ကလေး – ဖလမ်း ခြောက်ကြိမ်မြောက် နေရပ်ပြန်ရေး ခရီးစဉ်ကို စက်တင်ဘာ ၁၇ ရက်နေ့ စတင်မယ်

စက်တင်ဘာ ၁၃ – ၂၀၂၆
SN (VOM)
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ကို ပြန်လည်ဝင်ရောက်မယ့် ဒေသခံတွေအတွက် ကလေး – ဖလမ်း ခြောက်ကြိမ်မြောက် နေရပ်ပြန်ရေး ခရီးစဉ်ကို လာမယ့် စက်တင်ဘာ ၁၇ ရက်နေ့ စတင်မယ်လို့ ဒေသတွင်း လူမှုကူညီရေး အသင်းအဖွဲ့တွေဆီက သိရပါတယ်။
ဒီခရီးစဉ်ကို Falam Christian Ministers’ Fellowship (FCMF) နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ (CSOs) တို့က ဦးဆောင် စီစဉ်တာဖြစ်ပြီး အခုခရီးစဉ်ဟာ ဇွန်လကနေ စက်တင်ဘာလအထိ ပြုလုပ်မယ့် ပထမအဆင့် ပြန်လည်နေထိုင်ရေးအစီအစဉ်ရဲ့ နောက်ဆုံးခရီးစဉ်ဖြစ်တယ်လို့ သိရပါတယ်။
ခရီးစဉ်မှာ လိုက်ပါမယ့်သူ တယောက်ကို အဝတ်အစားနဲ့ ကိုယ်ပိုင် အသုံးအဆောင်ပစ္စည်း သုံးအိတ်အထိပဲ သယ်ဆောင်ခွင့်ပြုထားပြီး ဆန်အိတ် အပါအဝင် အစားအသောက်တွေကိုလည်း သယ်ခွင့်မပြုဘူးလို့ သိရပါတယ်။
“ဖလမ်းမှာက လမ်းပိုင်းဂိတ်ကြေးတွေလည်း နည်းနည်းဆောင်ရတော့၊ တန်ဆာခ နည်းနည်း ဈေးကြီးတယ်။ ဒါကြောင့် မလိုအပ်ဘဲ တန်ဆာခအတွက် ငွေကုန်ကြေးကျ မဖြစ်စေချင်လို့ ကန့်သတ်ထားတာ။ ဖလမ်းရဲ့ကုန်ဈေးနှုန်းက ကလေးမြို့ထက် နည်းနည်းတော့ ဈေးကြီးပေမယ့်လည်း အရမ်းကြီး မတတ်နိုင်လောက်တဲ့ အထိတော့ ဈေးနှုန်းမမြင့်ဘူးလို့ ပြောလို့ရတယ်” လို့ ဒေသအခြေစိုက် လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။
ဒါပေမယ့်လည်း ကန့်သတ်ထားတဲ့ စားသောက်ကုန်တွေ အပါအဝင် ဆိုလာပြား၊ ဂက်စ်နဲ့ ဆေးဝါးတွေ သယ်ယူချင်ပါက ခွင့်ပြုချက် ရယူနိုင်တယ်လို့ သိရပြီး ဂိတ်ကြေးကိုတော့ သယ်ယူတဲ့သူက ပေးဆောင်ရမယ်လို့ သူက ပြောပါတယ်။
နေရပ်ပြန်ခရီးစဉ်အတွက် စာရင်းပေးသွင်းခြင်းကို စက်တင်ဘာ ၁၄ ရက်နေ့၊ မနက် ၉ နာရီကနေ စက်တင်ဘာ ၁၅ ရက်၊ နေ့လယ် ၁၂ နာရီအထိ လက်ခံသွားမှာဖြစ်ပြီး စာရင်း ပေးသွင်းရမယ့်နေရာကတော့ Central Chin Pawlpi ရုံးလို့ သိရပါတယ်။
ပစ္စည်းတွေ လာရောက်အပ်နှံရမယ့် နေ့ရက်နဲ့ အချိန်က စက်တင်ဘာ ၁၆ ရက်၊ မနက် ၉ နာရီကနေ မွန်းလွဲ ၂ နာရီအထိဖြစ်ပြီး Central Chin Pawlpi ရုံးမှာသာ လက်ခံမှာဖြစ်ကာ သတ်မှတ်ထားတဲ့အချိန်အတွင်း ပစ္စည်းလာရောက် အပ်နှံခြင်းမရှိတဲ့သူတွေရဲ့ ပစ္စည်းတွေကို သယ်ယူပေးမှာ မဟုတ်ဘူးလို့ သိရပါတယ်။
ဒီခရီးစဉ်မှာ လူဦးရေ အယောက် ၁၀၀ သာ လက်ခံသွားမှာဖြစ်ပြီး အရင်ခရီးစဉ်တွေမှာ လိုက်ပါနိုင်ခြင်း မရှိသေးတဲ့သူတွေ၊ ပထမဆုံးအကြိမ် ပြန်လည် လိုက်ပါမယ့်သူတွေကို ဦးစားပေး လက်ခံသွားမယ်လို့ သိရပါတယ်။
“လူဦးရေ ကန့်သတ်တာကတော့ ကျွန်တော်တို့ရဲ့ ငွေရေးကြေးရေး အခြေအနေကြောင့်ပါ။ ကားငှားနိုင်တာက အရင်ကဆို တစီးပဲ ငှားနိုင်တယ်။ ဆံ့တာက အယောက် ၅၀ ပဲဆိုတော့ အရင်က အယောက် ၅၀ ဆိုပြီး ကန့်သတ်ထားတယ်။ အခု ပထမအဆင့်ရဲ့ နောက်ဆုံးအကြိမ်မှာတော့ ကားနှစ်စီးလောက်ရဖို့ ကြိုးစားကြည့်တာ အဆင်ပြေတဲ့အတွက် အယောက် ၁၀၀ ဆိုပြီး ဖြစ်သွားတာ” လို့ သူက ပြောပါတယ်။
ဒေသခံတွေ နေရပ်ပြန်နိုင်ရေး ပထမအဆင့်မှာ ခြောက်ကြိမ် ပြန်လည် ခေါ်ဆောင်နိုင်တာဖြစ်ပြီး ဒုတိယအဆင့်ကိုတော့ အလှူငွေ ရရှိမှုအပေါ်မူတည်ကာ အခု ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလကနေ လာမယ့် ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီလအတွင်း လုပ်ဆောင်နိုင်ဖို့ မျှော်မှန်းထားတယ်လို့ သူက ပြောပါတယ်။
လက်ရှိ ဖလမ်းမြို့တွင်းရဲ့ နယ်မြေအခြေအနေနဲ့ ပတ်သက်လို့လည်း သူက “မြို့တွင်း အနေအထားက ခုချိန်တော့ အေးချမ်းတယ်လို့ ပြောလို့ရပါတယ်။ အရင် ဖလမ်းမြို့ ဝင်ခါစအချိန်တုန်းကတော့ အထဲမှာ နည်းနည်းပါးပါး ဟိုပြော၊ ဒီပြော ရှိခဲ့ပေမယ့် အခုနောက်ပိုင်း နှစ်လ၊ သုံးလလောက် ကြာပြီးတဲ့အခါမှာတော့ ကျောင်းတက်သူတွေရောပေါ့၊ အားလုံး နေလို့ထိုင်လို့ အဆင်ပြေပါတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ ဒေသခံတွေ နေရပ် ပြန်ဝင်နိုင်ရေးကို ကလေး – ဖလမ်း၊ ဟားခါး – ဖလမ်း၊ အိန္ဒိယနယ်စပ် – ဖလမ်းအတွက် လုပ်ဆောင်နေတာဖြစ်ပြီး ဖလမ်းဒေသခံ တသောင်းသုံးထောင်နီးပါး ရှိတဲ့အထဲက လက်ရှိမှာ လူဦးရေ ၅၀၀၀ ဝန်းကျင်လောက် နေရပ်ပြန်လည် ဝင်ရောက်ပြီးပြီလို့ ဆိုပါတယ်။
“နေရပ်ပြန်ကိစ္စကိုတော့ ကျွန်တော်တို့ ဖလမ်းမြို့မှာ လူမစုံသေးသရွေ့ လုပ်နိုင်ဖို့ရာတော့ စီစဉ်ချင်ပါတယ်။ အဲဒီအတွက်ကိုလည်း ငွေရေးကြေးရေး အဆင်ပြေချင်ပါတယ်။ လက်ရှိမှာ ပြည်ပက အသင်းအဖွဲ့တွေက ပံ့ပိုးကူညီတယ်။ ပြည်တွင်းမှာလည်း ရန်ပုံငွေရှာနေပါတယ်။ ဒါကြောင့် ခုချိန်ထိတော့ အဆင်ပြေတယ်လို့ ပြောလို့ရပေမယ့် ဒုတိယအဆင့်၊ တတိယအဆင့်မှာ ဘယ်လိုဖြစ်လာမလဲတော့ မပြောတတ်သေးဘူး။ ဒါပေမယ့် ဖြစ်လာနိုင်ဖို့အတွက်ကိုတော့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်” လို့ သူက ပြောပါတယ်။
ဖလမ်းမြို့ကို ချင်းညီနောင်နဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့မှာ သိမ်းပိုက်ခဲ့တာဖြစ်ပြီး အဲဒီနောက် ချင်းအမျိုးသားအဖွဲ့ချုပ် (CNO / CNDF ) က ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့မှာ အစိုးရတပ်က ဖလမ်းမြို့ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီး လနဲ့ချီ ပြတ်တောက်နေခဲ့တဲ့ MPT ဖုန်းနဲ့ အင်တာနက် ဆက်သွယ်ရေး ကွန်ရက်တွေလည်း မနေ့ စက်တင်ဘာ ၁၂ ရက်မှ စတင်ကာ ပြန်လည် ရရှိနေပြီလို့ သိရပါတယ်။
Photo – Falam Retur Info

Related posts

VOM News

FREE
VIEW