သူတို့အိမ် ၁၂၁

ဆူးငှက်

ကွင်းထဲက အစုလေးတွေ
—————————–
တကယ်တော့ ကျွန်တော်တို့ ရပ်ကွက်လေးက ရွာနေပြည်ထိုင်က နည်းနည်း၊ ပြောင်းရွှေ့လာကြသူတွေက ပိုများတာမို့ အချင်းချင်း မသိရှိကြပါ။ ထို့ပြင် ၂၅ဧကကျော် ၂၆ဧကနီးပါးရှိ ကွင်းအတွင်း ကိုယ့်အစုလေးနှင့်ကိုယ်ပဲ နေကြတော့ ၄အိမ် ၅အိမ်စုလေးတွေပဲ အချင်းချင်းသိကြသည်။ ကျွန်တော့်အိမ် အနီးအနားဆိုပါစို့။ မြောက်ဘက်က ကိုအောင်ခင် မဥမ္မာတို့ရှိမည်။ ထို့နောက် အန်တီစံတို့ မိသားစုရှိမည်။ သူတို့အရှေ့ဘက်က ကိုအောင်သန်းတို့ရှိမည်။ ကျွန်တော်ရှိမည်။ အရှေ့ဘက်ကပ်ရက်က အန်တီဒေါ်တင်ကြည် မမဝင်းတို့ရှိမည်။ တောင်ဘက်မှာ ဦးမျိုးခင်ခြံရှိမည်။ အရှေ့ဘက်မှာ ခင်ခင်အောင်တို့ရှိမည်။ ဒါပဲရှိသည်။

 

 

သည်လို အစုမျိုးလေးတွေက ၂၆ဘီလမ်းဘက်က ဆင်လမ်းမ အဝင်စမှာရှိသည်။ သူတို့က ရွာနေပြည်ထိုင် အများစု ဖြစ်သည်။ သူ့အရှေ့မြောက်ဘက်မှာ တစ်စုရှိမည်။ သူတို့ကလည်း အစောဆုံး ရောက်သူတွေဖြစ်ကာ မောင်နှမတတွေ ဖြစ်သည်။ သူ့အရှေ့ဘက်မှာ တစ်စုရှိမည်။ ထို့နောက် အရှေ့ခြမ်းမှာလည်း တစ်စုရှိမည်။ တစ်ကွင်းလုံးအနေနှင့်လည်း နေအိမ်အနေအထားက အထပ်မြင့် ကြီးကြီးမားမားက မရှိသလောက်ဖြစ်ပြီး အများစုမှာ သွပ်မိုးကပ်ကာ တစ်ထပ်အိမ်လေးတွေပဲဖြစ်သည်။ ထိုအိမ်သေးသေး အစုလေးတွေက လွဲလို့ ကျန်နေရာ များက ပိတ်စွယ်တောတွေ လယ်ပျက်တွေပဲ ဖြစ်သည်။ ထို့ကြောင့် ထိုအစုလေးတွေက ကိုယ့်အစုလေးနှင့် ကိုယ်ပဲ သိကျွမ်းကြပြီး တစ်ကွင်းလုံးအနေနှင့် မရင်းနှီးကြပေ။

 

 

ရာအိမ်ခေါင်း ရွေးမလို့ ထင်တယ်
———————————-
ထို့ကြောင့် ခ.ယ.က က ဆင့်ခေါ်သောကြောင့် ရုံးအစည်းအဝေးခန်းမ ရောက်သည်အထိ ကိုယ့်အစုလေးနှင့် ကိုယ်ထိုင်ကြပြီး ဘာ့ကြောင့် ခေါ်တာပါလိမ့်ဟူသည်ကို ကိုယ့်အချင်းချင်းပဲ ထင်ရာမြင်ရာကို ပြောဆို ဖြစ်နေကြသည်။ လမ်းခင်းပေးဖို့နေမှာ၊ လမ်းမီးတိုင် စိုက်ပေးမလို့ နေမှာ၊ အိမ်ခွန်မြေခွန်ကောက်မှာပါ၊ ရာအိမ်ခေါင်း ရွေးမှာပါ။ အလှူခံမယ် ထင်တယ်။ ဂရံပေးဖို့နေမှာ စသည်ဖြင့် အမြင်မျိုးစုံ ဖြစ်ကြသည်။ ထိုအချိန်မှာ အချင်းချင်း စကားပြောဖြစ်ကြ မိတ်ဖွဲ့ ဖြစ်ကြ၏။ သိရသလောက် အငြိမ်းစားအရာရှိ ၃ဦးလောက်ပါသည်။ ရှေ့နေပါသည်။ တိရစ္ဆာန်ဆရာဝန်ပါသည်။ အင်ဂျင်နီယာ ပါသည်။ ဆံသဆရာပါသည်။ စစ်ပြန် စစ်မှုထမ်းဟောင်းပါသည်။ သူနာပြုဆရာမပါသည်။ မိတ်ကပ်ဆရာ ပါသည်။ လက်သမား ပန်းရံ မီးဆရာ ကန်ထရိုက်တွေ ပါသည်။ ထမင်းဆိုင်ပိုင်ရှင် ပါသည်။ ပန်းချီဆရာ စာရေးဆရာ ဂီတဆရာတွေပါသည်။ ပြောကြစို့ဆိုလျှင် ပျံကျမဟုတ်သော အခြေခံလူတန်းစားများဖြစ်ကြသည်။

 

 

မွန်းလွဲ ၁နာရီတွင် ဆင့်ခေါ်ထားသော အစည်းအဝေးက မွန်းလွဲ ၂နာရီကျော် လောက်တွင် ခ.ယ.က ဝန်ထမ်းတစ်ဦးရောက်လာပြီး “အောင်မြေသာစံ မြို့နယ် အနှိပ်တော် သရက်ကုန်း ကနော်၊ အားလုံးစုံကြပြီလား၊ စုံပြီးဆိုင် အိမ်ထောင်ဦးစီးတစ်ယောက်ပဲ အခန်းထဲမှာနေရစ်ပါ။ အိမ်ထောင်ဦးစီး မဟုတ်သူတွေ အားလုံး အပြင်ထွက်ပေးကြပါ” ဟု လာပြောသည်။ ထို့ကြောင့် အိမ်ထောင်ဦးစီးတွေပဲ ချန်ကာ ကျန်သူတွေက အပြင်ထွက်ကြရသည်။ သည်အခါမှ ကြည့်မိတော့ အိမ်ထောင်ဦးစီးက လူ၅၀ပင် မပြည့်ပါ။ ဒါဆို ရပ်ကွက်ထဲမှာက အိမ်ခြေက ၁၀၀ပင်ရှိမှာမဟုတ်၊ အိမ်ခြေ ၁၀၀ ဆိုတာ အကြမိးဖျဉ်းပဲ ပြောကြတာနေမှာပေါ့။

 

 

ဂရံပေးမလို့ ထင်တယ်
————————-
ထို့ပြင် အချို့အိမ်တွေက လူမနေတာလည်း ဖြစ်နိုင်သည်။ အစည်းအဝေးခန်းထဲမှာ အိမ်ထောင်ဦးစီးတွေချည်း ကျန်သောအခါ အစည်းအဝေးခန်းတံခါးများ အားလုံး ပိတ်လိုက်တော့သည်။ ထို့နောက် လာပြောသည့် ဝန်ထမ်းနှင့်အတူ နောက်ထပ် ဝန်ထမ်း ၂ယောက်လောက်က ဖွင့်ထားသည့် ဝင်ပေါက်မှာ ဖိုင်များကို ကိုင်ပြီး ခပ်မတ်မတ်ရပ်၍ အပြင်ထွက်ရသူများကို အခန်းဘေးမှာရစ်သီရစ်သီ မနေကြပဲ ရုံးအပြင်ကပဲ စောင့်နေကြရန် ညွှန်ကြားနေကြသည်။ အခန်းထဲက အိမ်ထောင်ဦးစီးများက ရောက်ကာစလောက်ကလို ဆူဆူညံညံ စကားမပြောကြတော့ပဲ အတွေးကိုယ်စီနှင့် တိတ်ဆိတ် ငြိမ်သက်နေကြသည်။

 

ကျွန်တော့်ဘေးမှာ ထိုင်နေသော စစ်ပြန်စစ်မှုထမ်းဟောင်း တစ်ဦးက ကျွန်တော့်နားကပ်ကာ ဒါဆို ဂရံပေးဖို့ စာရင်းကောက်မှာမို့ အိမ်ထောင်ဦးစီးတွေချည်းခေါ်ထားတာနေမှာဗျ ဟု တိုးတိုးပြောသည်။ ကျွန်တော့်ရှေ့ခုံမှာ ထိုင်နေသော အငြိမ်းစားအရာရှိ ဇနီးမောင်နှံကလည်း သူတို့ချင်း ခေါင်းချင်းဆိုင်ကာ တိုးတိုးတိုးတိုး ပြောနေကြသည်။ တောင်ကြီးက ပြောင်းလာကြသည့် သစ်တောဌာနက အငြိမ်းစားတဲ့။ အသက်က ၆၅နှစ်လောက်ရှိရော့မည်။ ကျွန်တော်တို့ အိမ်ထောင်ဦးစီးတွေထဲ သူက အကြီးဆုံးဖြစ်မည်။ ဝင်ပေါက်မှလွဲ၍ တံခါးတွေ ပိတ်ထားသော အစည်းအဝေးခန်းထဲမှာပင် နာရီဝက်ကျော်လောက်ပြီ။ ကျွန်တော်တို့လည်း သက်ပြင်းတချချနှင့် စိတ်ရှည်စွာ စောင့်နေကြရ၏။ ၃နာရီ ဝန်းကျင် လောက်ပင် ရှိမည်။ ထိုအချိန်ကျမှ ခ.ယ.က ဥက္ကဋ္ဌ က သုတ်သုတ်သုတ်သုတ် နာရီတကြည့်ကြည့်နှင့် အခန်းထဲ ဝင်လာ၏။ အခန်းဝက စောင့်နေကြသည့် ဝန်ထမ်းများက ဦးညွတ်ကြိုကြပြီး အားလုံးစုံနေပါပြီဗျဟု အစီရင်ခံကာ ၂ဦးက အပေါက်ဝကစောင့်ပြီး ဖိုင်တွေ ကိုင်ထားသည့် တစ်ဦးက ဥက္ကဋ္ဌနှင့် မလှမ်းမကမ်းမှာ ရပ်နေသည်။

 

 

ဒါ နိုင်ငံတော် အဆင့်
———————–
ဥက္ကဋ္ဌက ခပ်ညိုညို ခပ်တောင့်တောင့်ဖြစ်ကာ ယူနီဖောင်း ဝတ်ထားသည်။ သူက အစည်းအဝေးခန်း ထိပ်မှာ မတ်တပ်ပဲရပ်သည်။ ခုံရှိသည်ကို ထိုင်ပင် မထိုင်။ ရောက်သည်နှင့် မတ်တပ်ရပ်ပြီး အခန်းထဲရှိသူများကို တစ်ချက် ဝေ့ကြည့်သည်။ ထို့နောက် ချောင်းတစ်ချက်ဟန့်ကာ “ အခု ဒီအခန်းထဲရောက်နေသူ အားလုံးက အနှိပ်တော် သရက်ကုန်း ကနော်၊ ကွင်းအမှတ် ၄၉၂ က အများဆုံးဖြစ်မယ်။ ကိုင်း.. တိုတိုနဲ့ လိုရင်း ပြောမယ်ဗျာ၊ အခု ခင်ဗျားတို့ နေအိမ်တွေ အားလုံးက ကျူးကျော်တွေ။ အားလုံး ဖျက်ရမယ်။ အဲ့ဒီနေရာမှာ နိုင်ငံတော် စီမံကိန်းတစ်ခု လုပ်လိမ့်မယ်။ ဘာစီမံကိန်းလဲလို့ မမေးနဲ့။ ကျွန်တော်လည်း မသိဘူး၊ တိုင်းမှူးကြီးတောင် မသိဘူး၊ ဒါ နိုင်ငံတော်အဆင့်၊ ဟုတ်ပြီလား။

 

ဒီတော့ ဘယ်တော့ ဖျက်ရမလဲလို့ ခင်ဗျားတို့က မေးလိမ့်မယ်။ ဒီနေ့ကို စဖျက်ရမယ်၊ နက်ဖြန်ထိ မလိုချင်ဘူး၊ နေရာအစားပေးမှာလားလို့လည်း မမေးနဲ့၊ ဘယ်နေရာမှ အစားမပေးဘူး။ ဒီတော့ အခု ပြန်ရောက်တာနဲ့ ကိုယ့်အိမ်ကိုကိုယ် ဓာတ်ပုံရိုက်ပါ။ ဧာတ်ပုံရိုက်ထားပြီးတာနဲ့ ဖျက်ပါ။ ပြီးရင် ခင်ဗျားတို့ ဝယ်ခြမ်းထားတဲ့ စာရွက်စာတမ်းတွေကို မိတ္တူကူးပါ၊ နက်ဖြန်မှာ အဲ့ဒီ ဓာတ်ပုံရယ် စာရွက်စာတမ်းမိတ္တူတွေရယ် စုပြီး ရုံးကို လာပေးပါ။ ဒါပဲ။” ဟု တစ်ဆက်တည်း ပြောသည်။

 

 

ခင်ဗျားတို့ဘက်က ပြောစရာရှိရင် ပြောပါ
———————————————
ကျွန်တော်တို့ အားလုံးလည်း ဟာခနဲ ဖြစ်သွားကြတော့၏။ ထို့နောက် ဥက္ကဋ္ဌ က အခန်းရှိသူများကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ ထို့နောက် သူ့လက်က နာရီကို ကြည့်ပြန်သည်။ “ကိုင်း.. ကျွန်တော်လည်း အချိန်မရဘူး၊ အစည်းအဝေးရှိလို့ နန်းတွင်းသွားရဦးမယ်။ ကဲပါ ကျွန်တော်လည်း ဗုဒ္ဓဘာသာတစ်ယောက်အနေနဲ့ နားလည်ပါတယ်။ အခု ဝါတွင်းဆိုတော့ ဝါကျွတ်အထိတော့ နေခွင့်ပေးပါ့မယ်။ ဒါပေမယ့် ဓာတ်ပုံနဲ့ စာရွက်စာတမ်းမိတ္တူကတော့ နက်ဖြန် ပေးရမယ်” ဟု ပြောသည်။ ခဏနားပြီး နာရီကို ကြည့်ပြန်၏။ “၁၀မိနစ်လောက်တော့ အချိန်ရပါသေးတယ်၊ ခင်ဗျားတို့ဘက်က ဘာပြောစရာရှိလဲ၊ ပြောစရာရှိတာ ပြောပါ၊ ၁၀မိနစ်အတွင်း” ဟု ဆိုတော့ ကျွန်တော်တို့လည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ငြိမ်သက်နေကြသည်။

 

ထိုစဉ် ကျွန်တော့်ရှေ့က ထိုင်နေသည့် သစ်တော အငြိမ်းစားကြီးက မတ်တပ်ထသည်။ ထို့နောက် သူ့မှာ အငြိမ်းစားဖြစ်ကြောင်း၊ ပင်စင်ငွေလေးနှင့် ဒီနေရာလေး ဝယ်ထားရကြောင်း နေရာလေးတစ်နေရာ အစားပေးဖို့ ပြောရှာ၏။ ဥက္ကဋ္ဌ က “လောလောဆယ် ဘယ်သူ့ကိုမှ နေရာအစားပေးဖို့ အစီအစဉ်မရှိဘူး။ အကယ်၍ ရှိကောင်းရှိလာရင် စဉ်းစားမယ်” ဟု ခပ်ပြတ်ပြတ် ပြန်ပြောတော့ အငြိမ်းစားကြီးလည်း ဇနီးသည်ပုခုံးကိုင်ကာ ခပ်ဖြည်းဖြည်း ထိုင်လိုက်၏။ သည်တွင် ဥက္ကဋ္ဌက ဘယ်သူများပြောဦးမလဲဟူသော အကြည့်ဖြင့် ဝေ့ကြည့်သည်။ ကျွန်တော်ကလည်း ဘယ်သူ ထပြောမလဲဟု သိလို၍ လှမ်းကြည့်သည်။ အားလုံးက ခေါင်းလေးတွေငုံ့နေကြ၏။ ရွာနေပြည်ထိုင်ထဲက တစ်ယောက်ယောက် ထပြောဖို့ကောင်းတာပေါ့။ သို့သော် ထပြောမည့်သူ အရိပ်ယောင်မတွေ့ရ။ ဥက္ကဋ္ဌ က သူ့လက်က နာရီကို မ၍ ကြည့်ပြန်၏။ သည်တွင် ကျွန်တော်က ခပ်မြန်မြန် မတ်တပ်ရပ်လိုက်သည်။

 

အခြားသူတွေက မြေအစား ရကြတယ်
——————————————-
ထိုစဉ်ကာလ က တည်ဆောက်ပြုပြင်ဟူသော ခေါင်းစဉ်အောက်မှာ ပြည်ရွာအနှံ့ ဘူဒိူဇာသံ ဘက်ဟိုးသံ ဆူဆူညံခဲ့သည်။ မြို့ကြီးတွေမှာတော့ တဲပေါ်မှ တိုက်ပေါ်သို့ ဟူသော စီမံကိန်းများက ရပ်ကွက်တိုင်းမှာ ရှိသည်။ ကန်ထရိုက်တွေ ပါစစ်ရသူတွေ ကားတဝီဝီနှင့် သူတို့ခေတ် ဖြစ်နေသည်။ ကျူးကျော်ဟူသော နေရာတွေမှာ အကွက်သစ်တွေ အိုးအိမ်အသစ်တွေပေါ်လာသည်။ ထိုကျူးကျော်ဆိုသည့် တဲများကိုလည်း ပိုမိုဝေးလံသီခေါင်သည့် နေရာမှာ မြေတစ်ကွက်ပေးလို့ ဖြစ်စေ၊ ပါးပါးလှပ်လှပ် တိုက်ခန်းကျဉ်းလေး ပေးသည် ဖြစ်စေ ဖြေရှင်း ပေးသည်။ ယုတ်စွအဆုံး ရေမြောင်းဘေး မိုးကာစနှင့် တဲထိုးနေကြသည် ဖြစ်စေ၊ မီးရထားလမ်းဘေး သွပ်ဟောင်းချပ်လေး မိုး၍နေသည်ဖြစ်စေ၊ ထိုနေရာမှ ဖယ်ရှားခံရလျှင် ဖုန်းဆိုးတောထဲက မြေတစ်ကွက်တော့ ရကြသေးသည်။

 

 

သို့သော် ယခု ကျွန်တော်တို့ သရက်ကုန်းကျ သည်လိုမဟုတ်၊ ၁၉၉၁ ခုနှစ်က လန ၃၈(၁) လည်း ရပြီးပြီ။ ၁၉၉၃-၉၄ ခုနှစ်က စကေး ၆၄ လက်မ တစ်မိုင် ဖြင့်လည်း အမှတ် ၁ မြေတိုင်းအဖွဲ့၏ မြေပုံထွက်ပြီးခဲ့ပြီ။ ထိုမြေပုံဖြင့် ထိုစဉ်က မန္တလေးတိုင်းငြိမ်ဝပ်ပိပြားမှုအဖွဲ့ ဥက္ကဋ္ဌ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ကြီးကြပ်၍ စစ်ဘက်နယ်ဘက် ဝန်ထမ်းများအပါအဝင် မူလလယ်ပိုင်ရှင်များကို နေရာချထားပေးပြီး လက်ရှိနေထိုင်သူများကိုလည်း ပုသိမ်ကြီး ဂရံ ထုတ်ပေးပြီးပြီ။ ၁၉၉၉ ခုနှစ် သြဂုတ်လတွင်လည်း မန္တလေးမြို့တော်စည်ပင် မြေယာဌာနက ကွင်းအတွင်းရှိ ပိုင်ရှင်များကို အသိပေးကာ မိမိတို့ ပိုင်ဆိုင်သည့် ဝင်းခြံများအတိုင်း အမှတ်အသားပြစေ၍ မြေကြီးမြေပုံ မှန်ကန်စေရေး စံနစ်တကျ မြေတိုင်းကာ ပိုင်ရှင် အမည်နှင့် မှတ်တမ်း တင်ခဲ့ပြီးပြီ။

 

 

ကွင်းအတွင်းနေထိုင်သူများကလည်း အငြိမ်းစားဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းများ၊ လုပ်သားများ၊ အနုပညာရှင်များ ဖြစ်ကာ ရိုးသားစွာ လုပ်ကိုင်ကြသူများ ဖြစ်ကြသည်။ လမ်းတွေကလည်း မူလမြေပုံအတိုင်း စံနစ်တကျ ကျယ်ဝန်းသည်။ အခု သည်နေရာက ကျူးကျော်တဲ့လေ။ တိုင်းမှူးပင် မသိသော နိုင်ငံတော် စီမံကိန်းတဲ့လေ၊ ချက်ချင်းဖယ်ရှား ဖျက်သိမ်းပေးရမတဲ့လေ၊ အစားပြန်မပေးဘူးတဲ့လေ။ ကျွန်တော်တို့မှာ မြောင်းဘေး ရထားလမ်းဘေး ကားလမ်းဘေး ကုပ်ကပ်တဲထိုးပြီး ဘာလုပ်ကိုင်စားကြမှန်းမသိရသည့် လူတန်းစားလောက်မှ အခွင့်အရေး မရှိတော့ပြီလော။

 

 

မြို့နေလူထု စိတ်ချမ်းသာရဲ့လား
———————————-
ခ.ယ.က ဥက္ကဋ္ဌ က သူ့လက်ပတ်နာရီကို မ ကြည့်ပြီး ဘယ်သူများ ထပ်ပြောဦးမလဲ ဟူသော အကြည့်မှာပင် ကျွန်တော်က မတ်တပ်ထရပ်လိုက်သည်။ ထို့နောက် စိတ်ကိုငြိမ်အောင် အသက်ပြင်းပြင်းရှူလိုက်သည်။ ထို့နောက် ရှေ့ကို တည့်တည့် ကြည့်၍ ကိုယ့်ကိုကိုယ် မိတ်ဆက်လိုက်သည်။ “ ကျွန်တော် က မန္တလေး အကြောင်းတွေကို လစဉ်ထုတ် မြန်မာ့ဓန စီးပွားရေး မဂ္ဂဇင်းနဲ့ အခြားမဂ္ဂဇင်းတွေ ဂျာနယ်တွေမှာ ရေးသားနေတဲ့ စာရေးဆရာ ဆူးငှက် ဖြစ်ပါတယ်။ ကျွန်တော်ဟာ သရက်ကုန်းကွက်သစ်မှာ မိသားစုနဲ့ နေထိုင်တာ ၃နှစ်ကျော်ပါပြီ” ဟု အစချီလိုက်သည်။ ဥက္ကဋ္ဌ အမူအရာက ဘာခံစားမှုမှ မပြ၊ နှုတ်ခမ်းတွန့်ရုံမျှ ပြုံးသည်။ သဘောကတော့ အရေးမပါလိုက်တာ ဟူသော အမူအရာဖြစ်ပါ၏။ ကျွန်တော်က ဆက်ပြောလိုက်သည်။

 

“ ကျွန်တော်အပါအဝင် အခု ဒီအခန်းထဲမှာ ရောက်ရှိနေကြတဲ့ သရက်ကုန်းရပ်မှာ နေထိုင်ကြသူများဟာ အငြိမ်းစားဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းများ၊ ဆောက်လုပ်ရေး လုပ်သားများ၊ အနုပညာရှင်များ ဖြစ်ကာ ရိုးသားစွာ လုပ်ကိုင် အသက်မွေးကြ နေထိုင်ကြသူများ ဖြစ်ပါတယ်။ အထိုက်အလျောက် မြို့ပြဆိုင်ရာ စည်းကမ်းစည်းမျဉ်း ဥပဒေများကို သိရှိထားကြသူတွေပါ။ ဥပဒေမဲ့ လုပ်ကိုင် စားသောက်ပြီး ဥပဒေမဲ့ နေထိုင်ကြသူများ မဟုတ်ပါဘူး။ အားလုံဟာ ဘိုးဘွားပိုင်မြေ ဂရံပေါက်ပြီးသား မြေများနဲ့ မြို့လယ်ခေါင် ကျောက်သွေးတန်းလို ရုံတော်ကြီးလို ရပ်ကွက်ကြီးတွေမှာ နေထိုင်လိုသူများချည်း ဖြစ်ပါတယ်။

 

 

ဒါပေမယ့် ကျွန်တော်တို့မျာ အဲ့ဒီလို နေရာမျိုးမှာ နေထိုင်နိုင်သူ ဝယ်ယူနိုင်သူတွေမဟုတ်ကြပါဘူး။ ဒါကြောင့် ကိုယ့်ရှိတဲ့ အင်အားလေးနဲ့ နေရာလေးတစ်နေရာ ရှာဖွေတော့ ရပြီးရောနဲ့ မျက်စေ့မှိတ်ဝယ်တဲ့သူ တစ်ဦးတစ်ယောက်မှ မပါခဲ့ပါဘူး၊ တတ်သလောက်မှတ်သလောက် လက်လှမ်းမီသလောက်နဲ့ မြေရာဇဝင်ကို စုံစမ်းပါတယ်။ ဒါကြောင့် တိုင်းမြေစာရင်းရုံးက လန ၃၈(၁) တရားဝင်ကျထားတဲ့နေရာ၊ မြေတိုင်းအဖွဲက လက်မှတ်ထိုးထားပြီး ၁၉၉၃-၉၄ခုနှစ်က တာဝန်ရှိ တိုင်းမှူးကိုယ်တိုင် ချထားပေးတဲ့ မြေ၊ ပုသိမ်ကြီး ဂရံများပင် ထုတ်ပေးထားတဲ့ မြေဆိုတာ သိရှိကြလို့ ကိုယ့်ချွေးနည်းစာနဲ့ ဝယ်ယူကာ ဥပဒေဘောင်အတွင်း စည်းကမ်းနဲ့အညီ ဆောက်လုပ် နေထိုင်ကြသူများ ဖြစ်ပါတယ်။

 

 

ပြီးခဲ့တဲ့ လပိုင်းက နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အတွင်းရေးမှူး ၁ ကိုယ်တိုင် မန္တလေးမှာ ပြောသွားတဲ့ မိန့်ခွန်းမှာ မြို့တော်စည်ပင်သာယာရေး အချက်ထက် မြို့နေလူထု စိတ်ချမ်းသာရေးကို ဦးစားပေး ပြောကြားသွားပါတယ်။ ဒီမိန့်ခွန်းကို ကြားရပြီးနောက် ကျွန်တော်တို့ဟာ သရက်ကုန်းက ကိုယ့်အိမ် ကိုယ့်ရာလေးမှာ စိတ်ချလက်ချနဲ့ ခေါင်းပြားအောင် အိပ်နိုင်ခဲ့ကြပါတယ်။ ကိုယ့်ခြံဝင်းအတွင်း ကိုယ်စိုက်ထားတဲ့ သစ်ပင်ပန်းပင်လေးတွေကို စိတ်ချလက်ချ ရေလောင်း ပျိုးထောင် စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် မထင်မှတ်ဘဲ အခု ကျွန်တော်တို့ အိုးအိမ်ဝင်းခြံတွေ ဖျက်ဆီး ရတော့မယ်ဆိုတာ ကြားရတဲ့အခါ အတွင်းရေးမှူး ၁ ရဲ့ မိန့်ခွန်းနဲ့ ဆန့်ကျင်ဖက်ပါလား ဆိုပြီး တုန်လှုပ်မိပါတယ်။ ကျွန်တော်တို့ အိုးအိမ် သစ်ပင်ပန်းပင်တွေ ကျွန်တော်တို့ မပိုင်ဆိုင်ရတော့လို့ မြို့နေလူထုထဲက ကျွန်တော်တို့ စိတ်မချမ်းသာတော့ပါဘူး။

 

ကောင်းပါပြီ၊ ကျွန်တော်တို့နေရာမှာ လက်ရှိ တိုင်းမှူးကြီးပင် မသိရတဲ့ နိုင်ငံတော်စီမံကိန်း ရှိတယ်ဆိုတော့ ဒီသရက်ကုန်းက ကျွန်တော်တို့ အိမ်တွေအောက်မှာ ရေနံကြောကြီးရှိနေပါပြီလား၊ ဒါမှမဟုတ် ယူရေဒီယံသိုက်ကြီး ရှီနေပါပြီလား၊ ဒါမှမဟုတ် တက္ကသိုလ်ကြီး တည်ဆောက်မှာလား၊ ပြည်သူ့ ဆေးရုံကြီး တည်ဆောက်မှာလား၊ မြို့ဦးစေတီကို သာသနိက အဆောက်အအုံများနဲ့ တည်ဆောက်မှာလား ဒါဆိုရင် ကျွန်တော်တို့ဟာ ဝါကျွတ်သည်အထိ မစောင့်ပါဘူး၊ အခုပဲ ပြန်ပြီး တစ်စမကျန်အောင် ဖျက်ပေးပါ့မယ်။ ဒီလိုမှ မဟုတ်ဘဲ ကျွန်တော်တို့ သရက်ကုန်းကွက်သစ်ကို ပုဂ္ဂလိက တစ်ဦးတစ်ယောက်၊ ပုဂ္ဂလိက တစ်ကုမ္ပဏီ တစ်ဖွဲ့တစ်စည်းရဲ့ အကျိုးစီးပွား အတွက်ဆိုရင် ကျွန်တော်တို့ဟာ ကျွန်တော်တို့နေရာက လုံးဝဖယ်ရှား ဖျက်သိမ်းမှာ မဟုတ်ပါဘူးလို့ တင်ပြပါတယ်” ဟု ကျွန်တော်က ရင်ထဲရှိသမျှ စကားလုံးတွေကို ခံစားချက်ဖြင့် ဖွင့် သွန်လိုက်သည်။

 

 

အရေးကြီးတော့ သွေးနီးကြရပြီ
——————————–
တက်ရောက်လာသူတွေက ဝေါခနဲ လက်ခုပ်တီးကြတာ ခန်းမကြီး ပွင့်ထွက်မတတ် ဖြစ်သည်။ ကျွန်တော့်ဘေးမှာ ထိုင်နေသော မြောက်ဘက်အိမ်က မွန်မွန်စန်းက ကျွန်တော့်ကို မော့ကြည့် ပြီး မျက်ရည်တွေ အရွှဲသား ဖြစ်နေသည်။ ကျွန်တော် ပြောသမျှ မှတ်တမ်းလိုက်နေသည့် စာရေးဝန်ထမ်းကတော့ ကျွန်တော့်ကို ခပ်စိမ်းစိမ်း ကြည့်သည်။ ဥက္ကဋ္ဌ က ထုံးစံအတိုင်း လက်ပတ်နာရီကို မ ကြည့်ပြန်သည်။ ထို့နောက် ဆက်ပြောလိုက်သည့် သူ့စကားတစ်ခွန်းကြောင့် ကျွန်တော်တို့ အချင်းချင်းလည်း မရင်းနှီးဖူးခဲ့ကြသော်လည်း ရင်းနှီးနားလည် သဘောပေါက် သည့် အကြည့်ချင်း ဆုံကြတော့သည်။ ကျွန်တော်တို့ တတွေမှာ ဆွေမျိုးမတော်စပ်ကြရုံမက အချင်းချင်းပင် ရင်းနှီးမှု တာရှည်ခိုင်ခန့်ခြင်း မရှိသေးသော်လည်း ဘေးမှာ ထိုင်ရင်း မျက်ရည်သုတ်နေသည့် မွန်မွန်စန်းက ကိုယ့်တူမလို ခံစားလိုက်ရသည်။ သည်အခန်းထဲရောက်နေကြသည့် ရပ်ကွက်အတူနေများ အချင်းချင်းလည်း ညီအစ်ကို မောင်နှမ တွေလို တွေလို ဦးကြီးဦးလေး ဒေါ်ကြီါ် ဒေါ်လေး နှမ အစ်မများလို ခံစား သွေးနီး သွားကြတော့သည်။

 

ဆူးငှက်

Related posts

VOM News

FREE
VIEW