ဆူးငှက်
ရွှေတိဂုံ ခြေတော်ရင်းမှာ
—————————-
ရန်ကုန်ရောက်တော့ ညွှန်းထားသည့် ဘုန်းကြီးကျောင်းသို့ ၃ဦးသား သွားကြသည်။ ကျောင်းက ရွှေတိဂုံဘုရား အရှေ့မုခ်အနီး ဗဟန်းလမ်းမကြီး ဘေးမှာရှိသည်။ ကျောင်းအဝင်စမှာ ပီစီအို ဖုန်းဆိုင်လေးလည်း ရှိသည်။ ကျောင်းဝင်းက အကျယ်ကြီးတော့မဟုတ်။ ပင်မ ၂ထပ်ကျောင်းနှင့် အရံကျောင်းလေး ၂ကျောင်းသာရှိသည်။ အရံကျောင်းလေး ၁ကျောင်းမှာက အဝေးမှလာနေကြပုံရသည့် ကျောင်းသားတွေ နေကြသည်။ ၁၀တန်း (သို့မဟုတ်) တက္ကသိုလ်အဆင့် လောက် ဖြစ်မည်။ ထို့ပြင် ကျန် ကျောင်းလေး တစ်ကျောင်းမှာတော့ ပီစီအိုဖုန်းဆိုင်လေးမှာ အမြဲထိုင်တတ်သည့် မိန်းမပျိုလေး တစ်ယောက်နှင့် သူ့မိဘများ ဖြစ်ပုံရသော မိသားစုတို့ နေကြသည်။ ကျွန်တော်တို့က ရောက်သည်နှင့် ပင်မကျောင်းကြီးပေါ်တက်ကာ ဆရာတော်ကို ဝတ်ပြုပြီး နန်းရှေ့က ဆရာတော် ပေးလိုက်သည့် စာကို ဆက်ကပ်လိုက်၏။ ကျောင်းထိုင်ဆရာတော်က အသက်မကြီးလှသေး၊ ၄၀ ဝန်းကျင်လောက်ပဲ ရှိမည်။
ကျောင်းထိုင်ဆရာတော်က မန္တလေး နန်းရှေ့ဆရာတော်ကလည်း ဖုန်းဆက် အကြောင်းကြားကြောင်းနှင့် ဆက်သွယ်ရမည့် ဒ့ာကိုလည်း ဖုန်းဆက်ပြီးကြောင်း၊ မွန်းလွဲ ၁နာရီလောက် ထိုဒကာ လာပါလိမ့်မည် ဟု မိန့်သည်။ ကျောင်းထိုင် ဆရာတော်က စကားနည်းပုံရသည်။ ဒါပဲပြောကာ အခန်းထဲကြွသွား၏။ ကျွန်တော်တို့က ဘယ်နေရာ တည်းရမှန်း မသိတော့ ပါလာသည့် အိတ်များကို ကျောင်းနံရံမှာပဲ စု၍ ကပ်ထားလိုက်ကြသည်။ ကျောင်းမှာ ကျောင်းထိုင်ဆရာတော် အပြင် ဦးပဉ္စင်း ၂ပါးလောက်ပဲရှိပြီး ကိုရင်လေး ၃ပါးနှင့် ကျောင်းသားလေးတွေ ၄ယောက် လောက်ပဲ ရှိသည်။
ကျွန်တော်တို့လည်း ကိုရင်လေးတွေကို မှာခဲ့ပြီး ထမင်းစားဖို့ ထွက်ခဲ့ကြ၏။ ထိုနေရာက ရွှေတိဂုံ ခြေတော်ရင်းမို့ အစားအသောက်ဆိုင်တွေ ပေါလှ၏။ ကျွန်တော်တို့လည်း ကျောင်းနှင့် ဝေးဝေး မသွားချင်သောကြောင့် အနီးရှိ ဗဟန်းလမ်းသွယ်ထဲက လမ်းဘေး ထမင်းဆိုင်လေး တစ်ဆိုင်ထဲ ဝင်လိုက်ကြသည်။ ကရင်မ ထမင်းဆိုင်တဲ့၊ တစ်ခါပြင် ၂၀၀ကျပ်နှင့် ထမင်းစားပြီး ကျောင်းသို့ ပြန်ကြရင်း အဆင်မှ ပြေပါ့မလားဆိုတာ စိုးရိမ်စိတ်ဖြင့် အချင်းချင်း အားပေးနေရ၏။ ကိုလင်း ကတော့ ဒီမှာ အဆင်မပြေလည်း စာတင်ဖို့ ကိစ္စ သူ့လမ်းကြောင်းလည်း ရှိပါတယ်ဟု ပြောလို့ ကျွန်တော်လည်း စိုးရိမ်မှု လျော့သွားသည်။
အငှားကားနှင့် ရောက်လာသူ
——————————–
ကျောင်းရောက်တော့ အိတ်တွေ ချထားသည့်နေရာမှာပဲ အိတ်တွေ ခေါင်းခုကာ နားကြသည်။ အဝင်စ အရံကျောင်း လေးမှာက သင်တန်းတစ်ခုလည်း ရှိပုံရ၏။ အပြင်က ကျောင်းသူ ကျောင်းသားလေးတွေ ရောက်လာကာ ဝင်သွားကြတာ ကျောင်းပေါ်က မြင်နေရသည်။ ကွန်ပျူတာသင်တန်းဖြစ်လိမ့်မည်။ ကျွန်တော်တို့လည်း လှဲလျောင်းရင်း လာမည့်သူကို စောင့်နေရလို့ အိပ်ချင်သော်လည်း အိပ်မရပေ။ မကြာပါ မွန်းလွဲ ၁နာရီကျော်လောက်တွင် ကျောင်းထဲသို့ အငှားတက္ကစီကား တစ်စီး ဝင်လာသည်။ ကျောင်းဘေးမှာ ရပ်ပြီး ကားပေါ်က အသက် ၆၀အရွယ် အမျိုးသားတစ်ဦး ဆင်းလာ၏။
ကျောင်းထိုင်ဆရာတော်က အခန်းထဲက ထွက်လာပြီး ကျွန်တော်တို့ကို ဒကာကြီး ရောက်လာပြီ ဟုတိုတိုတုတ်တုတ် မိန့်သည်။ ကားပေါ်က ဆင်းလာသူက ခပ်ပိန်ပိန်နှင့် ခါးပင်ကုန်းနေကာ အရွယ်ထက် ပိုမို အိုသယောင် ထင်ရပြီး ဆင်းလာကတည်းက ချောင်းတွေဆိုးနေလို့ ကျောင်းပေါ် ချက်ချင်း မတက်သေးဘဲ လှေခါးရင်းမှာ နားကာ ခပ်ဖြည်းဖြည်း တက်လာ၏။ နောက်မှာ ဒရိုင်ဘာနှင့် တူသူ လူရွယ်က ခပ်တုတ်တုတ်နှင့် ၃၀ ဝန်းကျင်ပဲရှိမည်။ သူက အဖိုးအိုကို ကျောင်းပေါ်အထိ တွဲတင်သည်။ ကျောင်းထိုင်ဆရာတော်က အဖိုးအိုကို နေကောင်းရဲ့လား၊ မတွေ့ရတာကြာပြီ ဟု နှုတ်ဆက်၍ ထမင်းစားဖို့ ပြောတော့ ဒီနေ့ စားခဲ့ပြီ၊ မစားတော့ဘူး၊ နောက်ရက် စောစောလာပြီး စားမယ်ဟု ဆိုကာ ကျွန်တော်တို့ အနား ဝင်ထိုင်၏။ ချောင်းက ဆိုနေဆဲပင်၊ လက်ကိုင်ပုဝါနှင့် အုပ်ကာ ဆိုးနေရသည်။ ကိုရင်လေး တစ်ပါးက ထွေးခံတစ်လုံး ယူပေးသည်။
ထို့နောက် အဖိုးအိုက ကျွန်တော်တို့ကို အခုမှတွေ့ရသော်လည်း ရင်းနှီးစွာ နှုတ်ဆက်ပြီး မင်းတို့ထဲက စာရေးဆရာဆိုတာ ဘယ်သးလဲကွ ဟု မေးသည်။ ကျွန်တော်ဟု သိလိုက်သောအခါ ကျွန်တော့်ကို လက်ဝါးဖြင့် နေရောင်ကာသလို သူ့မျက်စေ့အားအုပ်၍ သေချာကြည့်သည်။ “ဟာ.. စာရေးဆရာကလည်း ပျော့ပျော့ ငယ်ငယ်လေး ပါလား” ဟု ရယ်ရင် ပြောသည်။ သူက ကျွန်တော်တို့ လာရင်းကိစ္စအား ကြိုသိနေပုံရ၏။ “မင်းတို့ မန္တလေးကလည်း ကျိန်စာမိနေသလား မသိပါဘူးကွာ၊ နန်းတွင်းရောက်လာသူတိုင်းက မြို့ကို နှိပ်စက်တော့တာပဲ၊ တစ်ယောက်မှ မညှာကြပါဘူးကွာ” ဟုလည်း ပြောသည်။ ထို့နောက် အခု မင်းတို့မြေကို သိမ်းမယ် ဆည်းမယ် ဆိုတဲ့သူကို သိကြရဲ့လား၊ ဘာတဲ့ ဒီစီမံကိန်းက အခုလက်ရှိတိုင်းမှူးတောင် မသိပါဘူး ဆိုတော့ အခု တိုင်းမှူးရဲ့ အထက်က လူပေါ့ကွ၊ သူကလည်း မန္တလေးမှာ အကြာကြီး တာဝန်ယူခဲ့ရတော့ မန္တလေးကို အလွတ်ရနေပြီလေ” ဟုပြောသည်။
ရာထူးတိုးချင်ရင် ကတော်ဆီသွား
———————————-
ထို့နောက် ကျွန်တော်တို့ ရေးယူလာသော စာကြမ်းကိုဖတ်ပြီး အချက်အလက်တွေကတော့ ကောင်းတယ်၊ ဒါပေမယ့် မင်းတို့ဟာက ပျော့နေတယ်၊ ဒူးထောက် တောင်းပန် သလိုဖြစ်နေတယ်။ ဒါ ကိုယ့်ပစ္စည်း ကိုယ့်မြေပဲလေ၊ ဒါ ကျုပ်တို့ပစ္စည်း မတရားယူနေပါတယ်ဆိုတာမျိုး ရေးရမှာကွ၊ ကိုင်း အောက်ဆုံးအပိုဒ်လေး ပြန်ပြင်လိုက်ဦးဟု ဆို၍ ကျွန်တော်က ပြင်ပြီး ပြတော့ ဒါမှပေါ့စာရေးဆရာရ ဟု ပြောသည်။ ထို့နောက် သူက စာကို ကွန်ပျူတာစာစီပြီး နောက်က ကျွန်တော်တို့ယူလာသော ရပ်ကွက်လူထု၏ လက်မှတ်ထိုးများကို ပူးတွဲမည်။ စာကိုမိတ္တူများကူးကာ မူရင်းကို ရန်ကုန်စာတိုက်ကြီးမှ သူပေးသော လိပ်စာအတိုင်း အမြန်ချောပို့နှင့် ပို့ရမည်။ သူက မိတ္တူ ၂စောင် ကိုင်ထားမည်။ ထို့နောက် ကျန်မိတ္တူများကို လူကိုယ်တိုင် သွားရောက် ပို့ရမည့် နေရာများကို ပို့ရမည်ဟု ဆို၏။ ထိုအလုပ်အားလုံးက နက်ဖြန်မှ လုပ်ရမည်။
အခု သူအပြန် ကျွန်တော်တို့ စာကြမ်းကို ယူသွားပြီး ကျွန်ပျူတာစီကာ မိတ္တူတွေကူးပြီး နက်ဖြန် မနက် စောစော လာမည်တဲ့။ စာစီတာ မိတ္တူကူးတာ မင်းတို့ လုပ်လို့မရဘူးကွ၊ စာစီမပြီးခင် အားလုံးသိကုန်မှာ၊ ဒါက သိုသိပ်မှ ဖြစ်မှာ ဟု ပြောသည်။ ထို့နောက် သူက သူ့အကြောင်းကို ပြောပြ၏။ သူက မန္တလေး နန်းတွင်းမှာ တာဝန်ဖြင့် အကြာကြီးနေခဲ့ရပြီး မန္တလေးသူနှင့် အိမ်ထောင်ကျ သည်။ ထို့ကြောင့် သူက မန္တလေးကို သံယောဇဉ်ကြီးလှသည်။ မန္တလေးက ပြဿနာတွေကို ဒိုင်ခံရှင်းပေးသည်။ အထူးသဖြင့် ဆရာတော်ကြီးများကို အကူအညီပေးနေသည်။ “အေး.. မတရားတာမျိုးဆိုရင် ကူမယ်၊ ရာထူးတိုးချင်တာ၊ ကိုယ့်လင်မြို့ ကိုယ့်မယားမြို့ပြောင်းချင်လို့ပါဆိုရင်တော့ ကတော်တွေဆီ ဆီပုံးနဲ့ ပါတိတ်နဲ့ စာအိတ်နဲ့သွားကြလို့ ပြောလိုက်တယ်၊ အံမယ် အခုကြားတာ ဆီပုံး ပါတိတ် စာအိတ်နဲ့ မရတော့ဘူးတဲ့ မောင်၊ စိန်ဆိုင် ရွှေဆိုင်က ဘောင်ချာနဲ့ ကားသော့နဲ့တဲ့ ဆိုလား” ဟု ပြောရင်း ချောင်းတဟွတ်ဟွတ်ဆိုးနေ ပြန်သည်။
ညောင်ဦးက အရူး ပြန်လွှတ်ဖို့မေ့နေတာ
—————————————–
စကားပြောကြကောင်းလိုက်ကြတာ သူတာဝန်ထမ်းစဉ်က အကြောင်းတွေပင် ရောက်သွား၏။ ကျွန်တော်က ကြားဖူးနားဝနှင့် အစဖော်မေးလိုက်တိုင်း သူက “စာရေးဆရာ မင်းက အဲ့ဒါသိနေပါလား” ဟု ဆိုကာ “ဒီလိုကွ” ဟု ဇာတ်ကြောင်း လှန်တော့သည်။ ဥက္ကဋ္ဌကြီး ပုဂံလာမှာမို့ မိတ္တီလာ ကျောက်ပန်းတောင်းလမ်းကို တစ်ပတ်ကြို ပိတ်တာတွေ၊ ညောင်ဦးမှာ လမ်းဘေးက အရူးကိုဖမ်းပြီး နှစ်ချီ မလွှတ်မိတာတွေ၊ ပုပ္ပားမှာ နှစ်များစွာ ပန်းရံ ကံကြွေးအဖြစ် အသွင်ယူခိုင်းပြီး အခန်းထဲထိ သမံတလင်းအောက် ဝိုင်ယာမြှုတ် အသံဖမ်းစက်ဆင်၍ သက်သေခံယူ ဖော်ထုတ်ကာ နာမည်ကျော်ဆရာတော်ကို လူဝတ်လဲရတာတွေ အသေးစိတ်ပြောပြသည်။
သူက ဥက္ကဋ္ဌကြီးခေတ်မှသည် အနီးကပ် တာဝန်ယူခဲ့သူ ရှေးမီနောက်မီ အကြောင်းသိမို့ အစဉ်အဆက် သူနှင့် မကင်းနိုင်ကြပေ။ သူကလည်း ပြောနိုင် ဆိုနိုင်သည်။ ထိုစဉ်က တာဝန်ယူသည့် သူတစ်ဦးကို “အခု ဒို့မင်းသားက အလုပ်တော့ လုပ်ပါရဲ့ကွာ၊ သူက တီဗီထဲပါဖို့ပဲ အာရုံစိုက်နေတာ၊ ပြီးတော့ သူ့အောက်က တပည့်တွေကိုလည်း ယုံကြည်လွန်းတယ်။ ငါကတော့ တွေ့ရင် ပြောတာပဲ။ အခုလည်း မင်းတို့စာကို သူ့ဆီ တင်ရမှာကွ၊ ဒို့ မင်းသား က အဖြစ်မှန်ကို သိရင်တော့ မင်းတို့ကို ကူညီမှာပါ၊ ကိုင်း.. မင်းတို့လည်း နားကြတော့ ငါ ပြန်ပြီး ကွန်ပျူတာ စီခိုင်းလိုက်ပြီး မိတ္တူကူးလိုက်ဦးမယ်။ နက်ဖြန် မနက် ၁၀နာရီ မကျော်စေရဘူး ငါလာခဲ့မယ် ဟု ပြောကာ ဆရာတော်ကိုလည်း နက်ဖြန် ကျောင်းမှာ ထမင်းစားမယ် ဦးဇင်းဟု ပြောကာ ချောင်းတဟွတ်ဟွတ်နှင့် ပြန်သွားတော့သည်။
ကျွန်တော်တို့ ရဲ ၃ဘော်
————————-
ထိုနေ့ညက ကျွန်တော်တို့ ၃ယောက်သား ကရင်မဆိုင်မှာ ၂၀၀ကျပ်တန် ထမင်းစားပြီး ရွှေတိဂုံဘုရား တက်ကြသည်။ ဘုရားကန်တော့ပြီး စနေထောင့်က ဇရပ်တစ်ဆောင်တွင် နားရင်း စကားတွေ ပြောဖြစ်ကြသည်။ ကိုလင်းနှင့်က ဟေမာဇလရပ်တွင် အတူနေကြပြီး ကျွန်တော့်စာအုပ်ဆိုင်၏ ပရိသတ်ဖြစ်သော်လည်း စကားမပြောဖြစ်၊ အခုမှ ပြောဖြစ်ကြတော့ သူကလည်း ခေသူမဟုတ်၊ သူ့မိဘတွေက မြရာပင်ရိပ်ခို နိုင်ငံရေး အစဉ်အလာ ရှိခဲ့ကြသူများ ဖြစ်သည်။ အစ်ကိုကလည်း ရာထူကြီးနှင့် ဖြစ်သည်။ သူ့အစ်ကိုနှင့် ပတ်သက်ပြီး အတော်များများကိုလည်း ကိုလင်းက ရင်းနှီးသည်။
ကိုခင်မောင်သိန်းက BVS ဆိုတော့ စာရေးဆရာ ဆရာကြည်မင်း၏ တပည့်ဖြစ်ကာ ကျွန်တော်တို့ မိတ်ဆွေကြီး ဆရာညိုထွန်းလူ နှင့်လည်း ရင်းနှီးသည်။ ထို့ပြင် သူ့အစ်ကိုကြီးက မြောက်ပြင် ဦးသက်တင်လေ၊ နိုင်ငံရေး အဆင်အလာ ကြီးသူပေါ့။ ကျွန်တော်တို့ ၃ယောက်သား စကားတွေ ပြောဖြစ်ပြီး ကျောင်းပြန်ရောက်တော့ ကိုရင်လေးတွေ ကြားပဲ တိုးခွေ့ အိပ်ရ၏။ ဟို၂ယောက်ကတော့ ညနေ အရှိန်လေးတွေကြောင့် တခူးခူးဟောက်ကာ အိပ်ကြပြီ။ ကျွန်တော်က ဘယ်လူး ညာလိမ့်နှင့် အိပ်မပျော်၊ အမေကို စိတ်ပူနေရသည်။ နေမှ ကောင်းလေရဲ့လားမသိ၊ ဘဝမှာ အရုန်းကန်ရဆုံး နေ့ရက်များမို့ ပင်ပန်းလှပြီ။ မကျစဖူး မျက်ရည်များပင် သွင်သွင်ကျခဲ့တော့သည်။ လူပင်ပန်း စိတ်ပင်ပန်းလိုက်ပါဘိ။
ဝမ်းအင် ဟပ်(ပ်) လက်ထက် ကတည်းက
———————————————-
ရန်ကုန်ရောက်သည့် ဒုတိယနေ့မှာတော့ အိပ်ရာက စောစောထပြီး ကျောင်းထိုင်ဆရာတော်စွန့်သည့် အရုဏ်ဆွမ်း အကျကို စားရ၏။ ညက အိပ်မပျော်လို့ ဝင်သလောက်ပဲ စားဖြစ်သည်။ စားသောက်ပြီး ဘယ်မှ မထွက်တော့ဘဲ မနက်၁၀နာရီ မှာလာမည့် ပုဂ္ဂိုလ်ကြီးကို စောင့်ကြသည်။ တကယ်တော့ သူက သူ့နံမည်ကို သေချာပြောထားပါ၏။ သည်နေရာတွင် ကျွန်တော်က သူ့ကို ဦးတက်တိုးဟုပဲ ပြောဆိုပါမည်။ သူက တွေ့ကတည်းက ပွင့်ပွင့်လင်းလင်း ပြောထားပါသည်။ သူက ဥက္ကဋ္ဌကြီးခေတ် ကတည်းက အတွင်းလူမျာက ဝမ်းအင်ဟပ်(ပ်) ဟု အသိအမှတ်ပြုခဲ့ရသူ မျက်မှန်ကြီး လက်အောက်တွင် အမှုထမ်းခဲ့သူ ဖြစ်သည်။ တကယ်တော့ ဦးတက်တိုးတို့ဌာနက ဥက္ကဋ္ဌကြီး၏ အားထားရသော လက်ရုံးတစ်ဆူလည်း ဖြစ်ခဲ့သည်။ ထိုအဖွဲ့၏ ညွှန်ကြားရေးမှူးရုံးကို စတင် တည်ထောင် သည့် အချိန်က ၁၉၅၈ – ၅၉ ပတ်ဝန်းကျင် တွင်ဖြစ်သည်။
ဗွေဆော်ဦး အကြီးအကဲမှာ ဗိုလ်မှူးကြီးလွင် ဖြစ်သည်။ အစဉ်အဆက် တာဝန်ယူခဲ့ကြသူများမှာ (၁) ဗိုလ်မှူးကြီးလွင် (၁၉၅၈ – ၁၉၆၉)။ (၂ ) ဗိုလ်မှူးကြီး ချစ်ခင် (၁၉၆၉ – ၁၉၇၂)။ (၃) ဗိုလ်မှူးချုပ် တင်ဦး (၁၉၇၂ – ၁၉၇၈)။ (၄) ဗိုလ်မှူးကြီး အောင်ဌေး (၁၉၇၈ – ၁၉၈၀) ။ (၅) ဗိုလ်မှူးကြီး မျိုးအောင် (၁၉၈၀ -၁၉၈၂) ။ (၆) ဗိုလ်မှူးကြီး အောင်ကိုး (၁၉၈၃ ခုနှစ်) ။ (၇) ဗိုလ်မှူးကြီး ခင်ညွှန့် (၁၉၈၄ – ၂၀၀၄) တို့ ဖြစ်ခဲ့သည်။ ဦးတက်တိုးက အမှတ်စဉ် ၃ ၏ လက်ထက်ကတည်းက တာဝန်ထမ်းခဲ့သူမို့ အခု ပင်စင်ယူပြီးသော်လည်း ထိုဌာန၏ အကြီးအကဲများက သူ့ကို လက်မလွှတ်နိုင်ခဲ့ကြပုံရသည်။
ခါးထောက် ဗိုလ်ချုပ်နှင့် ၄ဦးဂိုဏ်း
—————————————
မနေ့က သူနှင့် စကားပြောဖြစ်တော့ ၁၉၉၀ကျော် ကာလများ၏ ကြောင်းခြင်းရာများက စိတ်ဝင်စားစရာ ကောင်းလှသည်။ ၁၉၉၂ခုနှစ်ကာလက န.ဝ.တ အဖွဲ့ဝင် တိုင်းမှူးအချို့မှာ သြဇာထက်လှသည်။ ထိုသူများအနက် မန္တလေး၊ ပုသိမ်၊ လားရှိုး၊ မြစ်ကြီးနား တိုင်းမှူးများက အထင်ရှားဆုံးဖြစ်သည်။ အထူးသဖြင့် မန္တလေးတိုင်းမှူးက သူ့နံမည်နှင့် ကက်ကင်း “ခါးထောက်” သည်။ သူ့ကို “ခါးထောက်” လျှက် ညွှန်ကြားနေတာ အမြဲတွေ့ရသည်။ ထိုနှစ် နှစ်လယ်ကျော်ပြီး အချိန် ရန်ကုန်တွင် တပ်မှူးကြီးများ ညီလာခံအပြီး ထို၄ဦးဂိုဏ်းက မန္တလေး နန်းတွင်းမှာ တွေ့ဆုံ ခေါင်းချင်းဆိုင်ကြသည် ဟူသော သတင်းထွက်လာသည်။ ဤသို့ဖြင့် ထိုတိုင်းမှူးများမှာ ဝန်ကြီးများ ဖြစ်သည်အထိ တန်ခိုးထွားကြသတဲ့။ သတင်းစာများ၏ မျက်နှာဖုံးများ အထိ သူတို့ပုံတွေက မျက်နှာဖုံးမှာ နေ့စဉ်နီးပါး နေရာယူလာသတဲ့။ မကြာမကြာလည်း တွေ့ကြသတဲ့။ ထိုသတင်းများက အချင်းချင်းကြားတွင်ပင် အတော်တာစား နေသည်။
ဖြုတ်နိုင်သူက ရှိတယ်တဲ့
—————————-
ထိုစဉ်ကာလ ဦးတက်တိုးက ပင်စင်ယူပြီးသော်လည်း ညွှန်ကြားရေးမှူး ရုံးသို့ ဝင်ထွက်နေရသတဲ့။ “ အပြင်မှာ သတင်းတွေကလည်း ပြန့်နေပြီ၊ သတင်းစာမှာလည်း သူတို့ ပုံချည်းပဲ။ မင်းတို့မန္တလေးက လူက ခါးထောက် မပျက်ဘူး။ ဒီလောက် ဖြစ်နေကြတာ ဒို့မင်းသားက သိပုံမရဘူးကွ၊ ဘာတဲ့ အောင်ဆန်းကွင်းမှာ မြင်းခင်းသဘင် ဆိုလား လုပ်မှာမို့ အလုပ်ရှုပ်နေတာတဲ့။ ငါက ရုံးရောက်လို့ ဒို့ မင်းသားက ဘယ်မှာလဲ မေးတော့ အောင်ဆန်းကွင်းမှာ ဆိုတော့ ချက်ချင်း လိုက်တာ၊ ငါက ကားကို ကွင်းထဲထိ မောင်းဝင်ချုင်းတာ၊ ငါက သူ့ကိုတွေ့တွေ့ချင်း ဒီကပြီးရင် ဘယ်သွားမှာလဲလို့ မေးတော့ ထောက်ကြံ့ဖက် လယ်ယာကိစ္စသွားမှာ ပြောစရာရှိရင် သူ့ကားနဲ့လိုက်ခဲ့ ဆိုလို့ လိုက်သွားပြီး အကုန်ပြောပြလိုက်တယ်၊ အဲ့ဒီတုန်းက အားလုံးအပေါ်မှာ ဖြုတ်နိုင်တဲ့သူ ရှိသေးတယ်၊ ဒီတော့ ဟို၄ဦးဂိုဏ်းလည်း အဖြုတ်ခံလိုက်ရတာ။ အခု အဲ့လို ဖြုတ်နိုင်တဲ့သူ မရှိတော့ဘူးကွ” တဲ့။
ဦးတက်တိုး ပြောသည့်အထဲတွင် သူ့ဗိုလ်ချုပ်က လက်အောက် တပည့်တွေကို ယုံကြည်လွန်းအားကြီးတယ် ဟု အစချီကာ တစ်နှစ်သား သူတို့ အလိုရှိနေသော ပြည်ပရောက် ဆရာတော်တစ်ပါး ပြည်တွင်း၌ ရောက်နေသည်ကို အခိုင်အမာ သတင်းရသတဲ့။ ထို့ကြောင့် ပြည်ပထွက်ပေါက်အားလုံးကို သတင်းပို့ကာ ပိတ်ဆို့ထားသတဲ့။ သို့သော် ဆရာတော်မှာ လွတ်မြောက်သွားကာ ချက်ချင်းပင် ပြင်ပ အသံလွှင့်ဌာနနှင့်ပင် အင်တာဗျူးလိုက်သေးသတဲ့။ သည်တော့မှ ထွက်ပေါက်များကို စစ်ဆေးလိုက်သောအခါ မင်္ဂလာဒုံလေဆိပ်က တရားဝင် ထွက်ခွာသွားသတဲ့။
ထို့ကြောင့် စာရွက်စာတမ်းများကို လိုက်သောအခါ သူတို့ မင်းသား၏ လက်မှတ်ထိုး စာရွက်နှင့် တရားဝင် ထွက်သွားတာ တွေ့ရသတဲ့။ ထိူစဉ်ကာလ ရွှေတိဂုံဘုရား ဘက်စုံပြုပြင်ရေး ဆောင်ရွက်နေသောကြောင့် တစ်ပတ်လျှင် တစ်ကြိမ် အလှူရှင်များကို ဂုဏ်ပြုလွှာများ အခမ်းအနားနှင့် ပေးအပ်ရာ ထိုပေးမည့် ဂုဏ်ပြုလွှာ စာရွက်စာတမ်း အထပ်ထဲ ထွက်ခွာခွင့် စာရွက်ကို မသိမသာ ကြားညှပ်ထည့်လိုက်သတဲ့။ “ဒို့မင်းသားက ဘုရားပြင်ရာလည်း ပါတာကိုးကွ၊ တစ်ပတ်တစ်ကြိမ် ဘုရားတက်ပြီး ညွှန်ကြားရင်း စစ်ဆေးရင်း ရှေ့မှာ ထပ်ပေးထားတဲ့ စာရွက်တွေကို တပည့်တွေ လှန်ပေးတဲ့အတိုင်း စကားပြောရင်း လက်မှတ်တွေ ထိုးလိုက်တာနေမှာပေါ့” ဟုလည်း ပြောကာ ချောင်းတဟွတ်ဟွတ် ဆိုးနေသည်။
အပူသည် ဒုက္ခသည်တွေဆီက ငွေ
———————————-
သည်နေ့လည်း ချိမ်းထားသည့်အတိုင်း ၁၀နာရီမထိုးမီကပင် မနေ့က အငှားကားနှင့် ရောက်လာသည်။ ရောက်သည်နှင့် သူကွန်ပျူတာ စီလာသော အပေါ်စာများနှင့် လက်မှတ်ထိုးများတွဲထားသည့် စာအထပ်ကြီးကိုပေးသည်။ ၁၀စုံလောက်ရှိမှာပေါ့။ “ ဒီထဲက အပေါ်ဆုံး တစ်စုံကို ရန်ကုန်စာတိုက်ကြီးသွားပြီး ငါပေးတဲ့ လပ်စာအတိုင်း မှတ်ပုံတင် အမြန်ချောနဲ့ မင်းတို့ကိုယ်တိုင်ပို့ကြ၊ ပို့သူနေရာမှာ စာရေးဆရာက နံမည် မှတ်ပုံတင်နံပတ် လိပ်စာ အပြည့်အစုံရေးနော်၊ မင်းတို့လုပ်တတ်ပါတယ်။ ပြီးရင် ကျန်တဲ့ စာတွေ ဒီလိပ်စာအတိုင်း သွားပို့ထား၊ သူတို့က ညမှ အဆင်ပြေမှာနော်။ ငါက ၂စုံ ကိုင်ထားမယ်။ ပြီးတော့ ငါကိုယ်တိုင် ရုံးသွားပြီး ပြောမယ်” ဟု သေချာ မှာသည်။ ကိုင်း ပြီးပြီ၊ ထမ်းစားကြမယ်ဟု ဆိုသည်။ ကျောင်းထိုင်ဆရာတော် အမိန့်ဖြင့် ကိုရင်လေးတွေက ထမင်းပွဲလည်း ပြင်ပြီးပြီ။ ကျွန်တော်တို့က ၃ယောက်သား အချင်းချင်း ကြည့်ကာ အချက်ပြပြီး အိတ်ထဲက ပုဆိုးအသစ်လေးနှင့် ငွေ ၃သောင်း ထည့်ထားသည့် စာအိတ်လေးကို ထုတ်လိုက်သည်။
ထို့နောက် ကျွန်တော်တို့ကို ကူညီလို့ အဘကို ကန်တော့တာပါဟု ဆိုကာ ၃ဦးသား ပုဆစ်တုပ်လိုက်ကြသည်။ ထိုအခါ ဦးတက်တိုးက မျက်လုံးပြူးကြည့် လက်ကို ခါပြီး “ အမလေး မလုပ်ပါနဲ့ လက်မခံပါရစေနဲ့ကွာ၊ မင်းတို့က အပူသည် ဒုက္ခသည်တွေပါ။ အပူသည် ဒုက္ခသည်ဆီက မစားကောင်းပါဘူးကွာ၊ ငါက မတရားတာကို တတ်နိုင်တဲ့ဘက်က ကူညီတာသက်သက်ပါ” ဟု လေးလေးနက်နက်ပြောသည်။ ကျွန်တော်တို့ကလည်း လက်ခံဖို့ တွင်တွင်ပြောသည်။ ထိုအခါ ဦးတက်တိုးက “ ကိုင်း.. မင်းတို့က ဆန္ဒရှိနေတော့ ပုဆိုးပဲ လက်ခံမယ်။ ငွေကိုလည်း ငါ မိတ္တူကူးခ စိုက်ထားတဲ့ ၂ထောင်ပဲ ယူမယ်။ ဟုတ်ပြီလား၊ ကျန်တာ ပြန်ယူသွားကြ၊ မန္တလေးပြန်တော့ မင်းတို့ အိမ်အတွက် သမ္မတရုံနားက ပုလဲ ကိတ်မုန့်တစ်ဗူးစီ ဝယ်သွားကြ၊ ဟုတ်ပြီလား” ဟုဆိုကာ စာအိတ်ထဲက ငွေ ၂ထောင်ပဲနှင့် ပုဆိုးပဲ ယူသည်။ ထို့နောက် ဆရာတော်စွန့်သော ထမ်းဝိုင်း ဝင်ထိုင်လိုက်ကြတော့သည်။
ပန်းထိမ်မှ ဘောင်ချာများ
—————————–
သည်နေ့လည်း ထမင်းစားပြီး ဦးတက်တိုးက ချက်ချင် မပြန်သေးဘဲ စကားတွေ ပြောသည်။ သူ့စကားတွေက စိတ်ဝင်စားစရာ ကောင်းလှသည်။ကတော်ကြီး တစ်ယောက်က ပိုက်ဆံယူ၍ မှတ်ပုံတင် ချက်ချင်းထုတ်ပေးကာ ရွာပင်တည်ပေးလိုက်သည့် မန္တလေး မတ္တရာဘက်က ရွာအကြောင်း၊ ထိုကတော်ကြီး အမြဲအပ်သည့် ပန်းထိမ်က ပစ္စည်းစာရင်းနှင့် တန်ဖိုးများ ဘောင်ချာနှင့်တကွ ရရှိထားကြောင်း၊ ဒီပဲယင်း အရေးအခင်းမှာ ရုတ်တရက်ပေါ်လာသည့် တတိယအုပ်စု အကြောင်း၊ “အခုတော့ ခါးထောက် ၄ဦးဂိုဏ်းထက် ဆိုးတာတွေ အုံနဲ့ကျင်းနဲ့ ဖြစ်နေပေမယ့် အဲ့ဒီတုန်းကလို ချက်ချင်း အရေးယူဖြုတ်ချနိုင်သူ မရှိတော့ကြောင်း တွေကို ပြောပြသည်။ ပြောရင်း ချောင်းဆိုးရင်းပေါ့။
ထိုနေ့က ဦးတက်တိုး အပြန်တွင် ကျွန်တော်တို့ကို “ကိုင်း.. မင်းတို့က ဧည့်သည်တွေ၊ ငါက အိမ်ရှင်၊ ဒီတော့ နက်ဖြန်ခါ ငါက မင်းတို့ကို ထမင်းကျွေးမယ်။ ဆိုင်မှာ မကျွေးဘူး၊ အိမ်မှာသေချာ ချက်ကျွေးမှာ။ မန္တလေးသူ အိမ်ရှင်မက မန္တလေးသားတွေကို သူကိုယ်တိုင် ချက်ကျွေးပါရစေတဲ့။ ဒီတော့ နက်ဖြန် ၁၀နာရီလောက် အရောက်လာခဲ့ကြ” ဟုပြောကာ စီးရမည့် ဘတ်စ်ကား၊ ဆင်းရမည့်မှတ်တိုင်၊ မေးရမည့် ကွမ်းယာဆိုင်၊ လာရမည့် လမ်းတွေ သေချာပြော၍ လာဖြစ်အောင် လာခဲ့ဖို့မှာကာ ချောင်းတဟွတ်ဟွတ်ဆိုးရင်း လာစဉ်က တက္ကစီနှင့် ပြန်သွားတော့သည်။
ဆူးငှက်
