သူတို့အိမ် အခန်း (၁၉၉)

 

၆၆လမ်း၏ ဟိုမှာ သည်မှာ
—————————–

 

ဘာလိုလိုနှင့် ၆၆လမ်း ရဲသိပ္ပံတိုက်ခန်းလေးမှာ နေသားကျလာတာ ၆လကျော်ပါပြီ။ ထိုနေရာတစ်ဝိုက်သည် မန္တလေး၏ မူလနှင့် အသစ်တို့ နယ်နိမိတ်ဆက် ပုးတွဲနေသည့် နေရာဖြစ်သည်။ ၆၆လမ်းပေါ်က ကျွန်တော်တို့ တိုက်ခန်းလေးကို ဗဟို(သို့မဟုတ်) နယ်နိမိတ်ထား၍ လေ့လာကြည့်ပါဘိ။ ကျွန်တော့်တိုက်ခန်း မြောက်ဖက်ခြမ်း က အသစ်မန္တလေး ဖြစ်သည်။ ညနေစောင်းတာနှင့် သန်းခေါင်သန်းနွဲအထိ ညှော်နံ့၊ မီးခိုးနံ့၊ အကင်ပေါင်းစုံအနံ့၊ ဘာသာကွဲ စကားလုံး၊ အကျိုးအမြတ် ယမကာအမျိုးမျိုးနှင့် သီချင်းသံမျိုးစုံတို့ ရမက်ခိုးဝေနေသည်။

 

 

ကျွန်တော့် အိမ်တောင်ဘက်ခြမ်း ကတော့ သက်တော်ရှည် ဆတ်ကျောင်း၏ အလံတင် အလံချ ဗြူကယ်သံ၊ ဆိတ်ငြိမ်နေသည့် မူလလက်ဟောင်း ဝင်းခြံကြီးများ၊ သစ်ကြီးဝါးကြီးအရိပ်၊ ကတ္တရာလမ်းဘေး မှိုနတိုပင် ကလနားသပ် မြောင်းရေစပ်စပ်၊ ထနောင်းပင်ကြီး အောက်က ကောက်ညှင်းပေါင်း အကြော်ဆိုင်၊ ကုက္ကိုပင်ကြီးအောက်က စာပွဲပုလေးပေါ်က ဒန်ရေနွေးခရားနှင့် လက်ဖက်ရည်ဆိုင်၊ ထိုအခင်းအကျင်းများတွင် ‘ကျွန်တော်’ ရယ် ‘ဗျ’ ရယ်နှင့် ပြောကာ ဖော်ရွေ ယဉ်ကျေးလှသည့် ကွန်ဖင့်ကျောင်းထွက် မန္တလေးသူလေးများ။ ထိုသို့သော ပဋိပက္ခတို့ ညီညွတ်မျှတ နေသည့် ထိုနေရာလေးမှာ ကျွန်တော်ပျော်ပါသည်။

 

 

 

ပဋိပက္ခတွေ ညီညွတ်ရာ
——————————–
မနက်ခင်း အလံတင် ဗြူကယ်သံမှာ ထနောင်းပင်ကြီးအောက်က အကြော်ဆိုင်လေး၏ မီးခိုးအူအူတွင် ကောက်ညှင်းပေါင်း နှင့် အကြော်စားမည်။ ခဏနေတော့ ဒေါက်တာစောလှခိုင်တို့နှင့် ကုက္ကိုပင်ကြိးအောက် လက်ဖက်ရည် သောက်မည်။ အလုပ်ကိစ္စအတွက် လမ်းထောင့်က စတိုးဆိုင်လေးမှာ တယ်လီဖုန်းပြောမည်။ ပြီးလျှင် ဆိုင်ရှင်လေးနှင့် စာအကြောင်း ပေအကြောင်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း စကားတွေ ပြောမည်။

 

 

ဟော ညနေစောင်းတော့ အကင်တန်း လမ်းလျှောက်ရင်း သီချင်းသံသွက်သွက်မှာ အကျပ် အတို အပေါ် အဖော် အဟိုက် အကားလေးများ မျက်စေ့စာပွဲထိုင်ရင်း မစားရညှော်ခံမည်။ ကိုင်း သည်နေရာလေးကို စွဲမိနေပေါ့လေ။ ဒါပေမယ့် တစ်နှစ်ငှားထားတာ အခု ၆လပြည့်ပြီ။ ကျန်တာ ၆လ၊ နောက် ၅လ၊ နောက်၄လ၊ နောက် ၃လ..။ အလိုလေး အိမ်ငှားနေတယ်ဆိုတာ ပထမ ၆လသာ နေလို့ကောင်းတာကိုး။ ကျန်၆လက လက်ချိုးရေရင်း နောက်ထပ်ပေးရဦးမည့် အိမ်ငှားခ တစ်နှစ်စာအတွက် နဖူးပေါ် လက်တင် တွေးပုကာ အိပ်မပျော်သော သံသရာရှည် ညများ ဖြတ်ကျော် ရလေ ဦးမှာ ပါကလား။

 

 

 

အိမ်ငှား အခန်းငှား ဘဝ
——————————
တကယ်တော့ အိမ်ငှားနေရသည်က ပထမ၆လပဲ နေရတာ အဆင်ပြေသည်။ ထို ၆လကျော်သည်နှင့် နှစ်စေ့တော့မှာ ပါလား၊ နောက်နှစ်အတွက် ငှားခ ထပ်ပေးရတော့မှာပါလားဟု တွေးကာ လက်ချိုးရေနေရသည်။ ကျွန်တော့် ဝင်ငွေနှင့်လည်း စားစရိတ် အိမ်သုံးစရိတ် ကလေး၂ယောက်ကျောင်းစရိတ်နှင့် အပို မစုဆောင်းနိုင်ခဲ့။ ထို့ကြောင့် ရဲသိပ္ပံအခန်းလေးမှာ ငှားနေစကလို လွတ်လပ်ပျော်ရွှင်မှုက အခုတော့ပါးလျားစ ပြုလာပါပြီ။ ထိုစဉ်ကာလမှာ ကျွန်တော့်ထံသို့ လာရောက် အားပေးကူညီကြသူများတွင် လှဂုဏ်ရည် ကိုကျော်ဝင်း၏ညီ ဖြစ်သူ ကိုကျော်မင်းလည်း ပါသည်။

 

ကျွန်တော်တို့ကတော့ သူ့ကို ငယ်စဉ်ကတည်းက ကိုအောင်မင်းဟုပဲ ခေါ်သည်။ သူက ကျွန်တော် ငယ်စဉ် ကတည်းက စိုင်ပြွန်ဝင်းထဲက အိမ်အထိလာကာ စာအုပ်တွေ ဖတ်ဖို့ တိုက်တွန်း၊ စာအုပ်တွေပေးဖတ်၊ ဖတ်ပြီး စာအုပ်တွေအပေါ် ဝေဖန်ဆွေးနွေးစေ ဝေဖန် ဆွေးနွေး သုံးသပ်ပြသူ ဖြစ်သည်။ သူက ၁၉၈၀ကျော် ကာလတွင် သူ ယုံကြည်ရာသို့ ထွက်ခွာကာ ၁၉၉၀ကျော်ကာလတွင် ပြန်လည် ရောက်ရှိလာသူဖြစ်သည်။ ယုံကြည်ရာ ဒေသက စုံမက်လက်ထပ်ခဲ့သော ဇနီးဖြစ်သူကလည်း အလွန်သဘောကောင်း ပြည့်ဝလှသည်။ ကျွန်တော်တို့နှင့်လည်း မောင်နှမလို ဖြစ်နေသည်။ ကိုအောင်မင်းက ပြန်ရောက်လာတော့ အဖွဲ့အစည်းပိုင် ရေသန်နှင့် ရေသန့်ခဲစက်ရုံကို ဦးစီးထူထောင်သည်။ ထိုလုပ်ငန်းအတွက် ဒီဇိုင်းလိုဂိုများ ပက်ကင်တံဆိပ်များစသည့်အပိုင်းကို ကျွန်တော်နှင့် တိုင်ပင်၍ ကိုစိုးဝင်းငြိမ်းက ရေးဆွဲပေးသည်။ ပုံနှိပ်လုပ်ငန်းများကို လူထုမှာ အပ်နှံသည်။ ကိုအောင်မင်းက ကျွန်တော်နှင့် ပတ်သက်ပြီး ဦးမျိုးခင်ကအစ၊ ဒေါက်တာစောလှခိုင် အပါအဝင် စာရေးဆရာ ပန်းချီဆရာများနှင့် ရင်းနှီးသွားသည်။ ထိုစဉ်ကာလ မိတ်ဆွေများနှင့် သူ့ကို မိတ်ဆက်ပေးတော့ နံမည်အသစ် ကိုမောင်မောင်မြင့် နှင့် ဖြစ်သည်။

 

 

စိတ်တူ ကိုယ်တူ ပေါင်းကြသူတွေ
————————————
သူနှင့် ပတ်သက်ပြီး ၁၉၈၀ကျော်ကာလ ကတည်းက ကျွန်တော်နှင့် ရင်းနှီးခဲ့သူက ကိုမြစိုးဖြစ်သည်။ နောက် ဆရာဦးကျော်ဇံလှ ဖြစ်သည်။ သူတို့အားလုံးက အင်းစိန်တောရပြန်များဖြစ်ပြီး ကိုအောင်မင်း တစ်ယောက်ပဲ သူယုံကြည်ရာ နေရာဒေသသို့ ထွက်ခွာသွားခဲ့သည်။ ကိုမြစိုးကတော့ ကျွန်တော် ဟေမာဇလအိမ် ရောက်တော့ ပိုရင်းနှီး သွားသည်။ ထိုစဉ် ကိုအောင်မင်း မရှိတော့။ နောက်တော့ ကိုမြစိုးက အိမ်သို့ အမြဲဝင်ထွက်ရောက်ရှိလာပြီး ၂ယောက်သား စကားတွေ ပြောဖြစ်ခဲ့၏။ ကိုမြစိုးနှင့်တော့ စာပေကိစ္စထက် ထိုစဉ်ကာလ၏ နိုင်ငံရေးအခြေအနေများ ဖြစ်သည်။ သူရော ကျွန်တော်ရောက ရေဒီယို ပရိသတ်ဖြစ်သည်။ ရေဒီယိုသတင်းတွေ ဖလှယ်ကြသည်။ သုံးသပ်ကြသည်။ အထူးသဖြင့် ခက်ခက်ခဲခဲ နားထောင်ရသည့် မီတာ၆၀က သတင်းတွေပေါ့။ တစ်ခါတရံ ကိုမြစိုးနှင့် ကျွန်တော်တို့ ပြောဖြစ်ကြသော သတင်းသုံးသပ်ချက်တချို့ မကြာမီရက်အတွင်းမှာပင် မီတာ၆၀က ကြားလိုက်ရသည်။ ကျွန်တော်က ကိုမြစိုးကို ထိုကိစ္စနှင့် ပတ်သက်၍ အလိုက်တသိရှိစွာ မသိဟန်ဆောင်နေသည်။

 

 

ဆန်တစ်အိတ်ပဲ ထမ်းနိုင်သူ
——————————-
၁၉၈၇ခုနှစ်လောက်တွင် သူ့ကို မြို့မိမြို့ဖများ၊ ပညာရှင်များ၊ အနုပညာရှင်များ၏ လိပ်စာတွေ စုဆောင်းပေးပြီး တချို့စာတွေကို စာတိုက်ပုံးကတဆင့် ပို့ခဲ့ကြသည်။ နောက်တော့ ကိုမြစိုးကတဆင့် ကျွန်တော့်ကို တာဝန်တစ်ခုယူနိုင်မလား ကမ်းလှမ်းသောအခါ ကျွန်တော် အတော်စဉ်းစားရပါသည်။ အထူးသဖြင့် ကျွန်တော့်အိမ်မဟုတ်၊ ကျွန်တော်က ကပ်ရပ်နေရသူ၊ ထိုအိမ်မှာ လုပ်ရမည့် အလုပ်အတွက် အကြိမ်ကြိမ် စဉ်းစားပြီး ကျွန်တော် ငြင်းလိုက်ခြင်းဖြစ်သည်။ ကိုမြစိုးက “ကျွန်တော့်လူက ခင်ဗျားကို မှာလိုက်တယ်ဗျ၊ အခုလို ပွင့်ပွင့်လင်းလင်း ပြောလို့ ကျေးဇူးတင်တယ်တဲ့။ ဆန်တစ်အိတ်ပဲ ထမ်းနိုင်သူက ဆန်၃အိတ်ကို မနိုင်မနင်းထမ်းပြီး အလဲလဲ အပြိုပြိုဖြစ်တာမျိုးက အန္တရာယ်ရှိပါတယ်တဲ့။ ထမ်းနိုင်တဲ့ ဝန်ပဲ ထမ်းပါ၊ အခုလို ယဉ်ကျေးမှု မျက်နှာစာမှာ ရှိနေတာကလည်း လိုအပ်ပါတယ်တဲ့ “ ဟု အကြောင်းပြန်ပါသည်။ ထိုစဉ်ကာလ ကျွန်တော်က ၈၄လမ်းပေါ်ရှိ နှင်းဆီအိမ်စတိုးမှာ စာအိတ်လှဘှလေးတွေ စာရေးပက်လှလှလေးတွေနှင့် စာရေးကိရိယာတွေ ဝယ်နေကျဖြစ်သည်။

 

၁၉၈၈ခုနှစ် သြဂုတ်လဆန်းတော့ ကိုမြစိုးက ကျွန်တော်ဆီ မလာတော့။ သူ့လူ ပြောချင်တာတွေ ကဗျာဆရာမ မစိမ်းပင်ဆီကတဆင့် ပြောပါလိမ့်မယ်တဲ့။ မစိမ်းပင် ကိုလည်း ကျွန်တော်နဲ့ပဲ ဆက်သွယ်ပြောဆိုစေပါမယ်လို့ မှာလိုက်ပါသတဲ့။ ကိုမြစိုးက ထိုသို့ အကြောင်းကြား ပါသည်။ ၁၉၉၀နောက်ပိုင်း ကိုမြစိုးနှင့် တွေ့တော့ သူပြောနေကျ စကားတစ်ခွန်းရှိသည်။ သူ ကျွန်တော့်ကို ချန်ခဲ့တာဗျ။ ကျွန်တော် မကျန်ရင် ခင်ဗျားလည်းကျန်မှာ မဟုတ်ဘူးဟူသော စကားဖြစ်သည်။ နောက်တော့ ကိုမြစိုးလည်း လောကဓံ၏ အထုအထောင်း အပုတ်အခတ် အနိမ့်အမြင့်ကြားတွင် ကြံ့ကြံ့ခံရင်း အသက်တိုရှာခဲ့သည်။ လှဂုဏ်ရည် ကိုကျော်ဝင်း ကတော့ အထူးပြောစရာ မလို။ မြို့ခံအနေနှင့် ကျွန်တော်သာမက အားလုံးနှင့် ရင်းနှီးပြီးသား ဖြစ်နေပါပြီ။

 

ဆရာဦးကျော်ဇံလှ လူထုတိုက်ရောက်လာပြီ
———————————————–
ဆရာဦးကျော်ဇံလှကိုတော့ သင်္ဘောတန်းက သူ့အမျိုးသမီး အိမ်မှ ညနေဆည်းဆာမင်္ဂလာဧည့်ခံပွဲ ကျင်းပသောအခါ ကျွန်တော်က ဓာတ်ပုံရိုက်ပေးသည်။ နောက်တော့ ဆရာလည်း ခေတ်၂ခေတ် ထောင်၂ထောင်မက ဝင်ချည် ထွက်ချည် ဖြစ်သွား၏။ ၁၉၉၇ဝန်းကျင်တွင် မမဒေါ်တင်ဝင်းက လူထုတိုက်မှာ အင်္ဂလိပ်စာ စာတည်းလိုအပ်နေတာ ဘယ်သူများ သင့်တော်မလဲဟု ကျွန်တော့်ကို တိုင်ပင်၏။ ကျွန်တော်က ဆရာဦးကျော်ဇံလှ အိုဘိုက ပြန်ရောက်လာပြီ။ ဆရာဇံ က ကိုဖိုးသံ နဲ့ အရင်းအချာဆိုတော့ သူနဲ့ အသင့်တော်ဆုံးပါဟု ပြောတော့ မမဒေါ်တင်ဝင်းလည်းဝမ်းသာသွာ၏။ မမ ဒေါ်တင်ဝင်း က ကိုဖိုးသံ၏ မိတ်ဆွေ အတော်များများကို သိသည်။ ဆရာဦးကျော်ဇံလှကို သူ့အသိုင်းအဝန်းက သိသလို မမကလည်း ဇံကြီးဟုသိသည်။

 

ထိုအချိန် ဆရာဇံက အိုးဘိုက ပြန်လာပြီး ချမ်းသာကြီးတိုက်တွင် သင်္ကန်းဆည်းနေသည်။ ထိုအလှူကို ကိုအောင်မင်းနှင့် အတူသွားခဲ့လို့ ဆရာဇံသီတင်းသုံးသည့် ကျောင်းကိုသိသည်။ ကျွန်တော်က ကျောင်းထိ သွားပြီး ဆရာဇံကို တီးခေါက်ကြည့်သည်။ ဆရာကလည်း လိုလိုလားလားရှိလို့ ဝမ်းသာရ၏။ ကိုဖိုးသံ မရှိတဲ့ အချိန် ကျွန်တော့်အနေနဲ့ ဒေါ်ဒေါ့်ကို တတ်နိုင်သလောက် ဝိုင်းကူကြရမှာဗျ ဟု ဆရာက ပြောသည်။ ဆရာဇံ ရဟန်းဘောင်က လူထွက်ပြီဒချိန် ကျွန်တော်က သင်္ဘောတန်းရှိ သူ့အိမ်သွားပြီး အလုပ်ဝင်ရက်ညှိတော့ ဆရာဇံက ပုံနှိပ်ပိုင်းဆိုင်ရာ စာအုပ်များကိုပင် လေ့လာထားပြီး အလုပ်အတွက် အဆင်သင့်ဖြစ်နေကာ လူထု အယ်ဒီတာစာပွဲသို့ ရောက်လာပါသည်။ နောက်တော့ ဆရာဇံက ညီစေမင်း ကလောင်ဖြင့် ရုပ်ရှင်ခံစားမှုမှ သမိုင်းဒဿနဆိုင်ရာ ဆောင်းပါးမျာသာမက နိုင်ငံရေးဆောင်းပါးများ ဘာသာပြန်များအထိ ဒရစပ်ရေးတော့သည်။ ဆရာက သမိုင်းဘာသာရပ်ဖြင့် ဘွဲ့ရသည့် အင်္ဂလိပ်စာ ဆရာ ဖြစ်သည့်ပြင် ရုရှားဘာသာ တရုတ်ဘာသာ စကားများလည်း တတ်မြောက်သည်။

 

 

လက်ဖက်ရည်ဆိုင် သင်တန်း
——————————-
ဆရာဇံက လူထုအယ်ဒီတာစာပွဲ ရောက်လာတော့ ညနေ၃နာရီ အလုပ်နားချိန် လက်ဖက်ရည် သောက်ကြ သောအခါ ၈၃လမ်း ဆူးခါးတိုက်အနောက်ပေါက်ရှိ ကျွန်တော်တို့သောက်နေကျ ကောင်းထက် လက်ဖက်ရည်ဆိုင်သို့ ရှေ့နေကြီးဦးထွန်းအောင်ကျော်လည်း ထိုလမ်းပေါ် ၃၁လမ်းနှင့် ၃၂လမ်းကြား သူ့ရုံးခန်းက ရောက်လာတော့၏။ ရှေ့နေကြီးက အတော်အမှတ်အသား ကောင်းသည်။ ကျွန်တော့်မှာ ထို ၃နာရီ လက်ဖက်ရည်ဝိုင်းက ဆရာဇံနှင့် ရှေ့နေကြီးထံက နာယူမှတ်သားစရာတွေ တပွေ့တပိုက်ရရှိသည့် တန်ဖိုးရှိ အချိန်များဖြစ်ပါသည်။ တစ်ခါတရံ နာယူစရာတွေ များလွန်းလို့ စကားလက်စမပြတ်သောကြောင့် ညနေ၅နာရီထိုးခါနီးမှ အလုပ်စာပွဲသို့ ပြန်ရောက်သောအခါ မမဒေါ်တင်ဝင်းကို မျက်နှာပူရတာ အကြိမ်ကြိမ် ဖြစ်သည်။

 

သည်တော့ ကျွန်တော့ကို အကြောင်းပြု၍ ခင်မင်ကြသော မိတ်ဆွေများလည်း သူတို့အချင်းချင်း တလေးတစား အပြန်အလှန် ရင်းနှီးသွားကြသည်။ အောင်တော်မူက ပိတောက်မင်းမှာ နောက် ထိုနေရာတွင် ဆက်လက်ဖွင့်လှစ်သော ဒိတ်ကဖေးမှာ၊ ဒိတ်ကဖေးနှင့် အတူတွဲ တည်ထောင်ခဲ့သော ထန်းရိပ်ညို ပန်းချီဂယ်လာရီမှာ၊ တောင်လေးလုံးမှာ စသည်ဖြင့် တလုံးလုံး တရုန်းရုန်း ဖြစ်နေကြတော့သည်။ ထိုအဖွဲ့ထဲတွင် ကျွန်တော်တို့နှင့် သတင်းစာအချပ်ပို ထုတ်ကြရင်း ခင်မင်ခဲ့သော ကိုမျိုးဝင်း(မဟာနန္ဒာ)လည်း အတူပါလာသည်။ စိတ်ကူးပေါက် ပေါက်သလို ဦးမျိုးခင်ကား၊ ကိုမျိုးဝင်းကား၊ ကိုမောင်မောင်မြင့်ကားများနှင့် အိမ်ရှေ့မင်းထန်းတော သွားလိုက်ကြ၊ မေမြို့သွားလိုက်ကြ၊ ပုဂံသွားလိုက်ကြ၊ ရွှေဘိုသွား လိုက်ကြ နှင့် လက်ဖက်ရည်ဆိုင်မှာ ထိုင်ရင်း ညအိပ် ညနေ ထသွားကြလို့ ကျွန်တော့မှာ ခင်သော်ဇင့်ကို လူကြုံနှင့် ဈေးဖိုး လှမ်းပေးရ၊ အဝတ်အစား မပါလို့ ရွှေစည်းခုံက ပုဂံရောက် အမှတ်တရ စွပ်ကျယ်တွေ ဝယ်ဝတ်ရသည်။

 

 

အရာရာမှာ မခေသူများ
——————————
သည်အစုအဝေးက နိုင်ငံရေး အရောင်အသွေးနှင့် မဆိုင်၊ အဖွဲ့အစည်းနှင့် မဆိုင်၊ အားလုံးက မန္တလေး ချစ်ကြသူတွေ၊ ကိုယ့်တိုင်းပြည်ကို ချစ်သူတွေ၊ အထူးသဖြင့် စာပေ ပန်းချီ ဂီတ အစရှိသော အနုပညာ ချစ်သူတွေချည်း ဖြစ်သည်။ သည် ချစ်စိတ်များဖြင့်သာ အားရခြင်း အားမရခြင်း၊ ကျေနပ်ခြင်း စိတ်ပျက်ခြင်း၊ ဝေဖန်ခြင်း သုံးသပ်ခြင်းများရှိကြ အမြင်ဖလှယ် ကြသည်။ ကျွန်တော်တို့ စာရေးဆရာအဖွဲ့တွင် ဆရာနေဝင်းမြင့်လည်း ပါဝင်လာတော့ ပို၍ မြိုင်ဆိုင်သွားတော့သည်။

 

ကိုယ့်အဖွဲ့မို့ ကိုယ်ပြောတာမဟုတ်၊ အနုပညာပိုင်းတွင် ဂီတအရာ၌ မခေသူများဖြစ်သည်။ ဆရာနေဝင်းမြင့်က မြန်မာ့အသံ ဓာတ်ပြားရ အဆိုတော်၊ ကိုမျိုးဝင်း(မဟာနန္ဒာ)က တိတ်ခွေခေတ်တွင် သီဆိုသူ ထုတ်လုပ်သူ၊ ကိုကျော်ဝင်း(လှဂုဏ်ရည်) က သီချင်းမရပါဘူးဟု ငြင်းပြီး ဝေဇယန္တာကို အနိမ့်ဆုံးထား ပိုင်နိုင်စွာ သီဆိုခဲ့သူ၊ ညီဖြစ်သူ ကိုအောင်မင်း(ကိုမောင်မောင်မြင့်)ကလည်း ဦးကြီးဦးလှတင်၏ သားပီပီ “တင်၊ငြိမ်း၊ သိန်း” ခေါ် နန်းတော်ရှေ့ဆရာတင်၊ မြို့မငြိမ်း၊ ဦးဘသိန်း သီချင်းများကို ဘယ်ကစမ်းစမ်း ညာကစမ်းစမ်း ပီပြင်စွာ သီဆိုနိုင်သူ၊ ကိုညိုထွန်းလူ က သူ့ဦးကြီးအရင်း နိုင်ငံကျော် ရွာစားကြီးရွှေဒေါင်းမြိုင်ထံက ကြိုးသီချင်း ၁၃ပုဒ်ကို မင်းသမီးကျောင်းသူမ ချိုတူးနှင့်အတူ သင်ရိုးကုန် တက်ခဲ့သူ၊ သည်လို ပါရမီရှင်တွေနှင့်ဆိုတော့ မိုက်ကိုင်ရမည့် ပွဲတွေမှာ မျက်နှာမငယ်ရ၊ ပွဲရှင်လည်း မျက်နှာ မပူရ။ တစ်ရက်တင် မန္တလေးက နာမည်ကျော် ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက ညစာစားပွဲ ကို ကျွန်တော်တို့ တစ်ဖွဲ့လုံး ဖိတ်သည်။ ထိုပွဲမှာ ဟော်တယ်ပိုင်ရှင်က တီးဝိုင်းထည့်ကာ သူကိုယ်တိုင်ရော သူ့မန်နေဂျာ အပါအဝင် သူ့ဝန်ထမ်း သူ့မိတ်ဆွေများပါ သီချင်းတွေ သီဆိုကြသည်။

 

ပွဲကလည်း မြို့မိမြို့ဖများသာမက လုပ်ငန်းရှင်ကြီးများပါ တက်ရောက်ကြလို့ အတော်မြိုင်သည့် ပွဲ ဖြစ်သည်။ တော်တော်နှင့် လူစုမကွဲ။ သူတို့လည်း သီချင်းဆိုရတာ ပုဒ်ထပ်နေသည့် အပြင် ဒီသိချင်းတွေချည်း အထပ်ထပ်ကြားနေရလို့ ပရိသတ်လည်း မထိန်းနိုင်တော့။ ထိုအခါကျမှ ပွဲရှင်က ကျွန်တော်တို့ အဖွဲ့ထံ မိုက်ကို အားနာပေး ပေးတော့၏။ သည်အခါကျမှ ကျွန်တော်တို့လည်း စိတ်မပါသော်လည်း ပွဲရှင်ကို အားနာသောကြောင့် မိုက်ကိုင်လိုက်ကြသည်။ လူနေသော်လည်း ပညာက မနေလေသောအခါ အရင်က ပွဲမထိန်းနိုင်ဘဲ ကျွတ်စီကျွတ်စီ ဖြစ်နေသော ပရိသတ်လည်း ငြိမ်ကျသွားကာ လက်ခုပ်သြဘာနှင့် ဝမ်းစမိုးကြတော့သည်။ ကျွန်တော်တို့ကလည်း မိုက်ခဲတွေမှ မဟုတ်တာ မတတ်သာလို့၊ ပွဲရှင်ကို အားနာလို့သာ တစ်ယောက်တစ်ပုဒ်စီပဲ သီဆိုရင့်ကျူးပြီး ပွဲရှင်ကိုနှုတ်ဆက်၍ ပြန်ခဲ့သည်။ ပွဲရှင်က ကျွန်တော်တို့ တစ်ဝီးချင်းစီကို လက်ဆွဲနှုတ်ဆက်ရင်း “ ဆရာတို့က တကယ့် ပရော်ဖစ်ရှင်နယ်တွေပါဗျာ၊ လေးစားပါတယ်” ဟု ဆလံတသသနှင့် ဝန်ခံလိုက်တော့သည်။

 

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW