စက်တင်ဘာ ပထမ ၁၀ ရက်ပတ်အတွင်း မြစ်ရေတွေ မြင့်တက်လာနိုင်

စက်တင်ဘာ ၄ – ၂၀၂၆
SN (VOM)
အခု စက်တင်ဘာလ ပထမ ၁၀ ရက်ပတ်အတွင်း မြန်မာနိုင်ငံအတွင်းရှိ မြစ်ရေတွေအားလုံး လက်ရှိရေမှတ်တွေအထက် မြင့်တက်လာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း (အထက်ပိုင်း) မှာ မိုးအနည်းငယ် များခဲ့တာကြောင့် မြစ်သာ‌မြစ်အတွင်း မိုးရေတွေဝင်လာပြီး စိုးရိမ်ရေမှတ်ကိုကျော်ကာ ချင်းပြည်နယ်ထဲ စီးဆင်းနေတဲ့အတွက် လက်ရှိ အဲဒီဒေသအတွင်း ရေလျှံမှုတွေ ဖြစ်နေတယ်လို့ မိုး/ဇလ ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
“ဒီရေတွေက ချင်းတွင်းမြစ်ထဲကို ဝင်လာတာဖြစ်လို့ လက်ရှိ ချင်းတွင်းမြစ်ထဲမှာလည်း ရေတက်နေတယ်။ ဒါကြောင့် မုံရွာမှာလည်း စိုးရိမ်ရေမှတ်ကို ကျော်နေတယ်။ ကလေးဝနဲ့ မင်းကင်းမြို့နယ်တွေဘက်မှာလည်း စိုးရိမ်ရေမှတ် ရောက်နိုင်တဲ့အနေအထား ရှိတယ်” လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
စက်တင်ဘာ ပထမ ၁၀ ရက်ပတ်အတွင်း ဧရာ၀တီမြစ်ရေဟာ မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူ၊ ကသာနဲ့ သပိတ်ကျင်းမြို့တို့မှာ ၂ ပေမှ ၃ ပေခန့်၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတနဲ့ ဇလွန်မြို့တို့မှာ ပေဝက်မှ ၁ ပေခွဲခန့် လက်ရှိရေမှတ်တွေအထက် မြင့်တက်လာနိုင်တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ချင်းတွင်းမြစ်ရေဟာလည်း ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေး၀၊ မင်းကင်း၊ ကနီနဲ့ မုံရွာမြို့တို့မှာ ၁ ပေခွဲမှ ၃ ပေခန့်၊ ဒုဋ္ဌဝတီမြစ်ရေ သီပေါမြို့မှာ ၁ ပေခန့်၊ ရွှေစာရံနဲ့ မြစ်ငယ်မြို့တို့မှာ ၂ ပေမှ ၃ ပေခန့်၊ မြစ်သာမြစ်ရေ ကလေးမြို့မှာ ၂ ပေခန့်၊ စစ်တောင်းမြစ်ရေ တောင်ငူမြို့မှ ၁ ပေခွဲခန့်နဲ့ မဒေါက်မြို့မှာ ၃ လက်မခန့် လက်ရှိ ရေမှတ်တွေအထက် မြင့်တက်လာနိုင်တယ်လို့ သိရပါတယ်။
ရွှေကျင်မြစ်ရေ ရွှေကျင်မြို့မှာ ပေဝက်ခန့်၊ ပဲခူးမြစ်ရေ ဇောင်းတူနဲ့ ပဲခူးမြို့တို့မှာ ပေဝက်မှ ၂ ပေခွဲခန့်၊ သောင်ရင်းမြစ်ရေ မြဝတီမြို့မှာ ၁ ပေခွဲခန့်၊ ငဝန်မြစ်ရေ ငါးသိုင်းချောင်းနဲ့ သာပေါင်းမြို့တို့မှာ ပေဝက်ခန့်စီ၊ တိုးမြစ်ရေ မအူပင်မြို့မှာ ပေဝက်ခန့်နဲ့ ဘီးလင်းမြစ်ရေ ဘီးလင်းမြို့မှာ ပေဝက်ခန့် လက်ရှိရေမှတ်တွေအထက် မြင့်တက်လာနိုင်တယ်လို့ သိရပါတယ်။
လက်ရှိ မြင့်တက်နေတဲ့ ချင်းတွင်းမြစ်ရေဟာ ဧရာဝတီမြစ်ထဲကို ပြန်လည် ဝင်ရောက်လာမှာ ဖြစ်တဲ့အတွက် ရေက အတက်ဘက်ကို ရောက်နေပြီး ပခုက္ကူနဲ့ ညောင်ဦးမြို့နယ်တွေဘက်ကို ရေဝင်လာနိုင်ခြေ ရှိနေတယ်လို့ ‌ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
“ပခုက္ကူနဲ့ ညောင်ဦးကတော့ စိုးရိမ်ရေမှတ် မရောက်ရင်တောင် စိုးရိမ်ရေအမှတ်နား ကပ်သွားမယ့်အနေအထားရှိနေတယ်။ ကျော်သွားမယ်ဆိုရင်လည်း စိုးရိမ်ရေမှတ်အထက် အနည်းငယ်လောက် ပိုသွားနိုင်တယ်။ ဒီရေက ဆက်ပြီး အောက်ကိုဆင်းလာရင် ဟင်္သာတ၊ ဇလွန်မှာလည်း စိုးရိမ်ရေမှတ်နား ကပ်သွားနိုင်တယ်” လို့ သူက ပြောပါတယ်။
အဲဒီလိုပဲ ဧရာဝတီမြစ်ကနေ ခွဲထွက်တဲ့ ငဝန်မြစ်အတွင်းကိုလည်း ရေဝင်ရောက်လာနိုင်တာကြောင့် လာမယ့် တရက်၊ နှစ်ရက်အတွင်း ရေတောင့်နိုင်တဲ့ အနေအထားမျိုး ရှိနေပြီး ငဝန်မြစ်အတွင်း ရေအနည်းငယ် ပြန်တက်လာနိုင်တယ်လို့ သူက ပြောပါတယ်။
သံလွင်မြစ်က‌တော့ လက်ရှိမှာ စိုးရိမ်ရေမှတ်အထက် ၃ ဒသမ ၁၅ ပေ (၉၆ စင်တီမီတာ) ကျော်နေပေမယ့် ဒီရေကျရက် ရောက်ပါက ၆ လက်မလောက် ရေပြန်ကျနိုင်သလို စိုးရိမ်ရေမှတ်ကို ၇၃ စင်တီမီတာကျော်နေတဲ့ စစ်တောင်းမြစ် (မဒေါက်) ဘက်မှာလည်း နောက်တရက်အတွင်း ၆ လက်မလောက် ရေပြန်ကျနိုင်တယ်လို့ သူက ပြောပါတယ်။
“နောက်တခုက ပဲခူးမြစ် (ပဲခူး)။ သူကတော့ စိုးရိမ်ရေမှတ်အထက်ကို ၁ ဒသမ ၃၈ ပေ (၄၂ စင်တီမီတာ) လောက် ကျော်နေတာပေါ့။ သူကတော့ လောလောဆယ် အကျလေး နည်းနည်းနှေးနေတယ်။ တရက်ကို ၁ လက်မ၊ ၂ လက်မ၊ ၃ လက်မလောက်ကျနေတယ်။ မနက်ဖြန်အတွက် ခန့်မှန်းထားတာတော့ ၃ လက်မလောက် ရေပြန်ကျနိုင်တယ်” လို့ သူက ပြောပါတယ်။
ဒါအပြင် စက်တင်ဘာလ ပထမ ၁၀ ရက်ပတ်အတွင်းမှာ သံလွင်မြစ်ရေ ဘားအံမြို့မှာ ၁ ပေခွဲခန့်၊ ငဝန်မြစ်ရေ ပုသိမ်မြို့မှာ ၁ ပေခန့် လက်ရှိ ရေမှတ်တွေအောက် ကျဆင်းလာနိုင်တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW