိုးတိုးလာပြောသည်။ သူက ကျွန်တော်နှင့်ရင်းနှီးခဲ့တာ ကြာပါပြီ။ ကျွန်တော်တို့ကလည်း သူ့ကို အစ်ကိုကြီးလို ဦးလေးလို အားကိုးတိုင်ပင်ဖက် ဖြစ်သည်။
သူက ထိုစကားကို ပြောသင့်မပြောသင့် အတော်ချင့်ချိန် ခဲ့ပုံရသည်။ ထို့ပြင် ထိုစကားကို ကျွန်တော့်ထံ ပြန်ပြောသင့် မပြောသင့်ကိုလည်း ယခု အနားမှာရှိနေသည့် ဦးမျိုးခင်အပါအဝင် စာရေးဆရာများနှင့်လည်း တိုင်ပင်ပြီး ပြန်ပြောပြလိုက်ပါဟု သဘောတူညီမှု ရခဲ့လို့ ဖြစ်မည်။ ကျွန်တော့် အနီးသို့ သူရောက်လာသည်နှင့် လွတ်လပ်စွာ ပြောဆိုနိုင်ရန် သူနှင့် ကျွန်တော် ၂ယောက်အပြင် ဘယ်သူမှ မရှိကြတော့၊ မသိမသာ ရှောင်သွားကြသည်။
ဆရာဆူးငှက် အိမ်လား
—————————
သူက မိုးကုတ်က လုပ်ငန်းရှင်တစ်ယောက်က လုပ်ငန်းကိစ္စတစ်ခုအတွက် ကိုဆူးငှက်ကို မေးမြန်းဖို့ အိမ်သို့သွားလိုသောကြောင့် သူကလိုက်ပို့ရကြောင်း၊ သူကလည်း ကျွန်တော့်အိမ်ကို ဇဝေဇဝါဖြစ်နေလို့ အိမ်ရှေ့တွင် ထိုင်နေသူတစ်ဦးကို ဒီအိမ်က စာရေးဆရာဆူးငှက် အိမ်လားဗျ ဟု မေးလိုက်မိကြောင်း။ ထိုစဉ်….
ကျွန်တော့်က ဆက်ပြောပြနေသည့် သူ့စကားတွေ ကြားနေရသော်လည်း မျက်စေ့ထဲမှာ ပုံရပ်တွေကို တဖျပ်ဖျပ် မြင်နေမိသည်။ တကယ်ဆို ထိုပုံရိပ်များက ဝမ်းနည်းမျက်ရည်ကြောင့် ဝေဝါးနေလိမ့်မည်။ အခုတော့ ထိုသို့ မဟုတ်၊ ပုံရိပ်တွေက ပီပြင်နေသည်။ တုန်ခြင်းမှုန်ခြင်းမရှိ၊ ဂန္ထဝင် အိစမင်းကာလာ မဖြစ်ရုံပဲရှိမည်။ အသံတွေပါ ပီပြင်စွာ ကြားယောင်နေမိသည်။ ဒီအသံ ဒီမြင်ကွင်းတွေကို မြင်ယောင်မိတော့ ကျွန်တော့် မိတ်ဆွေများ ကြိုတင်ပူပန်သလို ဝမ်းမနည်းပါ၊ မျက်ရည်မဝိုင်းပါ၊ မျက်ရည်တွေတွေ မကျပါ။ မကျသည့်အပြင် ပြုံး၍ပင် နားထောင်ရင်း စိတ်ထဲက ဆုံးဖြတ်ချက်တစ်ခု ချဖို့ သေချာ ပြင်ဆင်နေရသည်။ ထိုအဖြေရဖို့ ပေးထားချက်ရပြီ။ ခိုင်ခံ့စေဖို့ ဆောက်လုပ်ချက်တွေ ရှာရတာပေါ့။
ကျွန်တော်သည် တဖက်က သူပြောတာ နားထောင်ရင်း၊ တစ်ဖက်က အဖြေရှာရင်း၊ တစ်ဖက်က အခြေအနေ တစ်ရပ်အပေါ် ဆင်ခြင်နေမိသည်။ ကိုင်း.. ဘယ့်နှယ်လဲ၊ အမောင် ဆူးငှက်၊ မနေ့ကတော့ ဂျပန်ပညာရှင်တွေ မြန်မာပညာရှင်ကြီးတွေနှင့် အိပ်မက်ထဲထိ ငါဟဲ့ ဆူးငှက် ဆို၊ လက်ခမောင်း တဖြောင်းဖြောင်းခတ်လို့၊ အခုတော့..၊
ဘဝ၏ ကျေးဇူးရှင်များ
————————-
ကျွန်တော့ဘဝမှာ ပေးကမ်းသည့် လက်မဖြစ်ခဲ့၊ ခံယူခဲ့သည့် လက်ချည်း ဖြစ်ခဲ့သည်။ တစ်ခုတော့ ရှိသည်။ ခံယူသည့် လက်ပေမယ့် ညှိုးငယ်စွာ တစာစာ တငြီးတငြူငြူနှင့် တောင်းခံတောင်းစားသည့် လက်တော့ မဟုတ်တာ သေချာသည်။ ထိုသို့ ခံယူခဲ့သည့် လက်မို့ အရပ်ရှစ်မျက်နှာမှာ ကျေးဇူးရှင်ချည်း ဖြစ်နေတော့သည်။ ထိုသို့သော ကျေးဇူးရှင်များတွင် တချို့က သူတို့ကျေးဇူးအပေါ် စကြာဝဠာမြေထု ပမာပြု၍ လက်မထောင်ကာ လူထူထူရှိတိုင်း ဂုဏ်ယူပြီး ခံယူရသည့်သူအပေါ် အခါအခွင့် သင့်သည်နှင့် လက်ညှိုးထိုး ပြစ်တင်ရှုံ့ချ ဂုဏ်မောက်ပြသူတွေ ရှိသည်။
ဘာအရည်အချင်းရှိလို့လဲ
—————————
သူတို့နှင့် ကြုံရလေတိုင်း ကျွန်တော်၏ စာပေမိခင် ဒေါ်ဒေါ်လူထုဒေါ်အမာကို အကြိမ်ကြိမ် ဦးချမိသည်။ ဒေါ်ဒေါ့်မှာ ထိုသို့သော လုပ်ရပ်မျိုး စိုးစဉ်းမျှပင် မရှိသည့်အပြင် ထိုသို့သော စိတ်မျိုးလည်း မြူမှုန်မျှပင်မရှိခဲ့။ ထိုသို့ စိတ်မျိုး ထားလိုက်ရမလားဟူသော စိတ်ကူးမျှပင် တစ်စက်တစ်မှုန်ပင် မရှိခဲ့ပေ။ ကျွန်တော်သည် ကျေးဇူးရှင်တွေ ပတ်လည် ဝိုင်းနေတော့ သူတိုနှင့် မျက်နှာချင်းဆိုင်ရလေတိုင်း ပါးညောင်းအောင်ပြုံးရ အကြောသေလုအောင် ခါးကိုင်းရ စိတ်မပါဘဲ သူတို့ကြိုက်သည်များ လိုက်ကြိုက်လိုက်ရ၊ သူတို့ မုန်းတီး မနှစ်သက်သည့်အရာ မုန်းတီး မနှစ်သက်လိုက်ရ။ ထိုသို့ မလွတ်မလပ်နေခဲ့ရတာ ကြာပြီလေ။ လွတ်ချင်ပြီ။
ကျွန်တော်က ဘေးမှာ ထိုင်ရင်း ပြောပြနေသူ၏ စကားသံကို နားထောင်ရင်း မြင်ကွင်းတွေက ပီပြင်နေသည်။ ထိုအထဲက ဇာတ်၏ အထွတ်အထိတ် စကားလုံးတွေကို အခုထိ မှတ်မိနေပါ၏။
“ဆူးငှက်လား၊ မသိဘူး ကျော်ဆန်းပါ။ သူ့မှာ ဘာအိမ်ပိုင်မှမရှိဘူး၊ မြင်တဲ့အတိုင်း စာအုပ်လေးတွေ ငှားစားနေရပြီး ဘာအကြံဉာဏ် ဘာအရည်အချင်းမှ မရှိပါဘူး။ အခုတောင် ဒေါ်အမာနဲ့ ဦးမျိုးခင် ရှိနေလို့ ထမင်းစားနေရတာ၊ သူ့အရည်အချင်းနဲ့ဆို ထမင်းတောင် နပ်မမှန်တာ၊ ဘာအိမ် ဘာတိုက်မှ မပိုင်ဘူး၊ ဆူးငှက်အိမ် ဆူးငှက်တိုက် မရှိဘူး” တဲ့။ ကောင်းလိုက်တဲ့ ဇာတ်ဝင် ဒိုင်ယာလော့။ ကျွန်တော် အင်အားတွေ အများကြီးရသည့် စံပြု ဒိုင်ယာလော့။ ဒီစကားလောက် နှင့် ဘယ့်နှယ် မျက်ရည်ဝဲမလဲ၊ ရွှေကျောင်းပြောင်ပြောင်ဝမ်းခေါင်ခေါင်ဘဝနှင့် မိန်းမောတွေဝေနေသည့် ကျွန်တော့်ကို ခပ်ပြင်းပြင်း ရိုက်နှက်ပုတ်နှိုးလိုက်သည့် စကားလုံးမို့ ကျေးဇူးတင်လွန်း သောကြောင့် ယခုထိ သတိရတိုင်း အကြိမ်ကြိမ် ကန်တော့မိပါ၏။
ကိုယ့် စဉ်းစားမှု နှင့် ကိုယ့်ဆုံးဖြတ်ချက်
———————————————
ကျွန်တော်သည် အတော်များများ ဆုံးဖြတ်ချက်များကို ဘယ်သူ့မှ မတိုင်ပင်ဘဲ မိမိတစ်သဘော ဆန္ဒနှင့်ချည်း ဆုံးဖြတ်ခဲ့သည်။ သို့သော် ထိုဆုံးဖြတ်ချက်များကို မစဉ်းစားမဆင်ခြင်ဘဲ စိတ်လိုက်မာန်ပါ (သို့မဟုတ်) ဟောဟောဒိုင်းဒိုင်း ဆုံးဖြတ်သည်တော့ မဟုတ်ပေ။ မဆုံးဖြတ်မီ တစ်ကိုယ်တည်း ကျိတ်၍ တွေးတောဆင်ခြင်နေခြင်းတော့ရှိပါသည်။ ဥပမာ – အိမ်ထောင်ပြုမည်ဟု ဆုံးဖြတ်စဉ်ကလည်း လူပျိုဘဝ မိမိနှင့် အိပ်ချိန်မှပင်ခွဲသော တစ်ခါတရံ သူ့အိမ်သို့ပင် နေ့ရောညပါ အတူတွဲခဲ့သော သူငယ်ချင်း သန်းလွင်ကိုပင် မတိုင်ပင်ခဲ့။ အလားတူ အိမ်ထောင်ကျ၍ သားတွေထွန်းကားကာ လှူမည် ဆိုတော့လည်း မိသားစုကို မတိုင်ပင်၊ ခင်သော်ဇင့်ကိုပင် အသိမပေးဘဲ တောင်လေးလုံး ဆရာတော် ဦးပညာထံ သွားရောက်လျှောက်ထားကာ မိမိသဘောနှင့် စီစဉ် လှူဒါန်းခဲ့သည်။
အခုလည်း ထိုညက ညအိပ်ရာဝင်တိုင်း ကျွန်တော်တစ်ဦးတည်း နဖူးပေါ်လက်တင်ကာ အိပ်မပျော်လောက် သည့် ကိစ္စတစ်ခုနှင့် ပတ်သက်၍ ညပေါင်းများစွာ စဉ်းစားခဲ့သည်များကို ချက်ချင်း ဆုံးဖြတ်လိုက်သည်။ ထိုသို့ ဆုံးဖြတ်မည်ဟု ဆိုသည်ကို ခင်သော်ဇင့် ကိုပင် အသိမပေးခဲ့။ သို့သော် ထိုစဉ်က အသက်၉၀နား ကပ်နေသော မိခင်ကြီးကိုတော့ ချက်ချင်းပြောကာ မိခင်ကြီးကလည်း အားတက်သရောနှင့် ချက်ချင်းသဘောတူလို့ ဆုံးဖြတ်၍ ချက်ချင်း အကောင်အထည် ဖော်လိုက်ခြင်း ဖြစ်သည်။ စာအုပ်ဆိုင်ကလည်း အဖြစ်သာဖွင့်နိုင်သည်မို့ သြဂုတ်လ၏ ည ဂနာရီပေမင့် စာအုပ်ငှားသူက တစ်ယောက်တစ်လေပင် မရှိတော့။ ထို့ကြောင့် ခင်သော်ဇင့်ကို အိမ်ဝင်းတံခါးပိတ်ခိုင်းလိုက်သည်။ ၁၂နှစ်အရွယ်ခန့်ရှိ သားကြီးကို သူ့ BMX ဘီးလေးနှင့် ၂၈လမ်း ရွှေလဝန်းစတိုးက ကြွပ်ကြွပ်အိတ်ကြိုးခွေကြီး တစ်ခွေ ဝယ်ခိုင်းလိုက်သည်။
ဒို့ စာအုပ်တွေ သိမ်းကြစို့ သားရေ
————————————
ထိုကြိုးခွေရသည်နှင့် ကျွန်တော်က စာအုပ်စင်တွေပေါ်က စာအုပ်တွေကို ချကာ တစ်နိုင်စာ ကြိုးဖြင့်စည်းသည်။ ခင်သော်ဇင်က အိမ်အပေါ်ထပ် အခန်းထဲက အဝတ်အစားတွေ ထုပ်ပိုးသည်။ သားအကြီးက စင်ပေါ်က စာအုပ်တွေ နိုင်သလောက် ကူချပေးသည်။ ၉နှစ်အရွယ် သားငယ်လေးက အနားမှာ ဘာမသိညာမသိ ခပ်ကြောင်ကြောင်နှင့် ထိုင်နေသည်။ ခဏနေတော့ အိပ်ချင်သောကြောင့် စာအုပ်စည်းတွေ ဘေးမှာပဲ ခွေခွေလေး အိပ်ပျော်သွားသည်။ စာအုပ်တွေ ချပေး၊ ကျွန်တော်ခိုင်းတာ ယူပေးနေသော သားအကြီးကလည်း သန်းခေါင်ကျော် နာရီပြန် ၁ချက်ထိုးတော့ သူ့ညီနဘေး ဝင်အိပ်သွားပြီ။ သည်လိုနှင့် နံနက်လင်းအားကြီးမှာ ဆိုင်ထဲက စာအုပ်တွေ ကျွန်တော့် စာအုပ်နှင့် ပစ္စည်းပစ္စယတွေ အားလုံး သိမ်းဆည်း ထုပ်ပိုးပြီးပါပြီ။
ခင်သော်ဇင်ကလည်း အဝတ်အစား အိပ်ရာ အိပ်ရာခင်းတွေ သိမ်းဆည်း ထုပ်ပိုးပြီးပါပြီ။ မိုးစင်စင်လင်းသည်နှင့် ကျွန်တော်က တစ်ရပ်ကွက်ထဲတွင် ရွာနေပြည်ထိုင် နေထိုင်ကာ ကိုယ့်ကို အစ်ကို တစ်ယောက်လို စောင့်ရှောက်သည့် ဆရာစိုးနိုင်(မန္တလေးတက္ကသိုလ်) ထံ သွားသည်။ ဆရာက အစောကြီးနိုးကာ ဘုရားဝတ်ပြုပြီးလို့ ကျွန်တော့် အသံကြားသည်နှင့် အိမ်ပေါ်က ဆင်းလာသည်။ ဆရာ့ကို အကျိုးအကြောင်း ပြောပြပြီး စာအုပ်တွေ ခေတ္တခဏ ထားခဲ့ပါရစေဟု ခွင့်တောင်းတော့ ဆရာက လိုလိုလားလား လက်ခံကာ သူ့အိမ်အပေါ်ထပ်သို့ ခေါ်ပြပြီး နေရာကျယ်ဝန်းကြောင်း အားနာရန်မလိုကြောင်း ပြောသည်။
ထို့နောက် ကျွန်တော်က မင်္ဂလာလမ်းဘက် စက်ဘီးလေးနှင့် ပတ်ပြီး PCO တယ်လီဖုန်းရှိမည့် စတိုးဆိုင် တစ်ဆိုင်ရှာပြီး ကိုညိုထွန်းလူထံ ဖုန်းဆက် အကျိုးအကြောင်း ပြောတော့ ခဏနေ ပိတောက်မင်းခြံကို လာခဲ့မယ်၊ စောင့်နေပါဟု အကြောင်း ပြန်သည်။ ဘာလိုလိုနှင့် ၈နာရီကျော်ပြီ။ ကျွန်တော်လည်း တစ်ညလုံး တစ်မှေးမျှ မအိပ်ရသည့် အပြင် မနေ့ညကလည်း ထမင်းမစားဖြစ်သောကြောင့် ၂၇လမ်းက နဂါးနီကဖေးဝင်ပြီး လက်ဖက်ရည်နှင့် ထပ်တရာစားပြီး အမေနှင့် မိသားစုအတွက် လက်ဖက်ရညနှင့် အီကြာကွေးများ ဝယ်ကာ အိမ်သို့ ပြန်သည်။ ကလေးတွေက သူ့အဖွားအိပ်ရာမှာ ဝင်အိပ်နေပြီ။ အထုပ်အပိုးတွေ ပြင်ဆင်နေသော ခင်သော်ဇင့်ကို အားလုံးပြီးစီးလျှင် အထုပ်အပိုးများ အိမ်အောက်က ကွပ်ပျစ်ပေါ် စုထားဖို့မှာကာ လက်ဖက်ရည်တွေ မုန့်တွေပေးသည်။ အမေနှင့် ကလေးတွေ နိုးလျှင် သေချာ ကျွေးဖို့ မှာရင်း စက်ဘီးလေးနှင့် ပြန်ထွက်ခဲ့၏။ အိပ်ရေးပျက်တာ များနေသောကြောင့် ရင်ထဲမှာက တလှပ်လှပ်။
လူစုံတက်စုံ ဆုံကြ၊ ခေါင်းချင်းဆိုင်ကြ
—————————————–
မနက် ၉နာရီလောက်မှာပဲ၊ ပိတောက်မင်းမှာ လူစုံပြီ။ ကိုသန်းဦးလည်း ရောက်လာပြီ။ သည်နေရာမှာ ကိုသန်းဦးအကြောင်း ပြောပါဦးမည်။ သူ့ကို ကိုစိုးဝင်းငြိမ်းနှင့် ပတ်သက်ပြီးသိကျွမ်းရသည်။ သူက ကိုစိုးဝင်းငြိမ်းနှင့် GTI မှာ ကျောင်းနေဖက်။ ကျောင်းပြီးလို့ သူက မန္တလေးစည်ပင်သာယာ ရေပေးရေးဌာနမှာ အလုပ်ဝင်နေပြီ။ ထိုစဉ်ကာလ မန္တလေးမှာ ရေပေးရေးစီမံကိန်းကို အရှိန်အဟုန်နှင့် ဆောင်ရွက်နေသည်။ ကိုသန်းဦးက တာဝန်ဖြင့် ရေပေးရေးစီမံကိန်း၏ ပစ္စည်းများ သိုလှောင်သည့် အ.ထ.က ၂၃ကျောင်းဝင်း အတွင်း နေထိုင်သည်။ ယခင်က နေသူရိန်ဝင်းပေါ့။ မြို့ဂုဏ်ရောင် ရုပ်ရှင်ရုံ၏ တောင်ဘက် လမ်းပဲ ခြားသည့် ဝင်းဖြစ်သည်။ ကိုသန်းဦးက ကိုစိုးဝင်းငြိမ်း ကတဆင့် စတင်သိကျွမ်းကတည်းက ကျွန်တော်တို့ စာပေအသိုင်းအဝန်းနှင့် ညီအစ်ကိုတမျှ ရင်းနှီးသွားသည်။ ၁၉၉၄တွင် ကိုစိုးဝင်းငြိမ်း ရန်ကုန်ပြောင်းသွားသော်လည်း ကိုသန်းဦးက ကျွန်တော်တို့နှင့် ညအိပ်ချိန်မှ ခွဲသူဖြစ်သည်။ သူကိုယ်တိုင်ကလည်း စာဖတ် ကဗျာရေး ဝါသနာပါသည်။
ထိုစဉ်ကာလ ကတည်းက ကိုသန်းဦးသည် အလုပ်အကိုင်ကောင်းသည့် အပြင် လူပျိုလူလွတ်မို့ ကျွန်တော်တို့အပေါ် လက်ဖွာသည်။ ထို့ပြင် စည်ပင်နှင့် ပတ်သက်သည့် ရုံးပြင်ကနားကိစ္စတွေဆိုလျှင် သူက အစစ အကူအညီပေးသည်။ နောက်ပိုင်း သူ့ဆရာဖြစ်သူက မြစ်ကြီးနားသို့ ပြောင်းသွားတော့ သူက ၂၇လမ်း ၇၅လမ်းနှင့် ၇၆လမ်းကြားရှိ သူ့ဆရာနှင့် ပတ်သက်သည့်အိမ်မှာ ပြောင်းလာတော့ ၇၆လမ်းနှင့် ၂၇လမ်းထောင့် ၂ကွက်ငုတ်က ကျွန်တော့်အိမ်နှင့် နီးကပ်လာသည်။ ထို့ကြောင့် မနက်လင်းတာနှင့် အိမ်သို့ရောက်လာသည်။ ဒီနေ့လည်း မနက်လင်းလို့ ထုံးစံအတိုင်း ကျွန်တော့်အိမ် ရောက်လာတော့ အကျိုးအကြောင်းသိသွားပြီး ပိတောက်မင်းသို့ ရောက်လာခြင်းဖြစ်သည်။
နောက်ထပ် ၆လလောက်တော့ စောင့်ရဦးမယ် ထင်နေတာ
—————————————————————
ပိတောက်မင်းမှာ လူစုံချိန် ကျွန်တော်က ဆုံးဖြတ်ချက်ကို ပြောပြတော့ ဦးမျိုးခင်က “မင်းပြဿနာက ဒီလို ဆုံးဖြတ်မယ် ဆိုတာ ငါကြိုသိတယ်။ အနည်းဆုံး ၆လလောက်တော့ ကြာဦးမယ်ထင်ပြီး ပြင်ဆင်ချိန်ရမယ်လို့ အောက်မေ့တာကွ၊ အခုတော့ မင်းကဗြုန်းစားကြီးဖြစ်တော့တာပဲ။ အေးကွာ ဘယ်တတ်နိုင်ပါ့မလဲ၊ ဝိုင်းပြီး အဖြေရှာကြတာပေါ့ဟု ပြောပြီး မျက်စောင်းထိုး အမှတ်၃ ရဲစခန်းဘေးက ဆောက်လက်စတိုက်ခန်းတွေ အခြေအနေသိဖို့ သူ့မိတ်ဆွေ စခန်းမှူးအိမ်သို့ သူကိုယ်တိုင် သွားမေးသည်။ သို့သော် ရေမီးကအစ အဆင်သင့် မဖြစ်သေးလို့ လတ်တလော မရနိုင်သေးတဲ့။ သည်တင်ပဲ ကိုသန်းဦးက သူ့မိတ်ဆွေ ဆောက်လုပ်ရေး အင်ဂျင်နီယာများထံ စုံစမ်းမည်ဟု ဆိုကာ ကိုညိုထွန်းလူနှင့် အတူ စက်ဘီးကိုယ်စီ နှင့် ထွက်သွားကြတော့သည်။
နောက် နာရီဝက်လောက် နေတော့ ကိုညိုထွန်းလူနှင့် ကိုသန်းဦး ပြန်လာကြပြီး ကိုသန်းဦးမိတ်ဆွေ အင်ဂျင်နီယာ ကိုတင်ထွန်း ဆောက်လုပ်သည့် ရဲသိပ္ပံ တိုက်ခန်းမှာ တစ်ခန်း ငှားလို့ရသည်။ လမ်း၃၀နှင့် ၃၁လမ်းကြား ၆၆လမ်းပေါ်မှာ တဲ့။ လမ်း၃၀နှင့် ပို၍နီးသည်။ ၂ယောက်သား အခန်းကိုလည်း သွားကြည့်ကြပြီး ကိုညိုထွန်းလူက သဘောကျသည်။ ချက်ချင်းငှားမည်ဟု ဆုံးဖြတ်သတဲ့။ အခန်းကလည်း အင်ဂျင်နီယာ ကိုတင်ထွန်း အခန်းနှင့် ကပ်လျှက်တဲ့။ တောင်ဘက်အစွန် တစ်ခန်းငုတ်မို့ ဆူဆူညံညံမရှိ။ ထို့ကြောင့် ပိတောက်မင်းမှာ ပြန်ဆုံကြစဉ် ထိုအခန်းကိုပဲ ချက်ချင်းငှားဖို့ ဆုံးဖြတ်လိုက်ကြသည်။ အခန်းက ၁လလျှင် ၃သောင်းမို့ ၁နှစ်စာ ၃သိန်း ၆သောင်း သွင်းရမည်။ လောလောဆယ် ၆လစာသွင်းပြီး ကျန်ငွေကို ၆လမတိုင်မီ ပေးသွင်းရန် သဘောတူညီချက်ဖြင့် ငှားလိုက်ကြသည်။ ပထမသွင်းရမည့် ၆လစာ ၁သိန်း ၈သောင်းကို ဦးမျိုးခင်က တာဝန်ယူလိုက်သည်။ ဦးမျိုးခင်က ကျွန်တော့်အတွက် သူပေးဖို့ ဖယ်ထားတာ ၇သောင်းခွဲ ရှိသတဲ့၊ ကျန်ငွေကို သူက စိုက်ပေးလိုက်သည်။
မောင်ဆူးငှက်တို့ လုပ်လိုက်မှဖြင့်
————————————
အခန်းအတွက် စရံပေးတာ၊ စာချုပ်တာတွေကို ကိုသန်းဦးက သွားရောက်လုပ်ကိုင်ပေးပြီး လိုအပ်သည့် အခန်းသန့်ရှင်းရေးတွေကို ဆောင်ရွက်ခိုင်းပြီး ချက်ချင်းပြောင်းရွှေ့ဖို့ ဘူတာကြီးရှေ့က ဒိုင်နာ ခေါက်တိုကားပင် ငှားခဲ့ပြီ။ ဆရာသိုက်ထွန်းသက်ကတော့ အစီအစဉ်သေချာပြီဆိုသည်နှင့် သူ့စက်ဘီးကြီးနှင့် ကျုံးနဘေး ၇၅လမ်းပေါ်က ကြံတိုင်းအောင် ကိုအောင်မင်းထံဝင်၍ အကြောင်းကြားသည်။ မြို့ထဲက လူထုတိုက်ဝင်ပြီး ကိုညီပုလေးဆီ အကြောင်းကြား သည်။ လမ်း၃၀ နေရှင်နယ်ကျောင်းအနီးက လှဂုဏ်ရည် ကိုကျော်ဝင်းထံ အကြောင်းကြားသည်။ တဆက်တည်း ၈၁လမ်းပေါ် ယိုဒယားဈေးဂတ်တဲနှင့် မျက်နှာချင်းဆိုင်က မန္တလေးသောက်ရေသန့်နှင့် ရေသန့်ရေခဲဖြန့်ချီရေးဆိုင် ဝင်ကာ ကိုမောင်မောင်မြင့်ထံ အကြောင်းကြားစေသည်။ ထို့နောက် ပိတောက်မင်းက မန်ကျည်းပင်ရိပ်က ဝါးထိုင်ခုံတွေအပေါ် ထိုင်ကာ ပြန်ဆုံကြပြီး “မောင်ဆူးငှက်တို့ လုပ်လိုက်ရင် အရပ်ကူပါ လူဝိုင်းပါပဲဟေ့၊ ဘယ်သူမှ မနေရဘူး” ဟု တစ်သံတည်းထွက်ကာ တသောသော ရယ်မောရင်း အပန်းဖြေကြတော့သည်။
ဤသို့ဖြင့် ၁၉၉၈ခုနှစ်၊ သြဂုတ်လ ၂၈ ရက်၊ ၁၃၆၀ ခု တော်သလင်းလဆန်း ၇ ရက် သောကြာနေ့ ညနေ၃နာရီတွင် ဆရာညီပုလေး၏ လူထုတိုက် ကားပေါ်၌ ဘုရားဆင်းတုနှင့် အတူ၊ အမေ၊ ခင်သော်ဇင်နှင့် ကလေး၂ယောက်၊ ပစ္စည်းတွေကို မန္တလေးသောက်ရေသန့်က ဒိုင်နာကား၊ ဗင်နတီကား၊ ကြံတိုင်းအောင်က ဗင်နတီကား၊ ဘူတာကြီးရှေ့ ဂိတ်တိုဂိတ်က ဒိုင်နာကားတို့ဖြင့် တင်ဆောင်ပြီး ငှားရမ်းလိုက်သည့် ၆၆လမ်းရဲသိပ္ပံတိုက်ခန်းသို့ ပြောင်းရွှေ့ကြတော့သည်။ ဝါတွင်းကာလတွင် ပြဿဒါးလည်း ဟုတ်သော သောကြာနေ့၌ အမေးအမြန်းမရှိ ချက်ချင်း ပြောင်းရွှေ့ကြခြင်း ဖြစ်၏။ တော်သေး ၇၆လမ်း အနောက်ရပ်က ၆၆လမ်းအရှေ့ရပ်ကို ပြောင်းတော့ နဂါးလှည့် သင့်ပေလို့။ မမခင်ရီ၏ အရိပ်တွင်ခိုပြီး မမခင်ရီကို မတိုင်ပင် အသိမပေးဘဲ သူ့အရိပ်က ရုတ်ချည်း ပြောင်းရွှေ့ခဲ့ပြန်လေပြီ။
ဆူးငှက်
