ခုနစ်နှစ်နီးပါး ရပ်နားထားတဲ့ ကော့ကရိတ် – ရန်ကုန် အဝေးပြေးယာဥ်လိုင်း ပြန်လည်ပြေးဆွဲ

ဩဂုတ် ၂၆ – ၂၀၂၆
SS (VOM)
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ပြန်လည်ထူထောင်ရေး ကာလအတွင်း ခုနစ်နှစ်နီးပါးကြာ ရပ်တန့်ထားရတဲ့ ကော့ကရိတ် – ရန်ကုန် “အဆွေတော်” အဝေးပြေးယာဥ်လိုင်းကို ဒီကနေ့ ဩဂုတ် ၂၆ ရက်ကစပြီး ပြန်လည် ပြေးဆွဲပေးနေပြီလို့ ကော့ကရိတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နီနီအောင်က ပြောပါတယ်။
ယာဉ်လိုင်းပြည်လည် ပြေးဆွဲတဲ့ အထိမ်းအမှတ်အဖြစ် ခရီးသည်တွေကို ဒီက‌နေ့ ဩဂုတ်၂၆ ရက််မှစပြီး ဩဂုတ် ၃၀ ရက်နေ့အထိ ငါးရက်တိုင်တိုင် အခမဲ့ လိုက်ပါစီးနင်းခွင့် ပြုသွားမယ်လို့လည်း သိရပါတယ်။
အခုလို အဝေးပြေးယာဉ်လိုင်း ပြန်လည် ပြေးဆွဲပေးနိုင်တာဟာ ပြည်သူတွေရဲ့ စီးပွားရေး၊ လူမူရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍာစုံ အဆင်ပြေသွားနိုင်တဲ့အပြင် ကုန်စည် စီးဆင်းမူအတွက်လည်း အဆင်ပြေစေနိုင်တယ်လို့ ဒေါ်ခင်နီနီအောင်က VOM ကို ပြောပါတယ်။
“အရင်ကခရီးသွားရင် တထောက်နားပြီး အဆင့်ဆင့်သွားနေရတာပါ။ အခုလို ယာဉ်လိုင်းဖွင့်တော့ ပြည်သူတွေအများကြီး စိတ်ချမ်းမြေ့ ပျော်ရွှင်ကြပါတယ်။ ဝမ်းသာနေကြတာကိုလည်း မြင်ရပါတယ်။ လမ်းကြောင်းအခြေအနေလည်း စိတ်ချရပါတယ်။ သွားလာနေတဲ့ ပြည်သူတိုင်း သိပါတယ်။ ဒီလမ်းကြောင်း အခြေအနေကို စိတ်ချလက်ချနဲ့ သွားလာနိုင်ပါတယ်” လို့ ဒေါ်ခင်နီနီအောင်က ပြောပါတယ်။
အဆင့်မြင့် အဆွေတော် ခရီးသည်တင်ယာဉ်လိုင်း ပြေးဆွဲနိုင်ဖို့ ဖွင့်ပွဲအခမ်းအနားကို ဒီကနေ့ ဩဂုတ် ၂၆ ရက်၊ မနက် ၇ နာရီက အမှတ် (၃) ရပ်ကွက်၊ အောင်မင်္ဂလာလမ်းမှာ ကျင်းပခဲ့ပြီး မနက် ၇ နာရီ ၄၅ မိနစ်မှာ ကော့ကရိတ်မှ ရန်ကုန်မြို့ကို အဝေးပြေးယာဉ် စတင် ထွက်ခွာခဲ့တယ်လို့ သိရပါတယ်။
“မြဝတီအထိ ခရီးတောက်လျှောက် ခရီးသွားပြည်သူတွေ လာလို့ရပြီလေ။ အခက်အခဲလည်း မရှိတော့ပါဘူး။ ကော့ကရိတ်မှာ ကားလိုင်းဖွင့်တော့ အဆင်ပြေသွားတာပေါ့။ ဟိုအရင်ကလို ပြန်လည်စည်ကား အသက်ဝင်လာမှာပါ။ အနယ်နယ်အရပ်ရပ်မှာ ကော့ကရိတ်ကနေ ယာယီ နေရပ်စွန့်ခွာ ပြည်သူတွေအတွက် ကိုယ်မြို့၊ ကိုယ်ဒေသကို အဆင်ပြေစွာ လာရောက်နိုင်မယ့်အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်။ တချို့ဆို ပြန်လာဖို့အတွက် ခရီးက တဆင့်ပြီးတဆင့် စီးရတော့ အဆင်မပြေဘူးလေ။ အခုတော့ တိုက်ရိုက်ဆိုတော့ အဆင်ပြေသွားပြီ” လို့ ဒေါ်ခင်နီနီအောင်က ပြောပါတယ်။
‎ဒီကနေ့ ကျင်းပပြုလုပ်တဲ့ အဆွေတော်ယာဉ်လိုင်း ဖွင့်ပွဲအခမ်းအနားကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်နီနီအောင်အပြင် ကော့ကရိတ်ခရိုင် စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာ၊ ခရိုင်နဲ့ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲတွေ၊ မြို့နယ်စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ကျော်ဦး၊ မြို့နယ်မိခင်နဲ့ ကလေးစောင့်ရှောက်ရေး ကော်မတီဝင်တွေ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေနဲ့ ဒေသခံပြည်သူတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ဒေါ်ခင်နီနီအောင် (FB)

Related posts

Leave a Comment

VOM News

FREE
VIEW