စက်တင်ဘာ ၂၆ – ၂၀၂၆
SS (VOM)
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကဲ့သို့ ခိုင်မာတဲ့ ဥပဒေဖြစ်တဲ့အတွက် ဖျက်လိုတယ်လို့ ပြောရုံမျှနဲ့ ဖျက်လို့မရဘူးလို့ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) အကြံပေးအဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင် ဦးအောင်မင်းက ပြောပါတယ်။
ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဇွဲကပင်ခန်းမမှာ ဒီကနေ့ စက်တင်ဘာ ၂၆ ရက်က ပြုလုပ်တဲ့ “ကရင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် (၂၀၂၆)” မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
NCA ကို မည်သူမျှ ဖျက်မရကြောင်းနဲ့ ဖျက်လိုသူတွေဟာ အဘယ်ကြောင့် NCA ကို အရင်က ထောက်ခံခဲ့သလဲလို့ NCA စာချုပ် ဖြစ်မြောက်ရေး ကြိုးပမ်းခဲ့ရာမှာ ပါဝင်ခဲ့တဲ့ ဦးအောင်မင်းက မေးခွန်းထုတ်ထားပါတယ်။
“NCA ကို ဖျက်ဖို့ဆိုပြီး တချို့အဖွဲ့တွေက ပြောနေကြတယ်။ အဲဒီတော့ ကျွန်တော် ပြောချင်တာကတော့ ဒီ NCA ကို ဆွေးနွေးတဲ့အခါ ကျွန်တော်တို့အစိုးရ သဘောထား တခုမှမပါဘူး။ တိုင်းရင်းသားတွေ တင်ပြတဲ့ အချက်တွေအပေါ်မှာ မူတည်ပြီး ကျွန်တော်တို့က အတည်ပြုပေးခဲ့တာပဲဖြစ်တယ်။ အခုကျတော့ တချို့က NCA ကို ဖျက်မယ်ဆိုပြီး ပြောတယ်။
NCA ကို ဖျက်မယ် ပြောတဲ့သူတွေက အရင်တုန်းက ဘာလို့ NCA ထောက်ခံခဲ့လဲ။ အခုကျမှ မကြိုက်ပြန်ဘူးဆိုတော့ တော်တော် ခက်ပါတယ်” လို့ သူက ပြောပါတယ်။
NCA စာချုပ် ဖြစ်မြောက်ဖို့အတွက် သုံးနှစ်ကျော်၊ လေးနှစ်လောက် အချိန်ယူခဲ့ရတာဖြစ်ပြီး စာချုပ်အတွက် အဖြေထွက်ချိန်၊ သဘောတူညီမှုရပြီးနောက် လက်မှတ်ထိုး၊ လွှတ်တော်တင်ခဲ့ကာ လွှတ်တော်ကလည်း အတည်ပြုထားတဲ့အတွက် NCA ဟာ Mother Law ဖြစ်သွားပြီဖြစ်ပြီး ဒါကို ဘယ်သူမှ ပြန်ဖျက်လို့မရဘူးလို့ သူက ပြောပါတယ်။
NCA မှာ အချက်ပေါင်း ၁၀၅ ချက် ပါဝင်ပြီး အဲဒီအချက်တွေထဲမှာ အချက် ၄၀ က အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်တာဖြစ်ပြီး ကျန်တဲ့အချက် ၅၀ ကတော့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လုပ်ဖို့အတွက် Political dialogue process တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
“ကျန်တဲ့ ၁၅ ချက်ကတော့ အဲဒီခေါင်းစဉ် နှစ်ခုထဲ မပါတဲ့ ရှေ့ဆက်လုပ်ရမယ့် လုပ်ငန်းစဉ်တွေအတွက် အချက်တွေဖြစ်ပါတယ်။ အားလုံးပေါင်း ၁၀၅ ချက် ပါပါတယ်။ ခင်ဗျားတို့က ဒါကို ဖျက်ပြီး နောက်အသစ် NCA ရေးဆွဲမယ်ဆိုရင် နောက်ထပ် လေးနှစ် ဒီလိုပဲ ခံစားနေရဦးမှာပဲ။ NCA ဟာ ဥပဒေတရပ် ဖြစ်တဲ့အတွက် NCA ကို ပြင်လို့ရတယ်။ ဖြည့်လို့ရတယ်။ ခင်ဗျားတို့ မကြိုက်တာ ရှိရင် ပြင်လိုက်၊ ဖျက်လိုက် အကုန်လုပ်လို့ ရတာပဲ” ဟု ဦးအောင်မင်းက ပြောပါတယ်။
ဒါအပြင် ပြည်ထောင်စု အတိုင်ပင်ခံကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်ကလည်း NCA ကို ငြိမ်းချမ်းရေးအတွက် တည်ဆောက်ခဲ့တာဖြစ်ပြီး လက်နက်ကိုင်အဖွဲ့အစည်း၊ လက်နက်ကိုင် ခေါင်းဆောင်တွေ၊ တိုင်းရင်းသားတွေ တန်းတူရည်တူ ဂုဏ်သိက္ခာရှိရှိနဲ့ ဆောင်ရွက်ခဲ့နိုင်တာ ဖြစ်တယ်လို့ ပြောပါတယ်။
NCA ဟာ အစိုးရနဲ့ တိုင်းရင်းသား နှစ်ဦးနှစ်ဖက် အသိအမှတ်ပြုထားတာဖြစ်ပြီး NCA ရဲ့ အဆိုပြုချက် Proposal တွေဟာ အစိုးရက ချပေးတာမဟုတ်ဘဲ တိုင်းရင်းသားတွေရဲ့ အဆိုပြုချက်သာ ဖြစ်တယ်လို့ မန်းငြိမ်းမောင်က ပြောပါတယ်။
“တိုင်းရင်းသားတွေရဲ့ အဆိုပြုချက်အပေါ်မှာမှ အစိုးရနဲ့ တပ်မတော်က ညှိနှိုင်းပြီး ဆောင်ရွက်ခဲ့တာဖြစ်တယ်။ တနည်းအားဖြင့် ပြောရရင် NCA (တပြည်လုံး အပစ်အခတ် ရပ်စဲရေး) ဆိုတာ ကျွန်တော်တို့ တိုင်းရင်းသားတွေ ဖော်တဲ့ဆေးပဲ။ အခုကျမှာ ကိုယ်ဖော်တဲ့ဆေးကို ကိုယ်မစားရဲဘူးဆိုတော့ ခင်ဗျားတို့ပဲ စဉ်းစားကြည့်” လို့ သူက ပြောပါတယ်။
ငြိမ်းချမ်းရေး တည်ဆောက်ဖို့အတွက် သံသယတွေ၊ ရန်ငြိုးရန်စတွေအကုန် လျှော့ချစေလိုပြီး ပကတိ အခြေအနေကို စဉ်းစားစေလိုတယ်လို့ သူက ပြောပါတယ်။
“ကျွန်တော် ပြောချင်တာက ဆန္ဒဇွဲနဲ့ ခံစားချက်နဲ့ ခင်ဗျားတို့ မစဉ်းစားပါနဲ့။ ပကတိအခြေအနေကို ကြည့်ပြီးတော့ ကျွန်တော်တို့တိုင်းပြည် ငြိမ်းချမ်းရေးရအောင် ဘယ်လိုလုပ်မလဲ။
ငြိမ်းချမ်းရေးရအောင် လုပ်မယ်ဆိုရင် ကျွန်တော်ခုဏက ပြောခဲ့တဲ့ သံသယတွေ၊ ရန်ငြိုးရန်စတွေ၊ အာဃာတတွေအကုန် ကုစား၊ လျှော့ချပြီးတော့ တိုင်းပြည်နဲ့ ပြည်သူတွေကို မျက်မှောက်ပြုပြီးတော့ ကျွန်တော်တို့အားလုံး ငြိမ်းချမ်းရေးကို လိုလားတဲ့ဆန္ဒကို လက်တွေ့ကျကျနဲ့ တမျိုးသားလုံးက ဝိုင်းဝန်း ကြိုးပမ်းကြပါ” လို့ မန်းငြိမ်းမောင်က ပြောပါတယ်။
NCA ဟာ မြန်မာနိုင်ငံအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအကြား ချုပ်ဆိုခဲ့တဲ့ အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်ဖြစ်ပြီး၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့မှာ သမ္မတဟောင်း ဦးသိန်းစိန်က လက်မှတ် ရေးထိုးခဲ့တာ ဖြစ်ပါတယ်။
ပြည်ထောင်စုလွှတ်တော်က တရားဝင် အတည်ပြုပေးခဲ့တဲ့ သမိုင်းဝင်စာချုပ် ဖြစ်ပြီး မြန်မာနိုင်ငံအစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတချို့ ပါဝင် လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။
NCA ရဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံရေး ဆွေးနွေးပွဲတွေကတဆင့် ထာဝရငြိမ်းချမ်းရေး တည်ဆောက်ရန်နဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေကို အဆုံးသတ်ဖို့ဖြစ်တယ်လို့ သိရပါတယ်။
Photo – CJ
