ငွေခေတ် မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးဟောင်း ဝင်းအောင် ကွယ်လွန်

စက်တင်ဘာ ၁၃ – ၂၀၂၆
SS (VOM)
ငွေခေတ် မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးဟောင်း ဝင်းအောင်ဟာ ဒီကနေ့စက်တင်ဘာ ၁၃ ရက်၊ ညနေ ၄ နာရီခွဲက ကွယ်လွန်သွားပြီလို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။
အဆုတ်ထဲရေဝင်တဲ့ ရောဂါနဲ့ ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ အာယုဆေးရုံမှာ တက်ရောက် ဆေးကုသရင်း ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၆၀ ရှိပြီလို့ သိရပါတယ်။
ဦးဝင်းအောင်ဟာ ခေါင်းတိုက်ဂိုးတွေနဲ့ ထင်ရှားခဲ့သူဖြစ်ပြီး ၁၉၉၀ – ၉၉ ဝန်းကျင် ဘောလုံးရာသီတွေမှာ မြန်မာနဲ့ စင်ကာပူ ဘောလုံးပရိသတ်တွေရဲ့ အားပေးမှုရရှိခဲ့တဲ့ တိုက်စစ်မှူးတယောက် ဖြစ်တယ်လို့ သိရပါတယ်။
“ဦးဝင်းအောင် ကွယ်လွန်ခြင်းအတွက် ကျန်ရစ်သူမိသားစုနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲရပြီး ဦးဝင်းအောင် ကောင်းရာသုဂတိ ရောက်ရှိပါစေကြောင်း မြန်မာဘောလုံး မိသားစုတွေအားလုံးက ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်” လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။
(ဦး) ဝင်းအောင်ဟာ ၁၉၈၉ ခုနှစ်မှာ မြန်မာ့လက်ရွေးစင် ကစားသမားအဖြစ် စတင် ရွေးချယ်ခံခဲ့ရပြီးနောက် မြန်မာ့လက်ရွေးစင် အသင်းအတွက် နိုင်ငံတကာ ပွဲပေါင်းများစွာ ကစားပေးခဲ့သူဖြစ်ပြီး ၁၉၉၃ ခုနှစ်၊ (၁၇) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင်အသင်းမှာလည်း ရွေးချယ်ခံခဲ့ရပြီး မြန်မာအသင်းနဲ့အတူ ငွေတံဆိပ်ဆု ရယူပေးခဲ့သူဖြစ်ပါတယ်။
ဂျပန်နိုင်ငံ၊ ဟီရိုရှိးမားမြို့မှာ ကျင်းပခဲ့တဲ့ ၁၉၉၄ အာရှအားကစားပြိုင်ပွဲမှာလည်း မြန်မာ့လက်ရွေးစင်အသင်းနဲ့အတူ ပါဝင်ကစားခဲ့ပြီး ကာတာအသင်းနဲ့ (၂ -၂) ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ ခေါင်းတိုက်ဂိုး သွင်းယူပေးခဲ့သူလို့ သိရပါတယ်။
(ဦး) ဝင်းအောင်ဟာ မြန်မာ့လက်ရွေးစင်အသင်းနဲ့အတူ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၊ တိုက်ဂါးဖလားပြိုင်ပွဲ၊ အာရှအားကစားပြိုင်ပွဲနဲ့ နိုင်ငံတကာပြိုင်ပွဲပေါင်းများစွာကို ယှဉ်ပြိုင်ကစားပေးခဲ့သူဖြစ်ပြီး ပြည်တွင်းကလပ် အသင်းတွေဖြစ်တဲ့ ဆောက်လုပ်ရေး၊ ဘဏ္ဏာအခွန်အသင်းတွေမှာလည်း ကစားခဲ့ဖူးသလို ပြည်ပကလပ်အသင်းတွေဖြစ်တဲ့ စင်ကာပူ၊ ထိုင်းကလပ်အသင်းတွေမှာလည်း သွားရောက် ကစားခဲ့ဖူးသူလို့ သိရပါတယ်။
(ဦး) ဝင်းအောင်ဟာ အထောင်တိုက်စစ်မှူးနေရာမှသာ စွဲမြဲစွာ ကစားခဲ့သူဖြစ်သလို သူ့ရဲ့ ခေါင်းတိုက်ဂိုးသွင်းစွမ်းရည် ထူးချွန်မှုကြောင့် မြန်မာဘောလုံးပရိသတ်တွေရဲ့ အထူးအားပေးမှုကို ရရှိခဲ့သူဖြစ်တယ်လို့ သိရပါတယ်။
“သူက မျိုးလှိုင်ဝင်း၊ သန်းတိုးအောင်၊ တင်မြင့်အောင်၊ ကြည်လွင်တို့နဲ့ တခေတ်တည်းပေါ့။ အမြင့်ဘောတွေမှာ အရမ်းအားသာတယ်။ ခေါင်းတိုက်ဂိုးသွင်းတဲ့ နေရာမှာ တအားတော်တာ။ အရမ်းနာမည်ကြီးပဲ။ အထိအခိုက်လည်း ခံနိုင်ရည် အရမ်းရှိတယ်။ ဘောလုံးကစားရင်း ဘယ်သူနဲ့ ထိခိုက်မိပါ‌စေ၊ တော်ရုံ ဘာမှမဖြစ်ဘူး။ အရမ်းကို မာကြောတဲ့ တိုက်စစ်မှူးတယောက်ပါ” လို့ ဘောလုံးဝါသနာရှင် တယောက်က ပြောပါတယ်။
(ဦး) ဝင်းအောင်အတွက် ၁၉၉၇ ဆီးဂိမ်းဟာ သူ့ရဲ့နောက်ဆုံး လက်ရွေးစင်ပြိုင်ပွဲဖြစ်ခဲ့ပြီး အသက် (၃၃) နှစ်မှာ ကစားသမားဘဝကနေ အနားယူခဲ့ပေမယ့် နောက်ပိုင်းမှာ လူငယ်တွေအတွက် နည်းပြအဖြစ် ပြန်လည် သင်ကြားပေးခဲ့ပါတယ်။
Photo – CJ

Related posts

VOM News

FREE
VIEW