အင်းလေး ဖောင်တော်ဦးဘုရားပွဲတော် အောက်တိုဘာ ၁၂ ရက်နေ့ စတင်မယ်

စက်တင်ဘာ ၅ – ၂၀၂၆
SS (VOM)
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ အင်းလေးဖောင်တော်ဦး ဘုရားပွဲတော်ကို လာမယ့် အောက်တိုဘာလ ၁၂ ရက်မှ ၂၉ ရက်အထိ အစဉ်အလာမပျက် ကျင်းပသွားမယ်လို့ ဘုရားဂေါပကအဖွဲ့နဲ့ ဒေသခံတွေဆီက သိရပါတယ်။
ဘုရားပွဲတော်ကို ၁၈ ရက်ကြာ ကျင်းပသွားမှာဖြစ်ပြီး ရှေးအစဉ်အလာအတိုင်း ၂၁ ဌာနကို မြတ်စွာဘုရား ရုပ်ရှင်တော်မြတ်တွေ ဒေသစာရီ ကြွချီအပူဇော်ခံမယ်လို့ သိရပါတယ်။
အခုနှစ် ဘုရားပွဲကို ပိုပြီး စနစ်တကျ ဖြစ်အောင် စီစဉ်‌နေပြီး ဘုရားပွဲ လုံခြုံရေးပိုင်းနဲ့ ပတ်သက်လို့လည်း ဒေသဆိုင်ရာ ဆရာတော်ကြီးတွေရဲ့ ဩဝါဒနဲ့အညီ၊ ရဲတပ်ဖွဲ့၊ မီးသတ်ဌာနတို့နဲ့ နှစ်စဉ် ပုံမှန် လုံခြုံရေးယူနေကျအတိုင်း ဆောင်ရွက်သွားမယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“ကျွန်တော်တို့ ဒေသက အေးချမ်းပါတယ်။ ပဋိပက္ခ ပြဿနာတွေ ကြီးကြီးမားမားလည်း မရှိဘူးလေ။ ဒါကြောင့် ဘုရားဖူးပြည်သူတွေအနေနဲ့ စိတ်ချလက်ချနဲ့ လာနိုင်ပါတယ်။ ပြီးတော့ စက်သုံးဆီဈေးကလည်း ပုံမှန်ပဲဆိုတော့ စက်လှေသမားတွေက ဈေးအဆမတန် တောင်းတာမျိုး မဖြစ်ရလေအောင် အစည်းအဝေးမှာ ကျွန်တော်တို့ တိုင်ပင် ဆွေးနွေးဖို့လည်း လုပ်‌နေပါတယ်” လို့ သူက ပြောပါတယ်။
ဘုရားပွဲကျင်းပမယ့် အစီအစဉ်အရ ရောင်ခြည်တော်ဖွင့်ခြင်း၊ အနေကဇာတင်ခြင်း မင်္ဂလာကို ဖောင်တော်ဦးကျောင်းတော်မှာ အောက်တိုဘာ ၁၂ ရက် (သီတင်းကျွတ်လဆန်း ၁ ရက်)၊ မနက် ၄ နာရီမှာ ပြုလုပ်ပြီး အခမ်းအနား ဖွင့်လှစ်မယ်လို့ သိရပါတယ်။
အခမ်းအနား ဖွင့်လှစ်ပြီးနောက် မနက် ၇ နာရီမှာ ရတနာစံကျောင်းတော်ကနေ ကရဝိတ်ဖောင်တော်နဲ့ အင်းတိန်ကျေးပေါခုံဌာနကို စတင်ပင့်ဆောင် ပူဇော်မှာဖြစ်ပြီး အောက်တိုဘာ ၁၈ ရက် (သီတင်းကျွတ်လဆန်း ၇ ရက်)၊ မနက် ၇ နာရီမှာ ညောင်ရွှေမြို့ကျောင်းတော်ကို ကြွချီကာ သုံးရက် ကိန်းဝပ် အပူဇော်ခံမယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၂၉ ရက် (သီတင်းကျွတ်လပြည့်ကျော် ၃ ရက်) မှာတော့ မူလ သီတင်းသုံးတော်မူရာ ဖောင်တော်ဦးဘုရား ရတနာစံကျောင်းတော်ကို ပြန်လည်ကြွချီကာ စံကျောင်းတော်ဝင်ပွဲ ကျင်းပမယ်လို့ သိရပါတယ်။
“မနှစ်ကတော့ ဘုရားပွဲ ကျင်းပတဲ့အချိန် ရေကြီးခဲ့တယ်။ ဒီနှစ်ကတော့ ရေက ပုံမှန်လောက်ပဲ တက်တာဆိုတော့ တော်တော်လေး အဆင်ပြေပါတယ်။ ဒါကြောင့် ဒီနှစ် ဘုရားဖူး လာကြမယ့်သူတွေအနေနဲ့ ရေနဲ့ပတ်သက်ပြီးလည်း စိုးရိမ်စရာမရှိဘူးလို့ ပြောချင်ပါတယ်” လို့ ဒေသခံက ပြောပါတယ်။
ဒါအပြင် အင်းသားတို့ရဲ့ ဓလေ့တခုဖြစ်တဲ့ ခြေနဲ့ လှော်ခတ်တဲ့ လှေလှော်ပြိုင်ပွဲကိုလည်း ပွဲတော် စတင်ဖွင့်လှစ်တဲ့ အောက်တိုဘာ ၁၂ ရက်နေ့မှ စတင်ကာ အောက်တိုဘာ ၂၉ ရက်နေ့အထိ ပုံမှန်ထည့်သွင်း ကျင်းပသွားမယ်လို့လည်း သိရပါတယ်။
ဖောင်တော်ဦးဘုရားပွဲတော်ဟာ အင်းလေးဒေသမှာ ကျင်းပတဲ့ အကြီးကျယ်ဆုံး ဘုရားပွဲတော်ဖြစ်ပြီး ရိုးရာ လှေလှော်ပြိုင်ပွဲကိုလည်း ထည့်သွင်း ကျင်းပတာကြောင့် ဒေသခံပြည်သူတွေနဲ့ ခရီးသွားဧည့်သည် အများအပြား လာရောက်လေ့ရှိတဲ့ ပွဲတော်တခု ဖြစ်ပါတယ်။
ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေး အပြောင်းအလဲတွေကြောင့် ၂၀၂၀ ပြည့်နှစ်မှစတင်ကာ ဘုရားပွဲကို သုံးနှစ်ကြာ ရပ်နားခဲ့ရပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့မှာ ပြန်လည်စတင် ကျင်းပခဲ့ပါတယ်။
အင်းလေးကန် ဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်တွေ ဒေသစာရီ ကြွချီတဲ့ပွဲတော်ဟာ နှစ်သက်တမ်းပေါင်း ၄၀၅ နှစ်အတွင်း အစဉ်အလာမပျက် ကျင်းပလာခဲ့တဲ့ ပွဲတော်တခုလို့ သိရပါတယ်။
အဲဒီ ဘုရားပွဲတော်ကို ဂျပန်ခေတ် ဒုတိယကမ္ဘာစစ်အတွင်း တကြိမ်၊ ၁၉၈၈ ခုနှစ်မှာ တကြိမ် ရပ်နားဖူးပြီး ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေး အပြောင်းအလဲကြောင့် ၂၀၂၀ ပြည့်နှစ်မှ စတင်ကာ သုံးနှစ်တိုင်တိုင် ရပ်နားခဲ့ရတဲ့အတွက် စုစုပေါင်း ငါးနှစ် ရပ်နားခဲ့ဖူးတယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW