ဩဂုတ် ၂၅ ၊ ၂၀၂၆
GG (VOM)
ထိုင်းနိုင်ငံတောင်ပိုင်းရှိ ပတ္တနီ၊ ယာလာ နဲ့ နရာသီဝပ် ပြည်နယ်တွေမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်နေတာကြောင့် အဲဒီဒေသက မြန်မာနိုင်ငံသားတွေအနေနဲ့ မသက်ဆိုင်တဲ့ လူစုလူဝေးမှာ ပါဝင်ပတ်သက်မှုမလုပ်ဖို့နဲ့ လုံခြုံရေး အထူးဂရုပြု နေထိုင်သွားလာဖို့ ဘန်ကောက် ၊မြန်မာသံရုံးက သတိပေး ထုတ်ပြန်ပါတယ်။
တကယ်လို့ အကြောင်း တစုံတရာ ပေါ်ပေါက်လာပါက မြန်မာသံရုံးနဲ့ အလုပ်သမားသံအရာရှိရုံးကို ဆက်သွယ် အကြောင်းကြားဖို့ ဩဂုတ် ၂၄ ရက်မှာ အသိပေးခဲ့တာ ဖြစ်ပါတယ်။
” အကြမ်းဖက်မှုတွေဖြစ်တဲ့နေရာထဲက ယာလာနဲ့ နရာသီဝပ်က ထိုင်းနဲ့မလေးရှားနယ်စပ် နေရာတွေပါ ။ ဒီအကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ ထိုင်းအာဏာပိုင်တွေကလည်း လုံခြုံရေးတိုးမြှင့်လုပ်နေတယ်။ အဲဒီပြည်နယ်တွေမှာက မြန်မာလုပ်သားရှိတော့ရှိပေမယ့် တအားမများဘူး။ ဆောက်လုပ်ရေးရှိမယ်။ ရေလုပ်ငန်းရှိမယ်။ ကျန်တဲ့အထွေထွေအလုပ်ရှိမယ်။
ဘာပဲ ဖြစ်ဖြစ် အဲဒီဒေသမှာ လုပ်ကိုင်နေတဲ့ မြန်မာတွေအနေနဲ့ အသွားအလာဆင်ခြင်ဖို့လိုတယ်။ လူစုလူဝေးဆို မစပ်စုကြပါနဲ့ ။ ရှောင်ကြပါ။ အကြမ်းဖက်မှုဖြစ်တဲ့ဘက်ကို တတ်နိုင်ရင် ရှောင်ပါ။ သံရုံးကလည်း သတိပေးထားတယ်။ သတိဝီရိယနဲ့နေထိုင်ကြဖို့ ပြောချင်ပါတယ်။ ” လို့ ထိုင်းရောက်မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်သူကပြောပါတယ်။
အခု အကြမ်းဖက်မှုတွေဖြစ်ပွားနေတဲ့ ထိုင်းနိုင်ငံတောင်ပိုင်းမှာ မြန်မာလုပ်သား သိန်းနဲ့ချီရှိပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားနေတဲ့ ပြည်နယ်သုံးခုမှာတော့ မြန်မာလုပ်သား လုပ်ကိုင်မှု သောင်းဂဏန်းလောက်ပဲရှိတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံတခုလုံးမှာဆိုရင်တော့ မြန်မာလုပ်သား သန်းနဲ့ချီပြီး အလုပ်လုပ်ကိုင်မှုရှိနေပါတယ်။
ဩဂုတ်လ ၂၄ ရက် ညက ပတ္တနီပြည်နယ်ထဲက ရှိ 7-Eleven အရောင်းဆိုင်ခွဲကို ပစ္စည်းလုယက် မီးရှို့ခဲ့သလို ကျေးရွာလုံခြုံရေးတပ်စခန်းကိုလည်း ပစ်ခတ်မှုရှိခဲ့တယ်သိရလို့ သိရပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်းက အဲဒီပြည်နယ်သုံးခုမှာ ဩဂုတ် ၂၂ ရက် ကလည်း ပေါက်ကွဲမှု ၊ဖျက်ဆီးမှု ၊ မီးရှို့မှု ပေါင်း ၇၀ ကျော်အထိ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
