ဆူးငှက်
ကျွန်တော် သူ့နံမည်ကို သိသည်
———————————-
သစ်ဆိုင်က ပြောလိုက်သော မန်နေဂျာ၏ နံမည်ကို ကြားလိုက်ကတည်းက သိသလိုလို ဖြစ်နေသည်။ စဉ်းစားလိုက်တော့လည်း သတိရလာ၏ ကျွန်တော် ဖိနပ်ကုန်ထုတ် သ/မတွင် အမှုထမ်းစဉ်က ဖိနပ်လုပ်သားများ၏ အလုပ်သမား အစည်းအရုံး အမှတ် ၄၆တွင် အမှုဆောင် ကော်မီတီဝင်အဖြစ် တာဝန်ယူရဖူးသည်။ ထိုစဉ်က မြို့နယ် ပါတီယူနစ် က လူကြီးအချို့နှင့်လည်း ဆက်စပ် ခင်မင်ရသည်။ ယခု နံမည်ကို ထိုစဉ်ကတည်းက ကြားဖူးခဲ့သည်။ အရင်းအနှီး အသိအကျွမ်းကြီးတော့ မဟုတ်။ ယူနစ် ကော်မီတီဝင်ထဲက ရင်းနှီးတာဆိုလို့ ရွှေလောင်းထဲက ကျောင်းဆရာကြီး တစ်ဦးရှိသည်။ ကျောက်ဆည်က တစ်ယောက်ရှိသည်။ ဒီလောက်ပါပဲ။ သစ်ဆိုင်ကပြောသည့် နံမည်ကို သတိထားမိတာက ထိုသူသည် ယူနစ်ကော်မီတီဝင်အဖြစ်သာမက သမိုင်းသုတေသီတစ်ဦး အနေနှင့်လည်း ဆရာ ဦးမောင်မောင်တင်(မဟာဝိဇ္ဇာ) ထံတွင် ၂ကြိမ်လောက်တွေ့ဖူးသည်။ ဆရာကိုယ်တိုင်ကပင် သူ့ကို တလေးတစား ဆက်ဆံသည်။ နောက်တော့ အဆက်ပြတ်သွားသည်။
အခုလည်း သူ့နံမည်ကို သစ်ဆိုင်က မကြားမီ မကြာခဏ ဆုံတွေ့ကြသည့် ပန်တျာက ပန်းချီဆရာများထံက ကြားဖူးခဲ့သည်။ ပန်တျာမှာ ညနေပန်းချီသင်တန်း တက်နေသတဲ့ ဟူလို။ ထို့ကြောင့် အခု သူ့နံမည်ကြားလိုက်တော့ ဆက်သွယ်နိုင်မည့် လမ်းကြောင်းကိုလည်း သတိရလိုက်သည်။ ထိုညနေမှာပဲ စိန်ပန်းရပ်ကွက်တွင်နေထိုင်သည့် မိတ်ဆွေ ပန်းချီဆရာကို မေးကြည့်တော့ သူက အိမ်မှာ အိပ်တာနည်းသတဲ့၊ အများအားဖြင့် လုပ်ငန်းခွင်မှာပဲ ညအိပ်တတ်သတဲ့။ သူ့ကို တွေ့လိုလျှင် သူညအိပ်သည့် လုပ်ငန်းခွင်မှာ မနက်လင်းအမီ စောင့်ရသတဲ့။ မနက်လင်းသည်နှင့် သူက ကွင်းဆင်းရတော့ တွေ့ဖို့ မလွယ်တော့ဘူးတဲ့။ ညအိပ်သည့် လုပ်ငန်းခွင်ကလည်း နေ့စဉ်အပြောင်းအလဲရှိသတဲ့။ သူက အဲ့သလောက် အလုပ်များသည်။ သို့သော် တွေ့ချင်သည်။
ထို့ကြောင့် နောက်ရက် သူ ညအိပ်မည့် လုပ်ငန်းခွင်ကို မိတ်ဆွေထံမှ သိရသည်နှင့် လျှောက်လွှာလေးကိုင်ပြီး မနက် ၅နာရီအမီ သွားစောင့် ဖြစ်သည်။ မနက်၄နာရီခွဲ လောက် ကတည်းက ထိုနေရာသို့ သွားရောက်နိုင်ရန် ဆိုင်ကယ်လေးနှင့် လိုက်ပါကူညီသူက ဒေါက်တာစောလှခိုင် ဖြစ်သည်။ သွားရောက် စောင့်ရမည့်နေရာက ၂၆ဘီလမ်းအတိုင်း အနောက်သို့ တည့်တည့်ဆင်းကာ တာရိုးရောက်သည်နှင့် ညာသို့ချိုးလိုက်ချင်း တွေ့သည့် အမှတ်၃၆ သစ်စက်ဝင်း။ သြဂုတ်လ၏ လဆန်းပိုင်းပေမယ့် နံနက်၅နာရီ မထိုးမီအထိ သစ်စက်ဝင်းအတွင်းမှာ အမှောင်ထုက ဖုံးလွှမ်းဆဲပင်။ သက်တမ်းရှည်ကုက္ကိုပင်ကြီးတွေက အမှောင်ထုကို အိပ်မွေ့ချထားပုံရ၏။ မနိုးထကြသေး။ ကျွန်တော်နှင့် ဒေါက်တာစောလှခိုင် ရောက်သွားတော့ ကား၄စီးလောက်နှင့် လူအချို့ရောက်နှင့် နေကြပြီ။ သူတို့က လာနေကျ ဖြစ်ပုံရ၏။ သူတို့အချင်းချင်းပင် စကားတွေ ဖောင်ဖွဲ့နေကြပြီ။
လက်ထဲမှာ လျှောက်လွှာ ကိုယ်စီ
————————————–
ကျွန်တော်တို့ကတော့ အခုမှ ရောက်တော့ ဘာမှန်းမသိသေးဘဲ ရောက်နှင့်နေသူတွေကို အကဲခတ်နေရသည်။ အမှောင်ထုက တဖြည်းဖြည်းပါးလာချေပြီ။ သို့သော် ဖွဲပက်သလို ပွဲတော်တွေ့နေသည့် ခြင်ထုက မပါးလှသေးပေ။ သည်လိုနှင့် မနက် ၅နာရီအကျော် အလင်းရောင်က ကုက္ကိုပင်ကြားက မျက်စေ့မှေးကြည့်လို့ တစ်ယောက်နှင့်တစ်ယောက် သဲကွဲစွာ မြင်ရချိန် သစ်စက် ဘိုတဲလေးက တံခါးပွင့်သည်။ နှစ်တစ် အသားချောင်းလေးတွေ ကာထားသည့် ဝင်းခြံလေးက ဝင်းတံခါးပွင့်သည်။ လာနေကျသူများက တံခါးဖွင့်တာနှင့် အလျှိုလျှိုနှင့်ဘို တဲလေးပေါ် တက်ကြသည်။ သူတို့အားလုံး တက်ပြီးမှ ကျွန်တော်က မယောင်မလည်နှင့် နောက်က လိုက်သည်။ ဒေါက်တာစောလှခိုင်ကိုတော့ ကုက္ကိုပင်အောက် ကပဲ စောင့်ခိုင်းခဲ့သည်။
ဘိုတဲလေးက သိပ်မကြီး။ ၂ခန်းပတ်လည်လောက်ပဲ ရှိမှာပေါ့။ သွပ်မိုး ပျဉ်ကာ ပျဉ်ခင်းဖြစ်ကာ ခြေတံရှည်လေး ဖြစ်၏။ ဘိုတဲပေါ်မှာ အိပ်ခန်းလေး တစ်ခန်းပဲရှိသည်။ အိပ်ခန်းရှေ့ ကြမ်းခင်းမှာ ဝါးဖျာခင်းထားသည်။ ဆက်တီ စာပွဲသေးလေး တစ်လုံးနှင့် ဆက်တီ ထိုင်ခုံလေး တစ်လုံး ခွေးခြေလေး တစ်လုံးပဲရှိသည်။ စောင့်နေကြသော ၁၀ယောက် ဝန်းကျင်ရှိ အားလုံးက ဘိုတဲ၏ ကြမ်းပြင်ကျဉ်လေးမှာပဲ ထိုင်သူထိုင် ရပ်သူရပ်ရင်း လျှောက်လွှာလေးတွေ ကိုယ်စီ ကိုင်ထားကြသည်။ တစ်လုံးထဲရှိသော ဆက်တီခုံလေးနှင့် ခွေးခြေလေး တစ်လုံးမှာ ဘယ်သူ့ကို ဦးစားပေးထိုင်စေရန် အဆင်မပြေတော့ ထိုခုံလေး ၂လုံးက လွတ်နေ၏။
သစ်စက် ဘိုတဲလေးပေါ်မှာ
——————————
ခဏနေတော့ ကျွန်တော်တွေ့ခင်သောသူက အခန်းထဲက ထွက်လာပြီး ကဲ ကဲ လျှောက်လွှာတွေပေးကြပါ။ ဒီနေ့ သစ်ကားက ရောက်ဖို့ရှိပေမယ့် တန်ခိန်နညးတယ်၊ အားလုံးမျှတ ပေးရမှာပါ ဟု ပြောသည်။ ထို့နောက် အနီးဆုံးရှိသူထံက လျှောက်လွှာ တစ်စောင်ချင်းစီယူပြီး အရှင်ဘုရားဆွမ်းစားကျောင်းက ပြီးလုပြီလားဘုရား တပည့်တော် အခုအခေါက်တော့ ပေးလိုက်ပါမယ်။ ဒါ နောက်ဆုံးအနေနဲ့ရမှာကို လက်ခံပေးပါဘုရား ဟု ပြောပြီး လျှောက်လွှာမှာ ပေးနိုင်သည့် သစ် အရေအတွက် ကို ရေးကာ လက်မှတ်ထိုးသည်။ ထို့နောက် နောက်တစ်ယောက်ထံက လျှောက်လွှာ ကို ယူပြီး ဗိုလ်ကြီးတို့က လိုင်းခန်းအတွက်နော်၊ ဒီနေ့ သစ်အရောက်နည်းလို့ ရသလောက်ထဲကပဲ ခွဲပေးပါ့မယ်၊ ဗိုလ်ကြီးတို့လည်း ဒီတစ်ပတ်ခွဲတမ်းနဲ့ နောက်တစ်ပတ်ခွဲတမ်းပဲ ရတော့မှာပါ။ သစ်က အဝင်နည်းသွားပါပြီ၊ စီမံကိန်းတွေအတွက်ပဲ ချပေးရတော့မှာပါ ဟု ပြောကာ ရနိုင်သည့် သစ်အရေအတွက်ကို ရေးပြီးလက်မှတ်ထိုးသည်။
ဤသို့ဖြင့် တစ်ယောက်ပြီး တစ်ယောက် ပြောလိုက် ရေးလိုက် လက်မှတ်ထိုးလိုက်နှင့် သူထိုင်နေသည့် ခုံလေးနှင့် စာရွက်တင်ကာ လက်မှတ်ထိုးသည့် ခုံလေးဘေး လူတွေ ဝိုင်းနေ၏။ ထပ်တိုးပေးဖို့ တောင်းဆိုသူတွေကိုလည်း ရှင်းပြနေရင်း ကျွန်တော့်ကို သူက လှမ်းကြည့်ပြီး အကဲခတ်သည်။ သည်လိုနှင့် ပြောရင်းဆိုရင်း ငြင်းရင်းခုံရင်း လူကုန်သွားပြီ။ ကျွန်တော်နှင့် သူ့ဝန်ထမ်းပဲ ကျန်တော့သည်။ သူ့ဝန်ထမ်းက သူ့အတွက် သောက်ရမည့်ဆေး၊ ရေဖန်ခွက် နှင့် ကော်ဖီတစ်ပန်းကန် ချပေးကာ အပြထွက်ဖို့ ဖိုင်အိတ်များစီစဉ်နေစဉ် သူက ကျွန်တော့်ဘက် လှည့်ပြီး “ခင်ဗျားကရော ဘာအတွက်ပါလဲဗျ”ဟု ရည်မွန်စွာ မေးသည်။ ကျွန်တော်က ကျွန်တော့် ကလောင်နံမည်နှင့် နန်းရှေ့ သရက်ကုန်းမှာ အိမ်လေး တစ်လုံးဆောက်နေလို့ လိုအပ်သည့် သစ်များ ဝယ်ခွင့်ရရန် လျှောက်လွှာ လာတင်တာပါဟု ပြောလိုက်သည်။
ခင်ဗျားက တကယ်ဆောက်မယ့်လူ
————————————
သူက ကျွန်တော့်နံမည်ကြားသည်နှင့် အံ့သြသွားပြီး “ဟာ.. ကိုဆူးငှက်၊ ခင်ဗျားဗျာ၊ စောစောက ပြောရောပေါ့၊ လာ လာ ဒီခုံမှာ ထိုင်ပါဗျ၊ (သူ့ဘေးက ခွေးခြေလေးမှာ ထိုင်ခိုင်းသည်၊ ကျွန်တော့် လက်ထဲက လျှောက်လွှာကို ယူကြည့်သည်) ကျွန်တော်က မြင်ဖူးပါတယ်လို့ ကြည့်နေတာ၊ ဆရာဦးမောင်မောင်တင်ဆီမှာနော်၊ ဟုတ်တာပေါ့၊ ကိုင်း ခင်ဗျား မြင်တဲ့ အတိုင်းပဲ၊ ရှေ့မှာ လျှောက်လွှာလေး တွေနဲ့ လာကြတာ၊ တစ်ယောက်မှ အမှန်အကန်မဟုတ်ဘူး၊ ဆွမ်းစားကျောင်း ဆောက်ချင်လို့၊ လိုင်းခန်းဆောက်ချင်လို့၊ စာကြည့်တိုက် ပြင်ချင်လို့၊ မီးသတ်ကား ထားဖို့၊ ရပ်ကွက်ဓမ္မာရုံဖို့ နဲ့ ခေါင်းစဉ်အမျိုးမျိုးလာကြတာ၊ သိပေမယ့်လည်း ပြဿနာ မဖြစ်အောင် ကြံဖန်ပြီးရောင်းပေးနေရတာဗျ၊ ခင်ဗျားက တကယ်ဆောက်မယ့်လူ၊ တကယ်လိုအပ်နေတဲ့လူ ကျွန်တော် ဖြစ်အောင် ရောင်းပေးမယ်။ တစ်ခုပါပဲ ခင်ဗျားလျှောက်လွှာထဲက သစ်တန်အတိုင်း တစ်နေ့တည်းနဲ့တော့ မရနိုင်ဘူးဗျ၊ ရသလောက် နည်းနည်းချင်း ခွဲရောင်းပေးမယ်၊ ဒီတော့ ၄ကြိမ် ၅ကြိမ်လောက်တော့ လာရမယ်ဗျ” ဟု ပြောရင်း နောက်ထပ် ကော်ဖီတစ်ခွက်ကို သူ့ဝန်ထမ်းအား ဖျော်ခိုင်းတော့ ကျွန်တော်က ငြင်းလိုက်သည်။
ဤသို့ဖြင့် ထိုနေ့မှာပင် ယခု အမှတ်၃၆ သစ်စက်နှင့် မြောက်နား ဖောင်တော် သစ်စက်မှ သစ်တန် သုံးမတ်စီနှင့် သစ်တစ်တန်ခွဲကို ရောင်းချပေးလိုက်၏။ ဖောင်တော်သစ်စက်ရောက်တော့ သူက ကြိုတင်မှာထားလို့ ဖြစ်မည်၊ ဖရဲသီးတွေ စပျစ်သီးတွေ သင်္ဘောသီးတွေနှင့် ဧည့်ခံနေလို့ အားနာရသေးသည်။ သည်လိုနှင့် သူ့ဆီကို ၃လေါက်လောက်သွားပြီး နောက်ထပ်မရောက်တော့၊ ကျွန်တော်က သူ့ှထံရောက်တိုင်း သူက သစ်ရောင်းချပေးသည့်အပြင် စားစရာများနှင့် အမျိုးမျိုး ဧည့်ခံနေတော့ အားနာလှသည်။ လျှောက်လွှာတင်ဖက် ကျန်လူများက ကျွန်တော့်ကို ကြည့်ကြသည့် အကြည့်များ ကလည်း အဆင်မပြေလှ၊ ထို့ကြောင့် နောက်ထပ် မရောက်တော့ပေ။
တကယ်တော့ ကျွန်တော့်အိမ်လေးက ပြီးသာသွားသည်၊ ဓမ္မာရုံနှင့် တူချေသေးတော့။ ဓမ္မာရုံနှင့် တူသည်ဆိုသည်မှာ စုလစ်မွမ်းချွန် များနှင့်ကို ဆိုလိုခြင်း မဟုတ်။ အရပ်ရပ်ကုသိုလ်များနှင့် စုပေါင်းထားလို့ ဖြစ်သည်။ ယခု ဖတ်ပြီး သလောက်ပင် မိတ်ဆွေများအနေနှင့် မြေဖိုးကအစ ကြေးခွေနှင့် အုတ်အလယ် သစ်သားအထိ အလှူရှင် အသီးသီးကို လက်ချိုးရေတွက်ကြည့်လျှင် ဆယ်ဂဏန်းရှိလောက်သည်။
အလှူရှင် ကမ္ပည်းတင်လို့ မဆုံးတော့
—————————————–
နောက်ထပ် အတိုချုပ်ပြောရလျှင် အဝီစိတွင်းအတွက် ဒီဇယ်အင်ဂျင်နှင့် ကွန်ပရက်ဆာကို မိတ်ဆွေ တယောထွန်းထွန်း အကူအညီဖြင့် မင်းကွန်း ရွှေကုက္ကိုဆရာတော်က စွန့်ကျဲသည်။ ရေချိုးခန်းနှင့် မီးဖိုချောင်သုံး ကြွေပြားများကို ကိုသန်းဦးသူငယ်ချင်း ကိုလဆိုင်းတို့ အသင်းတော် ခရစ်စယန် ဘုန်းကြီးက ဝေမျှသည်။ အိမ်အတက် လှေကားလက်ရန်းအတွက် စတီးပိုက်ကို စတီးကိုတင်ယုက လာဆင်ပေးသည်။ မီးဖိုထဲက ပြတင်းတံခါးအတွက် စာရေးဆရာ ခင်အောင်ဝင့်က မှန်ပြတင်းတံခါး ၂ချပ်ကို ဆိုင်ကယ်ပေါ်တင်ပြီး လာပေးသည်။ အိမ်မကြီးအတွက် ကျွန်းတံခါးမကြီး ၂ချပ်ကို မိတ်ဆွေ ကိုညွန့်စိန် နှင့် ကိုခိုင်မင်းတို့ သစ်စက်က တစ်ချပ်ကို စက်ရုံထုတ်ဈေးနှင့် ရောင်းချပေးပြီး တစ်ချပ်ကို လက်ဆောင်ပေးသည်။ အိမ်လေးပြီးလို့ ဆေးသုတ်မည်ဆိုတော့ ဆရာမောင်သစ်လွင်(လူထု) က သူ့အိမ်က ထီးလေးနီနီ တိုက်သုတ်ထုံးအိတ်တွေ ပို့ပေးသည်။
ကိုင်း ကျွန်တော့်အိမ်လေးကိုသာ အလှူရှင် ကမ္ပည်းထိုးရပါက ၃၁လမ်းက ဓမ္မသာလာခန်းမကြီး စတိတ်စင် ဘက်ဂရောင်း လို ဖြစ်တော့မည်။ ဤသို့ဖြင့် ၂၀၀၀ခုနှစ် သြဂုတ်လ ၂၃ရက်နေ့မှာပဲ ရဲသိပ္ပံတိုက်ခန်းကနေ သရက်ကုန်း အိမ်သစ်လေးဆီ ပြောင်းရွှေ့ခဲ့ပါ၏။ ထိုနေ့က ဝါခေါင်လဆုတ် ၉ ရက် ဝါတွင်းကြီးပေမယ့် မတတ်နိုင်တော့။ အခန်းက နှစ်စေ့ပြီလေ။ မိုးတွေစွေနေသည့် နေ့မှာပဲ ပြောင်းကြရွှေ့ကြတော့ ကြံတိုင်းအောင် ကိုအောင်မင်းက သူ့ဗင်နတီကားနှင့် လိုက်ပို့သည်။ ၂၆ဘီလမ်းဘက်က ဝင်မရ၊ ပြွန်တစ်လုံဘက်က ဝင်ရ၏။ သည်မိုးမှာ လယ်မြေက အစေးပေါက် ဗွက်ထသည်။ ကားက ဗွက်ထဲ လမ်းချော် စလစ်ဖြစ်သည်။ ဟောသည် လယ်ကွင်းထဲက လယ်တော အိမ်လေးထဲ ကျွန်တော်တို့ နေထိုင်ကြတော့မည်လေ။
ဆူးငှက်
