ဩဂုတ် ၁၅ – ၂၀၂၆
SS (VOM)
အစိုးရရဲ့ ရက် ၁၀၀ စီမံကိန်းကာလ (၂၀၂၆ ခုနှစ် ဧပြီ ၂၀ ရက်မှ ဇူလိုင် ၃၀ ရက်အထိ) အလွန်မှာ ပြည်သူတွေရဲ့ဘဝ သိသာထင်ရှားတဲ့ တိုးတက် ကောင်းမွန်လာခြင်း မရှိဘဲ အစစအရာရာ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ စီးပွားရေးကျပ်တည်းခြင်းနဲ့ လူမှုရေးအခက်အခဲတွေသာ ပိုမိုဆိုးရွားလာတာကို တွေ့ရှိရတယ်လို့ နိုင်ငံရေး၊ စီးပွားရေး လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။
လက်ရှိမှာ ဆန်၊ စားသုံးဆီနဲ့ အခြေခံ စားသောက်ကုန်တွေ ဈေးနှုန်းဆက်လက် ကြီးမြင့်နေပြီး ကျပ်တည်းမှုဒဏ်ကို ပြည်သူလူထုက တိုက်ရိုက်ခံစားနေရသလို ငွေကြေးဖောင်းပွမှု၊ ပြည်ပကုန်စည် တင်သွင်းမှု အခက်အခဲနဲ့ စီးပွားရေး မရေရာမှုတွေကြောင့် လက်လုပ်လက်စားနဲ့ အလယ်အလတ်တန်းစားတွေ ပိုမို ကျပ်တည်းလာတယ်လို့ သိရပါတယ်။
“ရက် ၁၀၀ စီမံချက်မှာပါတဲ့ မူဝါဒတွေက ယေဘုယျဆန်တယ်။ တိုင်းပြည်စီးပွားရေး နာလန်ထူစေမယ့်၊ ပြည်သူ့လူမှုစီးပွားဘဝကို သိသိသာသာ ကုစားပေးနိုင်မယ့် ခိုင်မာတဲ့ အစီအစဉ်တွေ ပါဝင်တာမရှိဘူး။ အခြေခံစားကုန်နဲ့ ကုန်ဈေးနှုန်းတွေ အရင်ကထက်တောင် ပိုပြီး တက်လာတာပဲ ရှိတယ်။ ပြည်သူတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းအတွက် အာမခံချက် မရှိဘူး။ နယ်ဘက် မအေးချမ်းတဲ့နေရာတွေမှာဆို စီးပွားရေးလုပ်ဖို့ လွတ်လွတ်လပ်လပ် သွားလာနိုင်တဲ့ အခြေအနေမှာ မရှိသေးဘူး” လို့ စီးပွားရေးပညာရှင် တယောက်က ပြောပါတယ်။
ပြည်ပကုန်စည်တွေကို တရားဝင် တင်သွင်းနိုင်ဖို့အတွက် လိုင်စင် လုပ်ထုံးလုပ်နည်းတွေ ရှုပ်ထွေးနေသလို မူဝါဒ အပြောင်းအလဲတွေလည်း မကြာခဏဆိုသလို ရှိနေတာကြောင့် လက်ရှိ မြန်မာပြည်ရဲ့ ကုန်စည်စီးဆင်းမှုတွေက တရားဝင်လမ်းကြောင်းထက် မီးခိုးရောင်လမ်းကြောင်း (Gray Market) တွေ ပိုများနေတယ်လို့ သူက ပြောပါတယ်။
“ကုန်စည်တွေဖြတ်သန်းနိုင်ဖို့ ဂိတ်အသီးသီးမှာ ငွေကြေး သိန်းရာချီတွေပေးပြီးမှ ဖြတ်သန်းခွင့်ရနေတယ်။ ရင်းနှီးမြှုပ်နှံသူတွေအတွက် Risk များသလို စားသုံးသူ ပြည်တွေအဖို့မှာလည်း ဈေးနှုန်း သက်သက်သာသာနဲ့ ဝယ်ယူရရှိနိုင်ဖို့ ဆိုတာ ဝေးသထက် ဝေးနေတယ်။ ရက် ၁၀၀ အလွန်မှာ ပြည်သူတွေရဲ့ အခြေခံအကျဆုံး လိုအပ်ချက်တွေကို ဖြစ်မြောက်အောင် အကောင်အထည် ဖော်နိုင်ခဲ့တာမျိုး မတွေ့ရဘူး။ ထူးထူးခြားခြား ပြောင်းလဲသွားတာမျိုး မရှိသေးဘူး” လို့ သူက ပြောပါတယ်။
ရက် ၁၀၀ စံမံချက်အတွင်း ပြီးခဲ့တဲ့ မေလ ပထမပတ်ကနေစပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း) နဲ့ မြဝတီနယ်စပ်ဘက်မှ ဝင်ရောက်လာတဲ့ တရားမဝင်ကုန်စည်တွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက စစ်ဆေးရေးတင်းကျပ်ကာ ဖမ်းဆီးမှုတွေ ရှိခဲ့တာကြောင့် လက်ရှိ တနိုင်တပိုင် လုပ်ငန်းတွေမှာ အသုံးပြုနေတဲ့ ကုန်ကြမ်းပစ္စည်းတွေဟာ သယ်ယူပို့ဆောင်ရေးစရိတ်ကြောင့် ဈေးနှုန်း သုံးဆလောက် မြင့်တက်နေတယ်လို့ ဆိုပါတယ်။
စိုက်ပျိုးရေးသုံး ကုန်စည်တွေ၊ မော်တော်ယာဉ်သုံး ပစ္စည်းတွေ၊ အိမ်သုံးကုန်ပစ္စည်းတွေ၊ လူသုံးကုန်ပစ္စည်းတွေ၊ စားသောက်ကုန်တွေ၊ ဆောက်လုပ်ရေး ပစ္စည်းတွေအပြင် အဝတ်အထည်တွေကိုပါ အစိုးရက စစ်ဆေး ဖမ်းဆီးနေတာလို့ သိရပါတယ်။
ဒါအပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ တရားဥပဒေ စိုးမိုးရေးတို့မှာလည်း ပြည်သူတွေ လက်တွေ့ခံစားရတဲ့အထိ အပြောင်းအလဲ မရှိသေးသလို နယ်မြေဒေသ မငြိမ်သက်မှုနဲ့ ပဋိပက္ခတွေကြောင့် ရပ်ရွာပျက်စီးခြင်း၊ ပြည်သူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးရခြင်းတို့ ဆက်လက် ဖြစ်ပေါ်နေတယ်လို့ မြန်မာ့နိုင်ငံရေး လေ့လာစောင့်ကြည့်သူက ပြောပါတယ်။
“ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကဏ္ဍမှာ သိသာတဲ့ အပြောင်းအလဲတွေ မရှိခဲ့ဘူး။ အစိုးရက NCA ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (EAO) တချို့နဲ့ တွေ့ဆုံမှုတွေ ရှိပေမယ့် တိုက်ပွဲ အဓိကဖြစ်နေတဲ့ အဖွဲ့အစည်းတွေနဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ခိုင်မာတဲ့ ငြိမ်းချမ်းရေးရလဒ်တွေ ထွက်ပေါ်လာအောင် လုပ်ဆောင်နိုင်တာ မရှိဘူး” လို့ သူက ပြောပါတယ်။
လက်ရှိမှာ တိုင်းပြည်ရဲ့ အလယ်ပိုင်းဒေသတွေနဲ့ တခြားသော နယ်မြေတချို့မှာ တိုက်ပွဲတွေနဲ့ လုံခြုံရေးဆိုင်ရာ တင်းမာမှုတွေ ဆက်လက်ရှိနေဆဲဖြစ်ပြီး ရက် ၁၀၀ ကာလမှာ နိုင်ငံရေးအရ အဖြေရှာနိုင်ဖို့အတွက် ကြိုးပမ်းနိုင်ခြင်း မရှိခဲ့ဘူးလို့ သူက ပြောပါတယ်။
Photo – CJ
