မြန်မာနိုင်ငံအထက်ပိုင်းက မြို့နယ်ချို့မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၄ ယောက်သေပြီး ၃၀ ထက်မနည်းဒဏ်ရာရ

စက်တင်ဘာ ၂၃ ၊ ၂၀၂၆
GG (VOM)
မြန်မာနိုင်ငံအထက်ပိုင်းက မြို့နယ်တချို့မှာ ဒီရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ၁၄ ယောက်သေဆုံးကာ ၃၀ ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
မနေ့က စက်တင်ဘာ ၂၄ ရက်နေ့ ညနေ ၅ နာရီကျော်လောက်မှာ ကောလင်းမြို့နယ် အရှေ့ခြမ်း ၊ မြစ်ကြီးနား – ရွှေဘို ဗျူဟာလမ်းမကြီးပေါ်မှာရှိတဲ့ ကုက္ကိုကုန်းကျေးရွာကို လေကြောင်းတိုက်ခိုက်ခံရပြီး အမျိုးသားသုံးယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
” ဒဏ်ရာရတဲ့အထဲမှာ ပြင်းထန်တဲ့သူနှစ်ယောက် ပါတယ်သိရတယ်။ အိမ်ငါးလုံးလောက်လည်း ပျက်စီးမှုရှိတယ် ။ ” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်ခံရတဲ့ရွာဟာ NUG လက်အောက်ခံ ၊ ကောလင်းခရိုင်အမှတ် ၁ တပ်ရင်း စစ်ရေးလှုပ်ရှားတဲ့ နယ်မြေဖြစ်တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၂၃ ရက်မှာ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ ရွှေဘို – မြစ်ကြီးနားလမ်းပိုင်းက စက်တော်ကုန်း ကျေးရွာဘက်မှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ခဲ့ပြီး ငါးယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ငါးယောက်ထက်မနည်းရှိခဲ့ပါတယ်။
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ မာန်လည်ကျေးရွာမှာလည်း စက်တင်ဘာ ၂၂ ရက်က လေကြောင်းတိုက်ခိုက်ခံရပြီး နှစ်ယောက်သေဆုံးကာ ငါးယောက် ဒဏ်ရာရခဲ့ပါတယ်။
မကွေးတိုင်းက ပခုက္ကူမြို့နယ်နဲ့ မြစ်ခြေမြို့နယ်ဘက်မှာလည်း လေကြောင်း တိုက်ခိုက်မှုတွေ ရှိခဲ့ပြီး နေအိမ်တွေ ပျက်စီးတာ ၊ဒေသခံတွေ ထောင်နဲ့ချီစစ်ရှောင်နေရပါတယ်။
စက်တင်ဘာ ၁၈ ရက်မှာ ကချင်ပြည်နယ် ၊ ရွှေကူမြို့၊ဧရာဝတီမြစ် တဖက်ကမ်းမှာရှိတဲ့ မြို့ကုန်းရွာဘက်မှာ လေကြောင်းတိုက်ခိုက်ခံရပြီး လေးယောက်သေဆုံးကာ ၁၀ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ

Related posts

✕
VOM News

FREE
VIEW