စက်တင်ဘာ ၃ – ၂၀၂၆
SS (VOM)
မန်ချက်စတာ ယူနိုက်တက်အသင်းက ဂန္ထဝင် ကစားသမား လေးယောက်ဖြစ်တဲ့ ရွိုင်ယန်ဂစ်၊ ပတ်ထရစ်အီဗရာ၊ ဒီမီတာဘာဘာတော့ဗ်နဲ့ အန်ဒါဆန်တို့ လာမယ့် အောက်တိုဘာလကုန်မှာ ရန်ကုန်မြို့ကို လာမယ်လို့ ပွဲစီစဉ်သူတွေဆီက သိရပါတယ်။
“Legendary Players in Yangon” လို့ နာမည်ပေးထားတဲ့ Meet and Greet အစီအစဉ်ကို The Garden Agency က စီစဉ်တာဖြစ်ပြီး အောက်တိုဘာလ ၃၀၊ ၃၁ နဲ့ နိုဝင်ဘာလ ၁ ရက်နေ့တွေမှာ ပွဲတွေ ကျင်းပသွားမယ်လို့ သိရပါတယ်။
ပွဲအခမ်းအနားတွေကို အောက်တိုဘာလ ၃၀ ရက်နဲ့ ၃၁ ရက်နေ့တို့မှာ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းရှိ Melia Hotel The Grand Ballroom မှာ ကျင်းပသွားဖို့ ရှိနေပါတယ်။
နိုဝင်ဘာလ ၁ ရက် အခမ်းအနားကိုတော့ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းနဲ့ ဦးထွန်းငြိမ်လမ်းထောင့်ရှိ အင်းလျားလိတ်ဟိုတယ်ဝင်း အတွင်းက Yangon Convention Centre မှာ ကျင်းပမယ်လို့ သိရပါတယ်။
“အောက်တိုဘာ ၃၀ ရက်နေ့မှာလုပ်မယ့် Welcome Day ပွဲအစီအစဥ်မှာ Premium Private Dinner ပါမယ်။ Music & Networking နဲ့ Legendary Players တွေကနေ မြန်မာနိုင်ငံမှာရှိတဲ့ Professional ဘောလုံး အားကစားသမားတွေအတွက် အထူးမျှဝေပေးမယ့် Experience Sharing အစီအစဉ်တွေလည်း ပါဝင်မှာပါ” လို့ အေဂျင်စီက အသိပေးထားပါတယ်။
အောက်တိုဘာ ၃၁ ရက်နေ့မှာတော့ LIVE Podcast Program, Tea Session, Meet & Greet နဲ့ Legendary Players တွေရဲ့ UGC Reaction အစီအစဉ်တွေကို တွေ့ကြုံရမှာဖြစ်ကာ နိုဝင်ဘာ ၁ ရက်နေ့မှာတော့ ဖျော်ဖြေရေး အစီအစဉ်တွေအပြင် မန်ယူအသင်းရဲ့ ဂန္ထဝင်ကစားသမား လေးယောက်နဲ့ ပရိသတ်တွေ ရင်းနှီးစွာ တွေ့ဆုံနိုင်မယ့် Public Meet & Greet အစီအစဉ်လည်း ပါဝင်တယ်လို့ သိရပါတယ်။
“ဒီလို အခွင့်အရေးက မန်ယူ အမာခံတွေရဲ့ အိပ်မက်ပါ။ အထူးသဖြင့် Ryan Giggs ကို တွေ့ရမယ်ဆိုတာက Big Chance ပါ။ ၁၉၉၉ ခုနှစ်၊ ၈ ပေစလောင်းကနေ မြင်ခဲ့၊ အားပေးခဲ့၊ ချစ်ခဲ့ရတဲ့ ManUtd ရဲ့ Legend စစ်စစ်ကြီးပါ” လို့ မန်ယူပရိသတ် တယောက်ဖြစ်တဲ့ အဆိုတော်၊ သရုပ်ဆောင် ထွန်းထွန်း (Examplez) က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။
အခမ်းအနားအတွင်း Festival Activities အစီအစဉ်လည်း ပါဝင်မှာဖြစ်ပြီး Festival Games တွေ၊ Stage & Fan Connection Games တွေနဲ့ ပရိသတ်တွေအတွက် တခြား စိတ်ဝင်စားဖွယ်ရာ အစီအစဉ်တွေလည်း ထည့်သွင်းထားတယ်လို့ သိရပါတယ်။
“ဒီအစီအစဉ်က မန်ယူပရိသတ် အကြီးစားတွေအတွက် တကယ့်ကို မယုံနိုင်စရာ သတင်းပါပဲ။ အောက်တိုဘာ ၃၁ ရက်နေ့မှာ မန်ယူ – ချယ်လ်ဆီးပွဲစဥ်လည်း ရှိနေတော့ အဲဒီပွဲကို ကိုယ်အားပေးခဲ့ရတဲ့ Legend Players တွေနဲ့ အတူတူ ကြည့်ခွင့်ရမယ်ဆို ပိုကောင်းမယ်” လို့ နောက်ထပ် မန်ယူပရိသတ်တယောက်က ပြောပါတယ်။
ပွဲအစီအစဉ်နဲ့ Ticket & Merchandise Pack Information တွေကို မကြာမီ ထပ်မံ ကြေညာပေးသွားမယ်လို့ ကြေညာထားပြီး ပွဲအခမ်းအနားမှာ ဘန်နီဖြိုး၊ ချမ်းမြေ့မောင်ချို၊ လွှမ်းပိုင်၊ လုဖရင်း၊ ထွန်းထွန်း (Examplez)၊ ဝိုင်းစုခိုင်သိန်းနဲ့ ရဲလေးတို့က ဖျော်ဖြေပေးမယ်လို့ သိရပါတယ်။
Photo – LPMG
