စက်တင်ဘာ ၂၆ – ၂၀၂၆
SN (VOM)
အခြေခံပညာကျောင်းတွေမှာ ကျောင်းတက်စရာမလိုဘဲ အမည်စာရင်းသွင်း (Enroll) ပြုလုပ်ကာ ကျောင်းခေါ်ချိန် ယူနေမှုတွေအတွက် ငွေကျပ် ငါးသိန်းမှ ၂၅ သိန်းအထိ ဈေးပေါက်နေတယ်လို့ ပညာရေးအသိုင်းအဝိုင်းက သိရပါတယ်။
ကျောင်းသားမိဘ တချို့ဟာ သားသမီးတွေကို ပုဂ္ဂလိကကျောင်း (ဒါမှမဟုတ်) နိုင်ငံတကာကျောင်းတွေမှာ တက်ရောက်စေပြီး အစိုးရကျောင်းတွေမှာ စာမေးပွဲဖြေဆိုခွင့် (ဒါမှမဟုတ်) အောင်လက်မှတ်အတွက် အမည်စာရင်း (Enroll) တင်ထားကာ ကျောင်းခေါ်ချိန် ယူနေကြတယ်လို့ သိရပါတယ်။
တချို့သော မိဘတွေကတော့ ၎င်းတို့ရဲ့ သားသမီးတွေကို နေ့စဉ် ကျောင်းတက်တာမျိုး မပြုလုပ်စေဘဲ အိမ်မှာသာ Guide ခေါ်၊ စာသင်ကြားပေးကြကာ ကျောင်းမှာ Enroll တင်ထားကြတာလို့ သိရပါတယ်။
“ပညာရေးလောကမှာ ဒီလိုလုပ်နေကြတာ ကြာပြီ။ အခုမှ မဟုတ်ဘူး။ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကတည်းက လုပ်နေကြတာ။ အစိုးရကျောင်းတွေတင် မဟုတ်ဘူး။ ပုဂ္ဂလိကကျောင်း၊ နိုင်ငံတကာကျောင်းတွေပါ enroll လုပ်နေကြတာတွေ အများကြီးပဲ။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေလည်း ရှိတယ်။ တနှစ်ကို ပိုက်ဆံ ဘယ်လောက် ဆိုပြီး ပေးလိုက်တာကို enroll လုပ်တယ်လို့ ခေါ်တယ်။ ဈေးကွက်က အကြီးကြီး ရှိနေတာ” လို့ ပညာရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
Enroll တင်ပြီး ကျောင်းခေါ်ချိန် ယူထားကြတဲ့အတွက် ကျောင်းသား၊ ကျောင်းသူတွေဟာ ကျောင်းမတက်ဖူးဘဲ အောင်စာရင်းထွက်ချိန် အောင်စာရင်းမှာ ပါဝင်နေကြတာတွေ အများကြီးရှိနေပြီး တချို့က Grade – 11 မတက်ဖူးပါဘဲ Grade – 12 စာမေးပွဲကို အောင်မြင်နေကြတယ်လို့ သူက ပြောပါတယ်။
“ပညာရေးလောက ပျက်စီးယိုယွင်းနေတာပါ။ ကျောင်းမှာ ကျောင်းသား၊ ကျောင်းသူတွေတော့ မရှိဘူး၊ ကျောင်းမတက်ဘူး။ ဒါပေမယ့် အချိန်တန်ရင် စာမေးပွဲ ဝင်ဖြေနိုင်ဖို့ စာရင်းသွင်းထားကြတယ်။ Enroll အတွက် ပေါက်ဈေးက တကျောင်းနဲ့ တကျောင်းတော့ မတူကြဘူး။ အခုက ကုန်ဈေးနှုန်းတွေလည်း တက်နေတာဆိုတော့ Enroll ကြေးလည်း တနှစ်ထက်တနှစ် ဈေးတက်လာမှာပေါ့” လို့ သူက ပြောပါတယ်။
လက်ရှိမှာ မြို့လယ်ခေါင်က တချို့သော ကျောင်းတွေမှာ Enroll ကြေး ၁၀ သိန်းကနေ ၂၅ သိန်းဝန်းကျင်အထိ ရှိနေသလို ဆင်ခြေဖုံးလို နေရာမျိုးတွေက ကျောင်းတချို့မှာတော့ ငါးသိန်းကနေ ၁၀ သိန်းဝန်းကျင်အထိ ရှိနေကာ တချို့သော ကျောင်းတွေကတော့ ဂုဏ်ထူး ရရှိနိုင်မှုအပေါ် မူတည်ပြီး Enroll ကြေး ကောက်ခံကြတယ်လို့ သိရပါတယ်။
ကျောင်းသားမိဘ တယောက်က “အမှန်အကန် တက်ခိုင်းတဲ့ ကျောင်းတွေလည်း ရှိနိုင်ပါတယ်။ တချို့ အစိုးရကျောင်းတွေကတော့ တပတ် သုံးရက် တက်ပေးရပါတယ်။ တချို့သော အစိုးရကျောင်းတွေကတော့ စာမေးပွဲ လေးကြိမ်ပဲ လာဖြေပေးရုံပါ။ တရက်မှကို တက်ဖို့မလိုတာပါ။ အဲဒီအတွက်လည်း ကြိုတင် ညှိကြရပါတယ်” လို့ ပြောပါတယ်။
ဒါအပြင် အခုလို Enroll ယူထားကြတာဟာ နောင်တချိန် အစိုးရစနစ်အောက်က တရားဝင် ကျောင်းပြောင်းလက်မှတ် (ဒါမှမဟုတ်) အတန်းအောင်မြင်ကြောင်း အထောက်အထား လိုအပ်လာနိုင်ခြေ ရှိတဲ့အတွက် အစိုးရကျောင်းမှာ အမည်စာရင်း မပျက်ကွက်အောင် လုပ်ဆောင်ထားကြတာလို့ သိရပါတယ်။
ဒါအပြင် ပညာရေးလောကအတွင်း အတန်းကျော် တက်ပေးပါကလည်း ငွေကြေး ဘယ်လောက် ဆိုတာမျိုး သတ်မှတ် တောင်းယူတာတွေလည်း ရှိနေပြီး တာဝန်ရှိသူတွေအနေနဲ့ စုံစမ်း အရေးယူမှုတွေ လုပ်ဆောင်သင့်တယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။
အထောက်အထား အတိအကျနဲ့ တိုင်ကြားသူရှိမှ အရေးယူတာမျိုး ပြုလုပ်နေပါက သက်ဆိုင်ရာအဖွဲ့တွေ အနေနဲ့ တာဝန်ခံမှု မရှိသလို ဖြစ်နေတဲ့အပြင် အထောက်အထား ပြည့်စုံဖို့ ဆိုတာကလည်း တိုင်ကြားသူအတွက် ပြဿနာ ရှိနိုင်တာကြောင့် တာဝန်ရှိသူတွေဘက်က အဆင့်ဆင့် စုံစမ်းစစ်ဆေး ကြီးကြပ်စေချင်တယ်လို့ ဆိုပါတယ်။
Photo – CJ
