ဆူးငှက်
စာရေးစာပွဲ သေးလေးပေါ်က တယောသံ
——————————————–
၆၆လမ်း ရဲသိပ္ပံတိုက်ခန်းလေး၏ အပေါ်ထပ် အနောက်ဘက်အစွန်းမှာ ကျွန်တော်တို့ အိပ်ခန်းလေးရှိသည်။ ၁၂ပေ× ၈ပေ အကျယ်လောက် ရှိမှာပေါ့။ ခုတင်ခြေရင်း ၃ပေလောက် အလွတ်လေးမှာ ပုသိမ်ကြီး သမဝါယမ သင်တန်းကျောင်းက စာသင်ခုံပုံစံ စာပွဲလေးချပြီး စာရေးသည်။ ထိုစဉ် ကျွန်တော့်မှာ ဝါ့ခ်မင်း ကက်ဆက်လေးရှိသည်။ ကျွန်တော်စာရေးထိုင်း တယောကိုတင်ရီ၏ violin cocerto ခွေလေးကိုပဲ ဖွင့်ဖြစ်သည်။ ထိုခွေလေးဖွင့်ပြီး စာရေးရလျှင် အလွန်ချောသည်။ ကျွန်တော်ကလည်း ထိုခွေလေးကိုကြိုက်လိုက်သည်မှာ အခုထိ မငြီးမငြူ ဖွင့်ဆဲ ဖြစ်သည်။ ထိုခွေလေးက အဆိုမပါဘဲ သီချင်းတွေချည်း တယောဝိုင်းဖြင့် လက်စွမ်းပြ ဖြစ်သည်။
ထိုခွေ၏ ဂီတနှင့် တီးလုံးများ စီမံခန့်ခွဲသူမှာ တယောကိုတင်ရီဖြစ်ပြီး ရန်ကုန်နှင့် မန္တလေးရှိ တယောပညာရှင်များ စုစည်းထားကာ မန္တလေးက တယောပညာရှင် ဦးစောအောင်က စီစဉ်ထုတ်လုပ်ထားခြင်း ဖြစ်သည်။ ဦးစောအောင် ဆိုသည်မှာ မန္တလေးက စံပြအလွတ်ပညာသင်ကျောင်း ဖွင့်လှစ်ထားပြီး သင်္ချာပညာရှင်ဖြစ်သောကြောင့် သင်္ချာ ဦးစောအောင်ဟု ထင်ရှားသည်။ ဆရာက ဂီတအနုပညာ ဝါသနာပါသည်။ စာမသင်သည့် အချိန်တွင် တယော တစ်လက်ကို လက်နှင့် မပြတ်ထိုးနေသူဖြစ်သည်။ စကားစပ်လို့ ပြောပါဦးမည်။ ကျွန်တော်က သီချင်းခွေလေးတွေ အသစ်ထွက်လို့ ဖြစ်စေ သီချင်းရွေးကူးလေးတွေ လိုချင်လို့ ဖြစ်စေ လမ်း၈၀ မစိုးရိမ်မီးပွိုင့်က လှိုင်းတေးသံသွင်း သို့ ဝင်ရောက်ဝယ်ယူလေ့ရှိသည်။ လှိုင်းတေးသံသွင်း ပိုင်ရှင်က ဆရာဦးဘမင်း ဖြစ်သည်။ ဆရာက မြန်မာပြည်တွင် ရှားရှားပါပါး အာကာသသိပ္ပံသင်္ချာပညာ မဟာသိပ္ပံကို အမေရိကန်က ရရှိခဲ့ခြင်း ဖြစ်သည်။
ဆရာက မဟာသိပ္ပံဘွဲ့ရရှိပြီး ပြန်ရောက်တော့ မန္တလေးဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်ရှိ မိခင်သင်္ချာဌာနသို့ ပြန်လည်ဝင်ရောက် တာဝန်ထမ်းဆောင်ရာမှ မြစ်ကြီးနားကောလိပ်သို့ ပြောင်းရွှေ့တာဝန်ချသည့်အခါ တာဝန်က နှုတ်ထွက်ခဲ့သည်ဟု ကြားဖုးသည်။ ဆရာဦးဘမင်းက ဂီတလည်းဝါသနာပါသောကြောင့် တာဝန်က နှုတ်ထွက်ပြီး တေးသံသွင်းဆိုင်ဖွင့်သည်။ မောင်ဘမင်းစီစဉ်သည် ဟူသော ခေါင်းစီးဖြင့် နာမည်ကျော် အဆိုတော်များ၏ သီချင်းစီးရီးခွေများထုတ်သည်။ အထူးသဖြင့် မောင်ဘမင်းစီစဉ်သည့် မာမာအေး၏ စီးရီးခွေများက ထင်ရှားသည်။ ထို့ပြင်ဆရာဦးဘမင်းက ပန်းချီလည်း ဆွဲသည်။ လှိုင်းတေးသံသွင်းတွင် ဆရာ၏ ဆီဆေးပန်းချီကားချပ်ကြီးများလည်း ချိတ်ဆွဲထားသည်။
အပြင်အလုပ်မို့ ကြီးပွားသွားတာတဲ့
—————————————
ကျွန်တော်က လှိုင်းတေးသံသွင်းသို့ တစ်ပတ်တစ်ခေါက်လောက် ရောက်တတ်သည်။ ရောက်တိုင်း စွပ်ကျယ်လက်စက နှင့် ဆရာဦးဘမင်းကို ပြုံးရယ်လျက် အမြဲတွေ့ရ၏။ ဆရာက သဘောကောင်းလှသည်။ ထွက်သော သီချင်းခွေများအကြောင်း၊ ရွေးသွင်းထားသည့် လက်ရွေးစင် ခွေများအကြောင်းကိုရော သီချင်း အကြောင်းအရာများနှင့် ကျကျနန ရှင်းပြတတ်သည်။ ကျွန်တော်က ဆရာကြီး၏ ဖော်ရွေမှုကြောင့် သင်္ချာမေဂျာနှင့် ကျောင်းပြီးခဲ့ကြောင်း၊ နောက်ဆုံးနှစ်စာမေးပွဲ ဗိုက်ဗာတွင် ဆရာကြီး၏ မေးမြန်းအစစ်ဆေးကို ခံခဲ့ရဖူးကြောင်း ပြောပြဖြစ်သည်။ ထိုအခါ ဆရာကြီးက အခုဘာလုပ်နေလဲဟု မေးသောအခါ (ထိုစဉ်က) ဖိနပ်ကုန်ထုတ်သ/မတွင် ဝန်ထမ်းလုပ်နေကြောင်း ပြောပြဖြစ်သည်။
ထိုအခါ ဆရာကြီးက သူ့တပည့် မောင်စောအောင်ဆိုသူက သင်္ချာ မဟာသိပ္ပံဘွဲ့ရရှိပြီး တက္ကသိုလ်မှာ နည်းပြလုပ်ချင်သောကြောင့် လျှောက်လွှာတင် စာမေးပွဲအကြိမ်ကြိမ် ဖြေသော်လည်း မအောင်ကြောင်း၊ ထို့ကြောင့် သူ့ဖခင်၏ အလွတ် ပညာသင် ကျောင်းတွင်ပဲ စာသင်ပြီး ကိုယ်တိုင်လည်း ကျူရှင်ပြနေတာ အခုဆို အောင်မြင်ပြီး ချမ်းသာနေကြောင်း ပြောပြသည်။ ကျွန်တော့်ကိုလည်း ဝန်ထမ်းက နှုတ်ထွက်ပြီး အပြင်မှာပဲ လုပ်ကိုင်စားဖို့ တိုက်တွန်းသည်။ ထို့နောက် ထပ်တွေ့တော့ ဘယ်လိုလဲ မထွက်သေးဘူးလား မေးပြန်သည်။ ကျွန်တော့်မှာ အစွမ်းအစရော အရည်အချင်းရော နွမ်းပါးသူမို့ ရသည့် အလုပ်လေး တွယ်ကပ်နေရလို့ နောက်တစ်ကြိမ် လှိုင်းတေးသံသွင်းရောက်သောအခါ ဆရာကြီးနှင့် မျက်နှာချင်း မဆိုင်ရဲဘဲ မျက်နှာလွှဲ နေရ၏။
အခုတော့ ဂန္ထဝင်ဖြစ်သွားပါပြီ
———————————-
တယောကိုတင်ရီ၏ violin concerto ခွေကို သင်္ချာ ဦးစောအောင်က အကုန်အကျခံထုတ်ရာတွင် ရန်ကုန်မန္တလေး တယောပညာရှင်များ စုစည်းရခြင်း၊ ဂီတဖွဲ့စည်းမှုက အသစ်မို့ အချိန်ယူရခြင်း၊ ထို့အတူ အသံသွင်း ရာတွင်လည်း ဂျူတီ အချိန် များပြားခြင်းတို့ကြောင့် အကုန်အကျများလှသည်။ ခွေထွက်လာတော့ သီချင်းတီးလုံးများသာ ဖြစ်ပြီး နာမည်ကြီး အဆိုတော်များ မပါလို့ ဈေးကွက်မဝင်ခဲ့။ ဆရာဦးစောအောင်မှာ ထုတ်လုပ်မှု စရိတ်ပင် မရခဲ့ဟု သိရ၏။
သို့သော် ထိုခွေက အခုတော့ ဂန္ထဝင်ဖြစ်သွားပါပြီ။ အမွေအနှစ်ဖြစ်သွားပါပြီ။ ဦးဆောင်သည့် တယောပညာရှင် တယောကိုတင်ရီလည်း မရှိတော့။ စီစဉ်ထုတ်လုပ်သူ သင်္ချာဦးစောအောင်လည်း တလောက (၂၀၂၃ စက်တင်ဘာလ ၁၅ရက်) ဆုံးပါးသွားပါပြီ။ ပါဝင် တီးခတ်ခဲ့ကြသည့် ပညာရှင် အများစုလည်း မရှိကြတော့။ သည်မှာက အနုပညာအလုပ်ကို ရူးသွတ်ရုံမက မိုက်မိုက်မဲမဲ လုပ်ကိုင်ပါမှ အရာထင်သည့်သာဓက ဖြစ်သည်။
မေဆွိနှင့် စိုးနှောင့်ဗျာပွေ
——————————-
ထို့အတူ ဦးရွှန်းမြိုင်(မြို့မ) က ဂီတမှူးအဖြစ် တာဝန်ယူကာ မြို့မ တယောဝိုင်းနှင့် တယောကိုတင်ရီ စန္ဒရား ဇော်မျိုးထွဋ်တို့ ပူးပေါင်းပြီး စိုးနှောင့်ဗျာပွေ အမည်ရှိ တယောခွေတစ်ခွေလည်း ထွက်ဖူးသည်။ ထိုခွေတွင် သီချင်းများကို ထိုစဉ်ကတည်းက နာမည်ကျော်နေသော မေဆွိက ပီပြင်စွာ သီဆိုထားသည်။ ထိုခွေကို စီစဉ် ထုတ်လုပ်သူက ဆရာဦးဘမင်း (လှိုင်းတေးသံသွင်း) ဖြစ်သည်။ ထိုခွေကလည်း ထိုစဉ်က စွန့်စားမှုကြီး ဖြစ်သည်။ ထိုခွေ မဖြန့်မီ ဆရာဦးဘမင်းက မန္တလေးက စာရေးဆရာအချို့ကို လှိုင်းတေးသံသွင်း တွင် ဖိတ်ကြားပြီး နမူနာ ဖွင့်ပြသည်ဟု သိရသည်။ ထိုခွေဖြန့်မည့် ရက်တွင် ၁၉၈၈ အရေးတော်ပုံ ဖြစ်ပွား သောကြောင့် ခွေကို တော်တော်နှင့် မဖြန့်နိုင်ခဲ့ပေ။ ထိုခွေလည်း ဘာထူးမှာလဲ။ ထိုစဉ်က ဈေးကွက်တွင် စွာခဲ့သည့် ခွေမဟုတ်။ အခုတော့ အဖိုးတန် ဂန္ထဝင်ခွေ ဖြစ်ခဲ့ပါပြီ။
ထိုခွေထွက်လာသောအခါ ဦးဆုံးသွားဝယ်ပြီး နားထောင်ဖြစ်သည်။ ဗုံမပါ ပတ်မပါ နှဲမပါ လေမှုတ် တူရိယာများမပါ အုပ်စုံမပါဘဲ စန္ဒရား တယောတူရိယာ များဖြင့် တီးခတ်ထားလို့ အစတော့ နားစိမ်နေပေမယ့် နောက်တော့ အကြိမ်ကြိမ်နားထောင်မဝခဲ့တာ အခုထိ ဖြစ်သည်။ ထိုစဉ်ကတော့ လူငယ်ပီပီ မြန်မာသံ ပီသလွန်း အာစောက် လျှာစောက်ကောင်းလွန်းသော မေဆွိ ထက် ဗိုလ်သံလေးဝဲဝဲနှင့် အယ်လ်ခွန်းရီများ သီဆိုရလျှင် ပိုလိုက်ဖက်မှာပဲဟု လောဘကြီးခဲ့ဖူးသည်။ ဒီလောဘက အခုထိ ချင်ခြင်းတပ်ဆဲ ဖြစ်တာ ဝန်ခံပါသည်။
တိုက်ခန်းကျဉ်းကျဉ်း ဝင်ငွေ သေးသေး
————————————————-
ဆက်ရမည်ဆိုလျှင် ရဲသိပ္ပံတိုက်ခန်းကျဉ်းကျဉ်းလေးထဲမှာ နေ့လယ်ပိုင်းလူထုတိုက်သို့ မသွားခင်နှင့် ညပိုင်းတို့တွင် စာတွေ အတော်ရေးဖြစ်ခဲ့သည်။ စာအုပ်အငှားဆိုင် မရှိတော့လို့ ပိုမို အချိန်ရနေသည်။ အထူးသဖြင့် အခန်းကျဉ်းလေးမှာ ကျပ်ကျပ်တည်းတည်းနေရသော်လည်း အရာရာ ဖိဆီးမှု မရှိလို့ စိတ်လက်ကြည်သာသည်။ ထိုအခါ စာရေးရတာ လက်သွက်လှသည်။ ဝင်ငွေက လူထုတိုက်က ရသည့် ကျွန်တော့်လခပဲရှိလို့ အတော်ရုန်းရသည်။
အထူးသဖြင့် အသက်၉၀နား ကပ်နေသော အမေ့အတွက် ဆေးဖိုးလိုအပ်သည်။ တော်သေးသည် အမေက ကြီးကြီးမားမားရောဂါမရှိပေ။ အားဆေး အညောင်းအကိုက်ပျောက်ဆေးလောက်ပဲ လိုသည်။ မမခင်ရီက သူ့ မတိုင်ပင်ဘဲ အောင်ရတနာတိုက်က ထွက်သွားလို့ စိတ်ဆိုးကာ ကျွန်တော့်ကို စကားမပြောသော်လည်း အမေ့ဆေးဖိုးနှင့် စရိတ်စကကိုတော့ လှမ်းပို့ကာ အခါကြီး ရက်ကြီးရောက်တိုင်းလည်း စားသောက်စရာတွေအပြင် ငွေကြေးနှင့်လည်း ကန်တော့ပါသည်။ အမေကလည်း ကျွန်တော့်ဆီမှာ ကျဉ်းကျဉ်းကျပ်ကျပ်နေရတာ အားနာလို့ထင်ရဲ့၊ မြို့သစ်သို့ ရောက်ရှိနေသည့် ဒုတိယ အစ်မအိမ်နှင့် အောင်ရတနာမှာ ကျန်ရစ်သည့် တတိယအစ်မနှင့် မြေးများဆီသို့လည်း ပြောင်းရွှေ့နေထိုင်သည်။ သို့သော် အမေက သမီးတွေနှင့် ကြာကြာမနေ ကျွန်တော့်ဆီပဲ ပြန်လာကာ ကျွန်တော့်သား သူ့မြေး၂ယောက်ကိုပဲ မျက်စေ့အောက်က အပျောက်မခံခဲ့ပေ။
ကျွန်တော့် သား၂ယောက်က ရဲသိပ္ပံတိုက်ခန်းသို့ ပြောင်းခဲ့သော်လည်း ယခင်နေခဲ့သည့် အရပ်ထဲက အ.ထ.က ၁၂မှာပဲ ဆက်နေကြသည်။ ထို့ကြောင့် ၈တန်းတက်ရသည့် အကြီးကောင်က သူ့ BMX စက်ဘီးလေးနှင့် အိမ်ကနေ ၁၂ပြခန့်ဝေးသော ကျောင်းသို့ သွားရသည်။ ၅တန်းတက်ရသည့် သားအငယ်ကိုလည်း ထိုကျောင်းသို့ ခင်သော်ဇင်က စက်ဘီးနှင့် အပို့အကြိုလုပ်ရသည်။ ထို့ကြောင့် အိမ်မှာ ကျွန်တော့်မူလ မိန်းမစီးညွန့်ပေါင်းစက်ဘီး၊ ၄၁လမ်း ကိုဝင်းကိုထံက ဝယ်ထားသော ခင်သော်ဇင်စီးနေသည့် တစ်ပတ်ရစ် ရလေးမိန်းမစီး စက်ဘီးနှင့် သားအကြီး စီးနေသည့် BMX စက်ဘီးလေး တစ်စီးရှိသည်။ ဘာပဲပြောပြော အဆင်ပြေလျှင် ဆိုင်ကယ်လေး တစ်စီးလောက် ရှိသင့်တာပေါ့။ သို့သော် စားဖို့ပင် အနိုင်နိုင်ဖြစ်နေချိန် ဆိုင်ကယ်ကို ဘယ့်နှယ် စိတ်ကူးရမှာလဲ၊ စိတ်နှင့်တောင် မပြစ်မှားရဲသည့် အခြေအနေ ဖြစ်သည်။
လိုသမျှ မပြောရဘဲ ဝိုင်းကူကြတယ်
—————————————
ရဲသိပ္ပံတိုက်ခန်းသို့ ဗြုန်းစားကြီး ပြောင်းရွှေ့စကပင် ထုံးစံအတိုင်း အရပ်ကူပါ လူဝိုင်းပါဆိုတာလည်း ပြောစရာမလိုပေ။ ညနေစောင်းတာနှင့် လှဂုဏ်ရည် ကိုကျော်ဝင်းနှင့် ဇနီး မမဒွဲဘူတို့ရောက်လာပြီး မီးသွေးမီးဖိုအစား နေရာကျဉ်း သန့်ရှင်းသည့် လျှပ်စစ်မီးဖိုလေး ဝယ်ပေးသည်။ ထပ်ခိုးပေါ်က ဘုရားခန်းရှေ့ ကွက်လပ်မှာ ခင်းဖို့ ဖယောင်းပုဆိုး တွေလည်း ယူလာပေးသည်။ လိုအပ်သည့် အိုးခွက်ပန်းကန်တွေလည်း ကြုံသလို ပေးသွားသည်။ ကိုသန်းဦးကလည်း အိမ်ရှေ့မှာ အဖီလေးဆွဲပေးပြီးသံဇကာတွေကာ သံဇကာတပ် ဝင်ပေါက်တွေ ပြုလုပ်ပေးသွားသည်။ ဆရာ ဒေါက်တာစောလှခိုင် က မနက်လင်းတာနှင့် ဆိုင်ကယ်လေးနှင့် ရောက်လာပြီး လက်ထဲမှာ အမေ့အတွက် အီကြာကွေးနှင့် ကော်ဖီတစ်ခွက်က အမြဲပါလာ၏။
ထို့နောက် ကျွန်တော်နှင့် ၃၂လမ်း ၆၆လမ်းနှင့် ၆၇လမ်းကြား အမျိုးသမီးအဆောင် တစ်ဆောင်အနီး ကုက္ကိုပင်ကြီးအောက်က လက်ဖက်ရည်ဆိုင်လေးသို့ သွားထိုင်ကြသည်။ တစ်ခါတရံ ခင်သော်ဇင်လည်း လိုက်လာ၏။ လက်ဖက်ရည်ဖိုးကို ဆရာဒေါက်တာစောလှခိုင်က သူပဲ အမြဲရှင်းသည်။ ကျွန်တော်တို့ အရှင်းမခံ။ တချို့ရက်များတွင် ဇနီးဖြစ်သူ မမသန်းပါလိုက်လာပြီး အမေ့အတွက် ဆေးတွေ ပေးကြသည်။ မနက်လင်းလျှင် ထို၃၂လမ်းဘေးက လက်ဖက်ရည်ဆိုင်လေးမှာ အစ်ကိုဝမ်းကွဲတစ်ယောက်နှင့် ပတ်သက်၍ ရင်းနှီးရသည့် ကိုမြစိုးလည်း ရောက်လာသည်။
ကိုသိုက်ထွန်းသက်၊ ကိုညိုထွန်းလူတို့လည်းရောက်လာသည်။ တစ်ခါတရံ ဆရာဒေါက်တာစောလှခိုင်က ဦးဆောင်ပြီး လာနေကျ မိတ်ဆွေများထံ အသိပေး ပူးပေါင်းစေကာ ကျွန်တော် လတ်တလော မဖြစ်မနေလိုအပ်နေသော ပစ္စည်းမျိုး၊ ကလေးကျောင်း စရိတ်မျိုး၊ ကျန်းမာရေးစရိတ်မျိုး ကူညီသေး၏။
PCO နဲ့ အလုပ်စကားပြောကြဖို့
———————————–
ထိုစဉ်ကာလမှာပဲ ရန်ကုန်ရောက်နေသည့် ပန်းချီစိုးဝင်းငြိမ်းက သူ့မိတ်ဆွေများနှင့် ပူးပေါင်း၍ အလှအပ ဆိုင်ရာ ကွာလတီ မဂ္ဂဇင်း တစ်အုပ် ထုတ်ဖို့ စီစဉ်နေပြီတဲ့။ မဂ္ဂဇင်း format ကို ဆွဲနေပြီတဲ့။ ထိုမဂ္ဂဇင်းအတွက် အယ်ဒီတာ အဖွဲ့ဝင် အနေနှင့်ရော မန္တလေးတာဝန်ခံ အနေနှင့်ရော ကျွန်တော့်ကို သဘောတူထားကြသတဲ့။ ထို့ကြောင့် မဂ္ဂဇင်းကိစ္စ ဆွေးနွေးကြဖို့ တစ်ပတ်လျှင် တနင်္လာ ဗုဒ္ဓဟူးနှင့် သောကြာနေ့တိုင်း နံနက် ၁၀နာရီတွင် တယ်လီဖုန်းနှင့် စကားပြောကြ မယ်တဲ့။ ထို့အတွက် အနီးအနားမှာ အဆင်ပြေမယ့် PCO တယ်လီဖုန်း တလုံးရှာထာပါ။ ကြာကြာပြောရမှာမို့ လူရှင်းသည့် PCO မျိုးဆိုလျှင် အဆင်ပြေပါမယ်။ ဖုန်းပြောသည့် ကုန်ကျစရိတ်ကိုလည်း ပေးပါမယ်လို့ ပြောသည်။ ကျွန်တော်ကလည်း သဘောတူ သဘောကျသည်။
ထို့ကြောင့် အနီးအနားက PCO တွေ လေ့လာကြည့်တော့ လမ်း၃၀ပေါ်မှာလည်း အများအပြားရှိသည်။ အခန်းဘေးမှာလည်းရှိသည်။ သို့သော်ကြာကြာပြောဖို့က အဆင်မပြေနိုင်။ တချို့အချိန်များဆိုလျှင် ဖုန်းဘေးမှာ လူဝိုင်းနေတတ်သည်။ အများစု မိန်းကလေးများဖြစ်၏။ အခန်းဘေးနား PCO က ပိုဆိုးသေး၊ ရေသန့်ရောင်းသည့် အအေးရောင်းသည့် နတ်မိမယ်လေးများ၏ အချိန်းအချက် အပေးအယူ အမြှူအဆွယ် စကားသံများက တစ်ယောက်တလဲမို့ ဖုန်းခွက်က မီးတောက်လောက်ပေသည်။
စတိုးဆိုင်က ဖုန်းကလေး
—————————-
ထိုသို့လေ့လာရင်း PCO ရှာပုံတော် ဖွင့်လိုက်တော့ မနက်တိုင်း ကျွန်တော်တို့ ထိုင်နေကျ ကုက္ကိုပင်ကြီးအောက်က လက်ဖက်ရည်ဆိုင်လေး မရောက်မီ ဆရာအတတ်သင်သိပ္ပံကျောင်းဘက် သွားသည့် လမ်းကြားထိပ်က စတိုးဆိုင်လေးကို သတိထားမိသည်။ သံပန်းလှလှများနှင့် ခတ်ထားသည့် ဝင်းကျယ်ကျယ်ထဲက ခေတ်ဆန်ဆန် ဆောက်ထားသည့် တစ်ထပ်တိုက်လေး၏ အိမ်မကြီးနှင့် ဆက်ထားသော အဆောင်မှာ ဖွင့်ထားသည့် စတိုးဆိုင်လေး ဖြစ်သည်။ ၁၀ပေ ပတ်လည် အခန်းထဲမှာ ရောင်းချသည့်ပစ္စည်းတွေကို စံနစ်တကျ စီရီထားသည်။
အများစုက စာရေးကိရိယာများ၊ စည်သွတ် ပတ်ကင်ထုပ် မုန့်များ၊ လူသုံးကုန်ပစ္စည်းများပဲ ဖြစ်သည်။ ဆိုင်လေးထဲမှာ ဖုန်းတစ်လုံးလည်း ရှိသည်။ ဖုန်းက အနီရောင်မဟုတ်ဘဲ နို့နှစ်ရောင်လေးမို့ PCO အဖြစ်ချထားပေးသည့် ဖုန်းမဟုတ်ဘဲ ကိုယ်ပိုင်ဖုန်း ဖြစ်မည်။ ထိုစဉ်က ထိုအနီးအနားမှာ ဆီစက်နှင့် တွဲထားသည့် ဆီဆိုင်၊ အမျိုးသမီးအဆောင်နှင့် မူကြိုကျောင်းပဲရှိကာ အသွားအလာက နည်းပြီး ဆိတ်ငြိမ် သန့်ရှင်းသည်။
တစ်နေ့တွင် ကျွန်တော်က စက်ဘီးလေးစီးပြီး ထိုစတိုးဆိုင်လေးသို့ သွားကာ ကလေးတွေအတွက် ဘီစကွတ် မုန့်လေးတွေဝယ်ရင်း တယ်လီဖုန်း သုံး၍ ရမရ မေးကြည့်တော့ လိုလိုလားလားပင် သုံးလို့ ရပါတယ်တဲ့။ ထို့ကြောင့် ကိုစိုးဝင်းငြိမ်းထံ ဖုန်းခေါ်ပြီး စကားပြောဖြစ်၏။ ကျွန်တော်နှင့် ကိုစိုးဝင်းငြိမ်းတို့ ပြောနေသောစကားတွေကို ဆိုင်၏ တစ်လုံးထဲသော စာပွဲလေးမှာ ထိုင်ရင်း ချည်ထိုးနေသော ဆိုင်ရှင်အမျိုးသမီးက ကြားနေမှာပေါ့။ အစကတော့ မသိလိုက် မသိဖာသာပါပဲ။ နောက်တော့ ကျွန်တော်တို့ ပြောနေသော စကားတွေကြောင့် သူက ချည်ထိုးနေရာမှ မသိမသာ လှမ်းလှမ်း ကြည့်သည်။ ထိုနေ့ကတော့ သိပ်မကြာ မိနစ်၂၀လောက်ပဲရှိမှာပေါ့၊ သောကြာနေ့ မနက်၁၀နာရီလောက် မှာတော့ သူပို့ထားသော မဂ္ဂဇင်း format စာရွက်တွေ ယူခဲ့ပြီး အသေးစိတ်ညှိကြတာပေါ့ဟု ကိုစိုးဝင်းငြိမ်းကပြောသည်။
အိမ်သုံး ဖုန်းပေမယ့်
——————————
ကျွန်တော်က ဝယ်ထားသည့် မုန့်ဖိုးရော ဖုန်းပြောခရော ကျသင့်ငွေကို တွက်ခိုင်းတော့ ဖုန်းပြောခက မများလှ။ အချို့သော အိမ်ဖုန်းများနှင့် ပြောရလျှင် PCO ထက် ကျသင့်တတ်သော်လည်း အခု စတိုးဆိုင်လေး၏ ဖုန်းက မများလှ။ ထို့ကြောင့် နောက်ရက်တွေမှာလည်း သည်ဖုန်းနဲ့ဆို အဆင်ပြေပြီ။ နေရာကလည်း ကောင်းသည်။ လူလည်း ရှင်းသည်။ ဈေးလည်း သက်သာသည်။ ကျွန်တော်က ကျသင့်ငွေ ရှင်းတော့ ချည်ထိုးနေသည့် ဆိုင်ရှင်က ကျွန်တော့်ကို သေချာ အကဲခတ်နေ၏။ ကျွန်တော်ကလည်း သည်တော့မှ သူ့ကို မသိမသာကြည့်မိသည်။
ကျွန်တော် သိကျွမ်းဖူးသူလား၊ ၁၀တန်း အားသစ် ကျူရှင်မှာလား၊ တက္ကသိုလ် တစ်မေဂျာထဲလား၊ လူထုတိုက်မှာ အလုပ်အပ်နေကျ လုပ်ငန်းရှင်လား။ မဟုတ်နိုင်။ သူက သိကျွမ်းပြီးမို့ ကြည့်သည့် အကြည့်မဟုတ်။ စူးစမ်းလေ့လာသည့် အကြည့် ဖြစ်သည်။ မျက်နှာထားကလည်း မတင်း၊ ခပ်ချိုချိုပါပဲ။ အသားဖြူသည်။ ဆံပင်က ကုတ်ပေါ်ဝဲနေသည်။ အခုမြင်ရချိန် ခေါင်းလျှော်ပြီးစမို့ တရော် ကင်ပွန်းရနံ့လေး ရနေသည်။ မျက်လုံးမျက်ဖန်ကောင်းပြီး မျက်နှာပေါက်က အခံ့ဖက်နွယ်သည်။ ကိုယ်လုံးကိုယ်ထည်ကလည်း သွယ်လျမှု ထက် ခံံ့သည်ဟု ပြောရမည်။ သို့သော် ကျားကျားယားယား တုတ်ခိုင်သည့် ပုံစံမဟုတ်။ သူက သိုးမွေးချည်ကို ကျွမ်းကျင်စွာ ထိုးရင်း ပိုက်ဆံအမ်းပြီးချိန်ထိ ကျွန်တော့်ကို မသိမသာ အကဲခတ်ဆဲ ဖြစ်၏။ ကျွန်တော်က မုန့်ထုပ်လေးကို စက်ဘီးလက်ကိုင်မှာ ချိတ်ပြီး တစ်ချက် လှမ်းကြည့်ပြီး ပြုံးပြလိုက်သည်။
ဆောင်းပါးနှင့် လိုက်ဖက်သည့် မော်ဒယ်ပုံများ
———————————————
နောက်ရက် သောကြာနေ့ မနက်၁၀နာရီလောက်တွင် ၃၂လမ်း စတိုးဆိုင်လေးက ဖုန်းမှ တဆင့် ကိုစိုးဝင်းငြိမ်းနှင့် စကား အတော်ကြာပြောဖြစ်သည်။ သူပို့ထားသော မဂ္ဂဇင်း format ကို ကိုင်ကာ အပြန်အလှန် ညှိနှိုင်း ဖြစ်သည်။ မဂ္ဂဇင်း၏ အမှတ်စဉ် ၁ အတွက် ကျွန်တော့်ဖက်က ရေးပေးရမည့် မျက်နှာဖုံးဆောင်းပါးအတွက်ရော အခြား လုပ်ပေးနိုင်သည့် ဆောင်းပါးများကိုလည်း ဆွေးနွေးဖြစ်သည်။ အထူးသဖြင့် ကျွန်တော်က စာမူကိုသာမက လိုအပ်သော ဓာတ်ပုံများကို လည်း တာဝန်ယူရမည်။ ဓာတ်ပုံဆိုတာကလည်း ဆောင်းပါးနှင့် လိုက်ဖက်သည့် မော်ဒယ်ပုံများ ဖြစ်သည်။ မော်ဒယ်ရပြီထားဦး၊ ဆောင်းပါးသည့် လိုက်ဖက်သည့် အဝတ်အစား ဝတ်ဆင်ရမည်၊ ဆောင်းပါးနှင့် လိုက်ဖက်သည့် နေရာနောက်ခံတွေမှာ ရိုက်ကူးပေးရမည်။
ကျွန်တော့်မှာ ဓာတ်ပုံနှင့် ပတ်သက်သော အသိုင်းအဝန်းရှိပါ၏။ အထူးသဖြင့် ထိုစဉ်ကာလက လှဂုဏ်ရည်တွင် ကိုကျော်ဝင်း၏သား ကျော်သူဝင်း က လက်စွမ်းထက်နေချိန်ဖြစ်သည်။ ထို့ပြင် လှဂုဏ်ရည်မှာ ရန်နိုင်ဝင်းလည်း ရှိသည်။ ဟေမာဇလမှာ မြန်မာ့ဓန အညာစာလွှာ ကဏ္ဍ အတွက် ပင်တိုင်ရိုက်ကူးပေးနေသော ကိုရန်နိုင်(ရတနာ) ရှိသည်။ ထို့ပြင် ကိုကျော်ဝင်းနှင့် ပတ်သက်ပြီး ဆရာငွေလှိုင်းမောင်မောင်လေးလည်း အကူအညီ တောင်းလို့ရသည်။ ပြဿနာက မော်ဒယ်ဖြစ်သည်။ မော်ဒယ်ကလည်း မော်ဒယ်ဆိုသည့်အတိုင်း ခေတ်နှင့်ရော ဆောင်းပါးနှင့်ရော ကိုက်ရမည်။ ထိုမျှမက စရိတ်စကအတွက် ဝန်မလေးရုံမက သူတို့ကိုယ်တိုင်က စိုက်ထုတ်နိုင်သူဖြစ်ရမည်။ ဒီလုပ်ငန်း ကျွန်တော် မကျွမ်းကျင်ပေ။ ကိုယ့် အဝန်းအဝိုင်းမှာ မရှိ။ ထိုအခက်အခဲကို ကိုစိုးဝင်းငြိမ်းနှင့် အတော်ပြောရသည်။ ကိုစိုးဝင်းငြိမ်းကတော့ ကျွန်တော့် ဆောင်းပါးအတွက် မော်ဒယ်ကို မန္တလေးသူပဲ သုံးချင်သတဲ့။ ရန်ကုန်မှာလိုချင်သည့် အဝတ်အစားရှာပေးပြီး ရိုက်လျှင် လွယ်လင့်တကူ များများစားစားရသတဲ့။
ဓာတ်ပုံမော်ဒယ် လိုချင်တယ်
——————————–
သို့သော် ရန်ကုန်သူက မန္တလေးသူ ဖြစ်မှာ မဟုတ်ဘူးတဲ့။ ဒါကြောင့် ကြိုးစားရှာပါ၊ စရိတ်စက အတန်အသင့်ကို မဂ္ဂဇင်းတိုက်က ထုတ်ပေးပါမယ်တဲ့။ ကဲ မတတ်နိုင်တော့ ၊ လတ်တလော ဖြေရှင်းနည်း ကတော့ လှဂုဏ်ရည် ကိုကျော်ဝင်း သမီး ဆုမွန်ဝင်း ကိုပဲ မော်ဒယ်အဖြစ် သူ့အစ်ကို ကျော်သူဝင်း ကို ရိုက်ခိုင်းလိုက် မည်။ ဆုမွန်ဝင်း ကလည်း အပျိုပေါက် အချောအလှ၊ ဓာတ်ပုံဆရာသမီးဆိုတော့ ထူးသင်စရာမလို၊ ကိုင်း အဝတ်အစား အတွက်လည်း တစ်ဦးတည်း သမီးမို့ သူ့အမေ မမဒွဲဘူက အပြည့်အစုံ ။ဆင်ပေးထားသည်။ ကဲ ဘာစရိတ် တစ်ပြားမှ မကုန်တော့ပေ။ သို့သော် ဆောင်းပါးတိုင်း ဆုမွန်ဝင်းချည်းလည်း မဖြစ်သေး။ အခြား ဆောင်းပါးများအတွက်လည်း လိုအပ်သေး၏။ လတ်တလော ထွက်မည့် အမှတ် ၁ အတွက်တော့ အဆင်ပြေ နေသေးသည်။
မဂ္ဂဇင်း သဘောသဘာဝ အရ ၃အုပ်စာလောက် အဆင်သင့် ပြင်ဆင်ထားရသောကြောင့် ကျန်ဓာတ်ပုံတွေ ဆက်တိုက်ပေးရမည်။ ထိုနေ့က ကနဦးအစမှာပင် မဂ္ဂဇင်းအတွက် ကိုစိုးဝင်းငြိမ်းနှင့် ပြောရဆိုရတာ တစ်နာရီကျော် ကြာသွား၏။ ကိုင်း ဖုန်းဖိုးဘယ်လောက်ကျပါသလဲ ဆိုတော့ စတိုးဆိုင်ပိုင်ရှင်လေးက ပြောရမှာ အတော်အားနာနေသည်။ “ကျွန်တော် ဘယ်လို ယူရမှန်းမသိတော့ဘူး၊ ဆရာတို့က အခုမှ လုပ်ငန်းစမှာကို ကျွန်တော် မယုရက်ဘူးဗျာ၊ ကြိုက်သလောက်ပဲ ပေးပါ” တဲ့။ ကျွန်တော်က ယူပါ ကျသင့်သလောက်ယူပါ၊ ဒါက အလုပ်ပါ။ ညီမတို့လည်း ရင်းနှီးထားရတာလေ ဆိုတော့ ငွေ၁၀၀ကျော်လောက် ကျသင့်တာကို ၇၅ကျပ်ပဲ ယူလိုက်သည်။
ထို့နောက် ပိုက်ဆံအမ်းရင်း ကျွန်တော်က ကျေးဇူးတင်စကားပြောတော့ သူက ပြန်လှန်ပြောသောအခါ သူက စာဖတ်ပရိသတ် ဖြစ်နေတော့သည်။ ကျွန်တော့်စာတွေ ဖတ်ဖူးသတဲ့။ မန္တလေးမျဉ်းဖြောင့်ကို စောင့်ဖတ်သတဲ့။ အိပ်မက်ဖူး မဂ္ဂဇ်ထဲက ကျွန်တော်ရေးသော သစ်သားတံတားလေး ဝတ္ထုတိုကို ကြိုက်သတဲ့။ ကျွန်တော့် ဝတု္ထထဲမှာပါသော နေရာလေးက ဘုန်းကြီးကျောင်းကို သူ့အဒေါ်နှင့် မကြာခဏ ရောက်ဖူးလို့ ဖတ်လိုက်တာနှင့် ချက်ချင်းသိသတဲ့။ သူက ဆက်ပြောသေး သည်။ ထို သစ်သားတံတားလေး က ဝတု္ထတိုပါတဲ့။ ဒါကို အိပ်မက်ဖူး အယ်ဒီတာတွေက အက်ဆေး ကဏ္ဍအောက်မှာ ထည့်ထားတာကိုတော့ မကြိုက်လှဘူးတဲ့။
သူက ကျွန်တော့်ကို မှတ်မိသတဲ့
———————————–
သူက ကျွန်တော့်ကို သူ့ဆိုင် ဝင်လာကတည်းက မှတ်မိသတဲ့။ သူ VEC မှာ ၁၀တန်းတက်နေစဉ်က ကျောင်းကို လာဟောပြောဖူး သတဲ့။ ဆရာကိုလေး(အင်းဝဂုဏ်ရည်)၊ ဆရာကြည်အောင် တို့နှင့် အတူ ၃၅လမ်းက ရှမ်းအသင်းတိုက် မှာ လာဟောပြောတာတဲ့။ ဆိုင်ထဲဝင်လာတော့ မှတ်မိပေမယ့် မသေချာသေးလို့ နှုတ်မဆက်တာတဲ့။ ဟိုနေ့က ဖုန်းပြောတော့မှ မဂ္ဂဇင်းကိစ္စကို ဆရာစိုးဝင်းငြိမ်းနှင့် ပြောဆိုနေကြတာ ကြားမှ ဆရာမှန်း သေချာသွားတာတဲ့။ သူက ခရားရေလွှတ် ပြောပြတော့သည်။ သူဆက်ပြောတော့မှ အဘိုးအဘွားတွေက မိုးကုတ်ကဖြစ်ပြီး ဖခင်က အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ တာဝန်ဖြင့် မန္တလေးရောက်လာကာ စီဗီွိလိုင်းသူနှင့် ရပြီး ပင်စင်ရပြီးနောက် မန္တလေးမှာပဲ အခြေချတော့သည်တဲ့။ သူက အခုကျွန်တော်တို့ စီစဉ်နေသည့် မဂ္ဂဇင်းအသစ်ကိုလည်း အတော် စိတ်ဝင်စားနေသည်။ ရန်ကုန်မှာ အခြေချထုတ်ဝေသော်လည်း မန္တလေးအကြောင်းအရာများ အတော်များများပါမှာမို့ သဘောကျနေသည်။ မဂ္ဂဇင်းထွက်ရင် လစဉ်ဝယ်ဖတ်မယ်ဟု အားခဲနေ၏။
သည်လိုနှင့် “လာ၊ဟူး၊ကြာ” (တနင်္လာ၊ ဗုဒ္ဒဟူး၊ သောကြာ) နေ့တိုင်း ကျွန်တော်ဖုန်းဆက်ပြီးသည်နှင့် သူနှင့် စာအကြောင်း ပေအကြောင်းတွေ တမေံတမော ပြောဖြစ်နေကြ၏။ နောက်ရက်တွေမှာ သူသာမက လမ်းတဖက် မျက်နှာချင်းဆိုင် တိုက်ခန်းတွဲက သူနှင့် ရွယ်တူ ဝါသနာတူ တစ်ယောက်ကိုလည်း ခေါ်ထားကာ စကားဝိုင်းဖွဲ့ဖြစ်တော့သည်။ စကားဝိုင်းဖွဲ့ ဖြစ်တိုင်း သူ့လက်ရာ မိုးကုတ်လက်ဖက်ပွဲက အမြဲပါသည်။ ထို့ပြင် ကျွန်တော်က ဖုန်းပြောပြီး ကျသင့်ငွေပေးလျှင် လျှော့ယူရုံ မက “ဖုန်းဖိုးက မယူချင်ဘူ ဆရာ၊ ဆရာက ယူရမယ်ဆိုလို့ပါ၊ ဒီတော့ ဖုန်းဖိုးကို ယူလိုက်ပါ့မယ်။ ဒါက ဆရာ့အတွက် လက်ဆောင်ပါဟု ဆိုပြီး အပြန်မှာ ဆိုင်ကောင်တာထဲက မုန့်ထုပ်တွေကို အိတ်ထဲ ထည့်ပြီး ပေးလိုက်သည်။
အဝတ်အစား စိန်ရွှေရတနာ ပူစရာမလိုပါ
———————————————-
ကျွန်တော်နှင့် ကိုစိုးဝင်းငြိမ်း ဖုန်းစကားပြောဖြစ်တိုင်း ဆောင်းပါးအတွက် ဓာတ်ပုံကိစ္စ အခက်အခဲကို သူက ကြားနေရမြဲ ဖြစ်သည်။ တစ်နေ့တွင် သူက ကျွန်တော်လိုအပ်နေသော ဓာတ်ပုံမော်ဒယ်များကိစ္စ သူကူညီမယ်တဲ့။ အ.ထ.က ၈ မှာ နေစဉ်က ညီအစ်မလို ရင်းနှီးသော သူငယ်ချင်းတွေရှိသတဲ့။ သူတို့က မန္တလေးသူစစ်စစ်များဖြစ်သလို ဆွေကြီးမျိုးကြီးတွေတဲ့။ ရုပ်ရေကလည်း ချောသတဲ့။ သူတို့က ညီအစ်မ အရင်းတွေသာမက ဝမ်းကွဲတွေကလည်း အချောအလှတွေချည်းတဲ့။ ကျွန်တော်ဖုန်းဆက်နေတာကြားပြီး သူက ဘာကူညီနိုင်မလဲဆိုတာ စဉ်းစားကြည့်သတဲ့။
ထိုစဉ် ဓာတ်ပုံ မော်ဒယ် ကိစ္စ သူကူနိုင်တာပဲလု့ိ သတိရပြီး ပတ်ကုံးဝန်းကျင် ရပ်ထဲမှာ နေထိုင်သော သူ့သူငယ်ချင်းဆီသွားကာ တီးခေါက်ကြည့်တော့ သူငယ်ချင်းသာမက သူ့မိသားစုကပါ အားတက်သရော နှင့် ဓာတ်ပုံမော်ဒယ်အဖြစ် ကူညီကြ မတဲ့လေ။ ထို့ကြောင့် လိုချင်သည့် အဝတ်အစား၊ လိုချင်သည့် ပုံအနေအထားပြောပါ။ သူတို့က အားလုံး လိုအပ်တာ သူတို့ စရိတ်နှင့် သူတို့ ကူညီပါမယ်တဲ့။ ကျွန်တော့်မှာ ဝမ်းသာလိုက်သည့် ဖြစ်ခြင်း။
ဤသို့ဖြင့် မန္တလေးသူလေးများ၏ ပွဲနေပွဲထိုင် ပွဲတက် ဝတ်စုံ၊ မင်္ဂလာ သတို့သမီး ဝတ်စုံ၊ ဈေးချိုသူ ဝတ်စုံ၊ လွန်းရာကျော်ချိတ် ဝတ်စုံ စသည်တို့ကို ခေတ်အလိုက် ဝတ်စုံ အမျိုးမျိုး အပြင်၊ ဘိုးဘွားလက်ထက်ကတည်းက မီးခံတိုက် မီးခံသေတ္တာထဲ သိမ်းဆည်းထားသော ရတနာပစ္စည်းများ ရွှေထည်ပစ္စည်းများကိုပင် ထုတ်ဆင်ကာ ဓာတ်ပုံများ ရိုက်ကူးပေးကြသည်။ ထိုသို့ ရိုက်ကူးတိုင်း စတိုးဆိုင်ရှင်လေးက သူကိုယ်တိုင် လိုက်ကာ အစအဆုံးကူညီပေးခဲ့သည်။ ထို Beauty မဂ္ဂဇင်း ထွက်လို့ သူ့ကိုရော မော်ဒယ် ညီအစ်မတွေကိုရော တစ်အုပ်စီလက်ဆောင်ပေးတော့ အလကား မယူပါရစေနဲ့ စာအုပ်ဖိုးပေးပါရစေဆိုကာ ပိုက်ဆံတွေ ပေးနေလို့ မနည်း ပြန်ပေးကာ စာအုပ်တွေ လက်မှတ်ထိုး ပေးခဲ့သည်။ မန္တလေးသည် ကူညီစရာရှိလျှင် ထိုသို့ အိတ်သွန်ဖာမှောက် ကူညီခဲ့ကြသည့် အစဉ်အလာရှိခဲ့သည်။
ဆူးငှက်
