မြစ်ကြီးနား – မန္တလေးလမ်းကို ကွင်းလမ်း၊ ဇက်ကူးပြီး ခက်ခဲစွာသွားနေရချိန် ဂိတ်ကြေးကောက်တဲ့နေရာထပ်တိုးလာလို့ ကားသမားတွေအခက်ကြုံ

စက်တင်ဘာ ၁၄ ၊ ၂၀၂၆
CC (VOM)
မြစ်ကြီးနား – မန္တလေးလမ်းပိုင်းကို ဗျူဟာလမ်းမကြီးကနေ အပြည့်အဝသွားလာခွင့်မရလို့ ကွင်းလမ်းနဲ့ ဇက်ဆိပ်တွေကနေ ကူးပြီး ခက်ခက်ခဲခဲ သွားလာနေရချိန်မှာ ဂိတ်ကြေးကောက်ခံတဲ့ နေရာတခုထပ်တိုးလာလို့ ကားသမားတွေ အခက်တွေ့နေတယ် လို့သိရပါတယ်။
စစ်ကိုင်းတိုင်းထဲက အင်းတော်၊ မဲဇာအကျော်မှာရှိတဲ့ ကျောက်တန်းကွင်းလမ်းပိုင်းကနေ ကားဖြတ်သန်းသွားလာမှုအတွက်ကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့က ဒီနေ့ စက်တင်ဘာ ၁၃ ရက်ကစပြီး ဂိတ်ကြေး ကောက်ခံနေတယ်လို့သိရ ပါတယ်။
ကားအမျိုးအစားအလိုက် တစီးကို အနိမ့်ဆုံး ၁၀၀၀၀ ကျပ်မှစပြီး အမြင့်ဆုံး ခုနှစ်သိန်းကျပ်အထိ ကောက်ခံနေတယ်လို့ သိရပါတယ်။
” လမ်းမှာ ဂိတ်တွေကမရေမတွက်နိုင်အောင်ရှိတယ် ။ ဂိတ်တိုင်း အကုန်ပေးရတယ်။လမ်းမကောင်းရင် မကောင်းသလိုကွင်းလမ်းကနေသွားနေရတာ။ အခုကျောက်တန်းက ဂိတ်ကြေးစကောက်ပြီ။တွဲကားဆိုရင်ကုန်ပါရင် ၇ သိန်း ၊ကုန်မပါရင် ၂ သိန်း ။ကုန်ကားတွေ ကုန်ပါရင်ပိုတောင်းတယ်။ခရီးသည်ကားပဲ စျေးတခုတည်းသတ်မှတ်တောင်းတယ်။အိမ်စီးကားဆိုရင်ခု ကျောက်တန်းဂိတ်က ၁၀၀၀၀ ကောက်တယ်။ကျွန်တော်အိမ်စီးကားတောင် လမ်းခရီးဂိတ်ကြေးအကုန်ဆိုရင် ၅ သိန်းလောက်ကျတယ်။ ” လို့ ယာဥ်ပိုင်ရှင်တယောက်က ပြောပါတယ်။
မန္တလေး – မြစ်ကြီးနား လမ်းပိုင်းတလျှောက်မှာ အစိုးရတပ်စစ်ဆေးရေးဂိတ်အပါအဝင် ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေရဲ့ စစ်ဆေးရေးဂိတ်တွေ အများအပြားရှိပြီး ဂိတ်တွေကို ပေးရတဲ့ဂိတ်ကြေးက တွဲကား နဲ့ ဆယ့်နှစ်ဘီးကား၊ ခြောက်ဘီးကားတွေ အနေနဲ့ သိန်းရာချီရှိပြီး ကျန်တဲ့ကားတွေကလည်း အမျိုးအစားအလိုက် သိန်းဆယ်ချီပြီး ကုန်ကျမှုရှိတယ်လို့ သိရပါတယ်။
လက်ရှိမှာ မန္တလေး – မြစ်ကြီးနားလမ်းပိုင်းက ဗျူဟာလမ်းမကြီးအတိုင်း သွားလာလို့မရသေးတဲ့အတွက် ကျေးရွာ ကွင်းလမ်းတွေကနေ သွားနေရဆဲဖြစ်ပြီး ကသာ – ထီးချိုင့်အကြားလမ်းပိုင်းကလည်း ပျက်ပြီး သွားလာခွင့်ပိတ်ထားတာကြောင့် ကားအသေးတွေက ကသာဇက်ဆိပ်ကနေ ဇက်နဲ့ကူးပြီး သွားနေကြရပါတယ်။
ကသာဇက်ဆိပ်ကနေ ဇက်ကူးသွားရာမှာ တွဲကား ၊ ဆယ့်နှစ်ဘီးကား ၊ ခြောက်ဘီးကား စတဲ့ကုန်ကားတွေက ဇက်ကူးသွားလို့မရတာကြောင့် ကသာမြို့မှာ ကုန်ကားတွေအများအပြား လနဲ့ချီပြီး ပိတ်မိနေသလို ကသာ – မြစ်ကြီးနားလမ်းပိုင်းတလျှောက်က ကျေးရွာဘက်မှာလည်း.ကုန်ကားတွေ အစီးရေရာနဲ့ချီပိတ်မိနေတယ်လို့ သိရပါတယ်။
” ကသာမှာ ပိတ်မိနေတဲ့ကားတွေအရမ်းများတယ်။.ဇက်က ကားကြီးကျတော့ ကူးလို့မရဘူးလေ ။ ကုန်ကားတွေပိတ်မိနေတာ တော်တော်ကိုကြာနေပြီ။ လမ်းတွေကသွားလာရလို့ မလွယ်ပါဘူးဆို ဂိတ်ကြေးတွေက ပေးရတာများတော့ ကားသမားတွေ အဆင်မပြေကြဘူး ။ အင်းတော်ဘက်ကွင်းလမ်းတွေကလည်း မိုးများတော့သွားမရဘူး။ မော်လူးဘက်ကတော့ ဗျူဟာလမ်းမကြီးကနေသွားလို့ရပေမယ့် ကျန်တဲ့နေရာတွေက ကွင်းလမ်းတွေ သွားနေရတာလေ ။ ” လို့ ကသာ ဒေသခံက ပြောပါတယ်။
လမ်းပိုင်းမှာ ပိတ်မိနေတဲ့ အတက်အဆင်း ကုန်ကားတွေအနေနဲ့ ရှေ့ဆက်တိုးလို့လည်းမရသလို နောက်ပြန်ဆုတ်ဖို့လည်းမပြေတာကြောင့် ရောက်တဲ့နေရာမှာပဲ ပိတ်မိနေတာ နှစ်လနီးပါးလောက်ရှိပြီလို့ သိရပါတယ်။
ကသာ ဇက်ကူးဆိပ်ကလည်း အကြောင်းကိစ္စရှိခဲ့ရင် ဇက်ကူးပိတ်တတ်တဲ့အတွက် ကားအားလုံး ကသာမှာ ညအိပ်ရနိုင်သလို တဘက်ခြမ်းကကား တွေ လည်း ညအိပ်စောင့်ရမှာဖြစ် တယ်လို့ သိရပါတယ်။
ဒါကြောင့် ပြည်သူတွေအနေနဲ့ မဖြစ်မနေသွားလာဖို့ရှိမှသာ မြစ်ကြီးနား – မန္တလေးလမ်းပိုင်းကနေ ခရီးသွားကြဖို့ အကြံပြုပြောဆိုကြပါတယ်။
မြစ်ကြီးနား – မန္တလေးလမ်းပိုင်းတလျှောက်လုံးကို အစိုးရကပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် လမ်းပိုင်းမှာ တိုက်ပွဲတွေမကြာခဏဖြစ်ပွားလေ့ရှိပြီး လမ်းပိုင်းကမကြာခဏပိတ်ခဲ့ကြောင်း ၊ အဲဒီအတွက်လည်း ကားသမားတွေ ဒုက္ခရောက်ခဲ့ရပါတယ်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်ကဆိုရင် မြစ်ကြီးနား – မန္တလေး ဗျူဟာ ကားလမ်းမပေါ်ရှိ ခင်ဦးမြို့နယ် ၊မြေနီသျှိုရွာအနီးမှာ လေကြောင်းတိုက်ခိုက် ခံရပြီး သေဆုံးသူ ကိုး​ယောက်နဲ့ ထိခိုက်ဒဏ်ရာ ရရှိသူ အများအပြား ရှိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ဦးငွေအိုး

Related posts

VOM News

FREE
VIEW