ဆူးငှက်
သီးကိုးပင်တဲ့၊ လူသူမသိ နေရာလေး
—————————————–
တကယ်တော့ ကျွန်တော်တို့ သရက်ကုန်းကွင်းမြေသည် ကနဦးအစက ဘယ်သူမှ သတိမထားမိသည့် မြေဖြစ်သည်။ ထိုစဉ်ကာလ မန္တလေး၏ အထင်ကရလမ်းမကြီးဖြစ်သော ၂၆ဘီလမ်းမကလည်း အနောက်ဘက် မြစ်ဆိပ် ပိုက်ကျုံးထိပ်မှသည် ကျုံးတောင်ဘက်အတိုင်း အရှေ့တက်၍ မာန်အောင်ကျောင်းတိုက်တွင် လမ်းဆုံးသွားသည်။ မာန်အောင်ထိုက်မှသည် အရှေ့ဘက်သ်ု့ ယခုလမ်း၆၀နေရာအထိက အမှိုက်ပုံတွေကြားက မြေလမ်းလေးပဲ ဖြစ်သည်။ ထိုမြေလမ်းလေးက ရှေ့ဆက်မသွားတော့ဘဲ မြောက်ချိုးတော့ ရေစစ်ကန်၊ တောင်ချိုးတော့ ယဉ်ပျံရွာ အနောက်ပေါက် ဘက်ပေါ့။ သည်က တောင်ဘက် ဆက်သွားတော့ ဦးကောသုသာန်။ ထိုစဉ်ကလ ၆၂လမ်း ဆိုသည်ကလည်း ကျောက်ကြမ်းလမ်း သာသာမျှသာ ရှိသည်။
တစ်ခါ ယခု မြို့ပတ်လမ်းမကြီး ဖြစ်နေသည့် အောင်ပင်လယ် ကန်ဘောင်ရိုးကလည်း ကျောက်လမ်းပေမင့် ၁၉လမ်းနှင့် ၃၅လမ်းကြားက အသွားအလာမရှိသလောက် ဖြစ်သည်။ စပါးပေါ်ချိန်ဆို လမ်းပေါ်ဖျာကြမ်းများ ခင်း၍ပင် စပါးများကို လှန်းးထားသည်။ ထိုစဉ်က ကျွန်တော်တို့ သရက်ကုန်းကွင်းသို့ လာဖို့က နန်းရှေ့ ပွဲကုန်းကျောင်း (ယခု နိုင်ငံခြား ဘာသာသင်တက္ကသိုလ်) အနီး ရေနီမြောင်း ဘေး မြောင်းဘောင် လမ်းလေးက အရှေ့တက်ကာ ဓမ္မစကြာရိပ်သာကျော်ပြီး ပြွန်တစ်လုံးရေတံခါးမှ ဆက်တက်ကာ ကွေ့ကာ ဝိုက်ကာ ဝင်ရသည်။
ထို့ကြောင့် သည်နေရာလေးက လူမသိသူမသိ အရောက်အပေါက် နည်းလှသည်။ ထို့ပြင် သရက်ကုန်းကွင်း၏ အနောက်ထိပ် ဆင်လမ်းမဘေးမှာလည်း သီးကိုးပင် အမည်ဖြင့် ကျေးလက် သုသာန်လည်း ရှိသည်။ ၁၉၈၀ခုနှစ် ကျော်လောက်မှာ ထိုသုသာန်ကို အသုံးမပြုတော့ဘဲ ၁၉၉၁ခုတွင်း ကွင်းတစ်ခုလုံး ၂၅.၅၄ ဧက၏ မူလပိုင်ရှင် ၁၉ဦးအား လန- ၃၈(၁) ချထားပေးခဲ့သည်။ ထို့နောက် ၁၉၉၃ တွင် မြေတိုင်းအဖွဲ့နှင့် တိုင်းကာ ကွက်သစ်မြေပုံထုတ်သည်။
သို့ ဗိုလ်ချုပ်မှူးကြီး၊ သို့ ဗိုလ်ချုပ်ကြီး
—————————————–
ထိုစဉ်ကာလမှာပဲ ၂၆ဘီလမ်းမကို မာန်အောင်တိုက်မှသည် အရှေ့ဘက် အောင်ပင်လယ် ကန်ဘောင်ရိုးအထိ ၄လမ်းသွား လမ်းမဖောက်သည်။ ၁၉၉၈လောက်တွင် ထိုလမ်းမ ပြီးစီးသွားတော့ မေမြို့တက်မည့်ကားတွေက ယခင်ကလို ၃၅လမ်းက ပဲ မတက်တော့ဘဲ ၂၆ဘီလမ်းမ အသစ်က တက်ကြသည်။ ထိုအခါမှ လမ်းမြောက်ဘက်က အိမ်လေး ကျိုးတို့ ကျဲတဲနှင့် ရပ်ကွက်လေးကို သတိထားမိကြသည်။ အထူးသဖြင့် နန်းတွင်းက မင်္ဂလာတံခါးမှ ထွက်သည့် ယာဉ်တန်း ထိုလမ်းသစ်ကပဲ မေမြိုသို့ တက်ကြတော့ မန္တလေးသား မဟုတ်သူတိုင်းက ထိုအကွက်အကွင်းကို သတိထားမိကြမည်။ သည်တွင် လုပ်ပိုင်ခွင့်ရှိသူ တစ်ယောက်က မြေယာဌာန တာဝန်ရှိသူ အကြံဉာဏ်ဖြင့် သူ့အကျိုးစီးပွားအတွက် တပည့်လက်သား နှုတ်မိန့်ဖြင့် ကွင်းအတွင်းက ထိုးထိုးထောင်ထောင် ကျို့တို့ကျိုးတဲ အိမ်လေးတွေကို နှင်ထုတ်သည်။
ထို ထိုးထိုးထောင်ထောင် ကျို့တို့ကျိုးတဲလေးတွေက မတရားမှန်းသိလို့ ကောက်ရိုးတမျှင်ဆွဲကာ သို့ ဗိုလ်ချုပ်မှူးကြီး၊ သို့ ဗိုလ်ချုပ်ကြီး ခေါင်းစီးတင်၍ စာတိုစာရှည်တွေ တဒီးဒီးတင်သည်။ ထိုအခါ တစ်စောင်တလေက လူကြီးမျက်မှောက် ရောက်သည်။ ထိုအခါ မူလပထမပုဂ္ဂိုလ်က မောင်ပိုင်မစီး နိုင်တော့။ သည်တွင် သည်နေရာကို လူကြီးတိုင်းသိသွားတော့ ဘယ်သူကရော ကွင်းထဲကလူတွေ ဂရန်ချထား ပေးလိုက်ပါဟု ချက်ချင်း happy end ဖြစ်စေပါမည်နည်း။ သဲတရှပ်ရှပ်ပေမယ့် အဆီနှင့် တဝင်းဝင်းမို့ မပစ်ရက်၊ ထိုအခါ ဥပဒေကြောင်းအရ လုပ်ထုံး လုပ်နည်း အရ မြို့ပြစည်ပင်သာယာရေးအတွက် စသည့် ရုံသုံး ဆင်ခြေ စကားလုံးများဖြင့် ဖိုင်တွဲလိုက်တော့သည်။
မြို့ပြကွက်သစ် ဖော်ထုတ်ရေး စီမံချက်
—————————————–
ကျွန်တော်က မိတ်ဆွေ ဌာနမှူး ချပေးလိုက်သည့် ဖိုင်ကို ယူ၍ မျက်နှာဖုံက စာကို ဖတ်လိုက်သည်။ အဝါရောင် ဖိုငအသစ်ပေါ်တွင် ဆော့ပင် အပြာနှင့် ရေးထားသည့် စာလုံးကြီးကြီး လက်ရေး ဝိုင်းဝိုင်းက “အသစ်ဖောက် ၂၆ဘီလမ်း မြောက်ဘက်၊ အောင်ပင်လယ် ကန်ဘောင်လမ်း အနောက်ဘက်၊ သရက်ကုန်း ကွင်းအမှတ် ၄၉၂ အား မြို့ပြကွက်သစ် ဖော်ထုတ်ရေး စီမံချက်” တဲ့လေ။ ကျွန်တော်က မျှော်လင့်ထားပြီးမို့ အေးဆေးတည်ငြိမ်စွာပဲ ဖိုင်ကို ဖွင့်ကြည့်သည်။
ပထမဆုံး တွေ့ရသည်က ကွင်းမြေပုံကို ဖိုင်အတွင်း ခေါက်၍ထည့်ထားသည်။ ကျွန်တော်က မြေပုံကို အသေအချာ ဖြန့်ကြည့်သည်။ ထို့နောက် ထုံးစံအတိုင်း အစည်းအဝေးမှတ်တမ်း နှင့် ဆုံးဖြတ်ချက်များ ဖြစ်သည်။ အစည်းအဝေး မှတ်တမ်းအရ အစည်းအဝေးကျင်းပတာ တမြန်မနေ့ညက ဖြစ်သည်။ တိုင်းမှူးကိုယ်တိုင် တက်ရောက်ပြီး တ.ယ.က၊ ခ.ယ.က၊ မ.ယ.က၊ ထွေအုပ်၊ စည်ပင်၊ ကြေးတိုင်နှင့် မြေစာရင်း စသည့်ရုံးများက တာဝန်ရှိသူများပါ တက်ရောက်သည်။ နောက်ဆုံးမှာတော့ ကွက်သစ်ဖော်ထုတ်ရေး ကော်မီတီစာရင်းကို ဖတ်လိုက်ရသည်။ ဥက္ကဋ္ဌ က တ.ယ.က အတွင်းရေးမှူဒဖြစ်ပြီး အတွင်းရေးမှူးက ကျွန်တော့် မိတ်ဆွေ ဌာနမှူး ဖြစ်သည်။
၄၉၂ ကွင်းမြေပုံ
——————-
ကျွန်တော်က ဖိုင်ရှေ့ဆုံးရှိ မြေပုံကို ပြန်ဖြန်းကာ ဌာနမှူးကို ပြသည်။ ထို့နောက် “ဒီမြေပုံက နောက်ဆုံးထွက်တဲ့ မြေပုံမဟုတ်ဘးဗျ၊ ဒီမှာ လယ်ကွင်းတွေ အနေနဲ့ပဲ ပြထားတာ၊ ၁၉၉၃- ၉၄မှာ နောက်ဆုံး မြေပုံထွက်ထားတယ်ဗျ။ အဲ့ဒီမြေပုံမှာ အကွက်ရိုက်ထားပြီးသားပါ” ဟု ပြောတော့ မိတ်ဆွေ ဌာနမှူးက မျက်မှောင် ကျုံ့ပြီး “ဟုတ်လား၊ အဲ့ဒီမြေပုံရှိသေးလား၊ ကျွန်တော့်ဆီကိုတော့ ဒီမြေပုံပဲရှိတာ၊ ကျောက်တိုက်မှာများရှိမလား၊ ဒါပေမယ့် အစည်းအဝေးမှာ တိုင်းမှူးကိုယ်တိုင် ဒီမြေပုံပဲ ကိုင်ပြောတာပဲ ဆရာဆူး” ဟု ပြောသည်။
ကျွန်တော် သည်နေရာလေး ဝယ်စဉ် စည်ပင် မြေယာတွင် မြေရာဇဝင် စုံစမ်းတော့ ဝါရင့် မြေတိုင်းစာရေးကြီး ပြောသည့် မေမြို့မြေတိုင်းအဖွဲက တိုင်းပြီး တိုင်းအဆင့်တာဝန်ရှိသူကိုယ်တိုင် လက်မှတ်ထိုးထားသည့် ထိုမြေပုံက မန္တလေးစည်ပင်ထံ မရောက်ခြင်းမှာ ရေးဆွဲသည့် စကေးပုံစံ မတူလို့လား၊ ဒါမှမဟုတ် ညစ်ချင်လို့လား ဟူသော စကားကို ပြန်လှန်သတိရမိသေးသည်။ သည်တော့ ကျွန်တော့ ကျွန်တော်က မြေရာဇဝင်ကို မိတ်ဆွေဌာနမှူးအား ၁၉၉၁ခုနှစ်မှ အစချီကာ ရှင်းပြရပြန်၏။ ဒီမြေရာဇဝင်ကလည်း ရှင်းပြရလွန်းလို့ အာပေါက် အလွတ်ရနေပြီလေ။ ဌာနမှူးကဖိုင်ကို ယူ၍ မြေပုံက ခေါင်းတညိတ်ညိတ်နှင့် ကြည့်သည်။ ကျွန်တော့် စကားဆုံးတော့မှ သက်ပြင်းတစ်ချက်ချပြီး သူသိချင်တာ တစ်ခု မေးလိုက်သည်။
လယ်ကော ကွင်းရိုင်းကြီးထဲမှာ
————————————
ကျွန်တော့် မိတ်ဆွေ ဌာနမှူးက သူကိုင်ထားသည့် မြေပုံထဲက လယ်ကွက်တွေထဲမှာ ကိုယ့်ဘာသာ အဆင်ပြေသလို ဝင်းခတ်၍ နေထိုင်ကြသည်ဟု ထင်ပုံရသည်။ ထို့ကြောင့် “ကွင်းထဲမှာက ဘယ်လို နေကြထိုင်ကြ တာလဲဗျ” ဟု မေးလိုက်သည်။ သည်တော့ ကမန်တော်က “ဗိုလ်မှူးကလဲ ၁၉၉၃-၉၄ မှာ ထုတ်တဲ့မြေပုံက ပေ၄၀လမ်း၊ ပေ၂၀လမ်းတွေနဲ့ စံနစ်တကျ အကွက်ရိုက်ပြီးသားပါ။ အခုဆို ကိုယ်ထူကိုယ်ထ လမ်းမီးတွေတောင် သွယ်ထားကြ ပါတယ်ဗျ” ဟု ဆိုတော့ ဌာနမှူးက သူသိထားသလို ဟုတ်ပုံမရလို့ အံ့သြနေသည်။
“အေးဗျာ၊ လူကြီးတွေက ကွင်းရိုင်းကြီးထဲ ကျိုးတိုကျဲတဲ ကျူးကျော် အိမ်လေးတွေပဲ ရှိတယ်။ ဒါကို အကွက်ရိုက်မယ်ပေါ့ဗျာ၊ အကြီးအကဲ ဝန်ထမ်းတွေ အငြိမ်းစားအရာရှိတွေ ပြန်ချပေးမယ်ပေါ့ဗျာ၊ ဒီလိုအစီအစဉ် အကြမ်းဖျဉ်းရှိတယ်။ ဒါကို အကောင်အထည်ဖော်ဖို့ ကျွန်တော်က စီမံချက်ရေးတင်ရမှာ၊ ဒါကြောင့် ဆရာဆူးကို အခြေအနေ မေးကြည့်တာပါ။ ကိုင်း ဒီတော့ ဆရာဆူးတို့က ဘယ်လို ဖြစ်စေချင်လဲဗျ” ဟု ထပ်မေးတော့ “ကျွန်တော်ကတော့ ဒီကွင်းထဲမှာ နဂိုရွာမြေကတည်းက နေလက်စလည်း ရှိတယ်၊ ၁၉၉၃-၉၄ မြေပုံထွက်ပြီး ဝင်းနဲ့ ခြံနဲ့ စံနစ်တကျ နေထိုင်လက်စ အိမ်ယာတွေလည်းရှိတယ်။ ဒီတော့ အကွက်လည်း ပြန်ရိုက်စရာမှ မလိုတော့တာ၊ ဒီအတိုင်း လမ်းတွေကို မြေပုံပါအတိုင်း ပြန်တိုင်းပြီး ခင်းမယ်၊ မြောင်းတွေ ဖောက်ပေးမယ်၊ ပြန်လည်စိစစ်ပြီး ဂရန်တွေ ချပေးမယ်ဆိုရင် လူသာဓုခေါ် နတ်သာဓုခေါ်ပဲလေ ဗိုလ်မှူး” ဟု ရင်ထဲရှိတာ ပြောလိုက်သည်။
ရှဉ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာ
——————————————-
သည်တော့ မိတ်ဆွေက ရယ်ပြီး အဲ့လိုကတော့ မဖြစ်နိုင်တော့ဘူး ဆရာဆူးရေ၊ ပွင့်ပွင့်လင်းလင်း ပြောရရင် လူကြီးတွေက သူတို့ လိုချင်နေကြလို့ တရားဝင်ဖြစ်အောင် ဒီစီမံချက် ဆွဲခိုင်းတာပဲလေဗျာ” ပြောသည်။ သည်တော့လည်း ကျွန်တော်က ပြောရပြန်သည်။ “လူကြီးတွေက ချောင်ကြိုချောင်ကြားထဲတော့ မလိုချင်ကြပါဘူးဗျာ၊ သူတို့က ၂၆ဘီလမ်း မေးတင်ပဲ လိုချင်ကြမှာ သေချာပါတယ်။ လက်ရှိအခြေအနေအရ ၂၆ဘီလမ်း မျက်နှာပြု အိမ်က နည်းပါသေးတယ်။ လူကြီးတွေ လိုချင်တဲ့ အဲ့ဒီနေရာကွက်လပ်တွေမှာ အကွက်ရိုက်လိုက်ဗျာ၊ အဲ့ဒီ ဝင်းလွတ်ပိုင်ရှင်တွေကို နေရာတွေ အစားပေးလိုက်ပေါ့။ သူတို့လည်း လူမနေဘဲ ပစ်ထားတဲ့ မြေတွေပဲ။ တကယ်တမ်း အခု လူနေစိတ်တဲ့ မြောက်ဘက်ခြမ်းကို လွှတ်ထားပြီး ဂရန်ထုတ်ပေးမယ်ဆိုရင်တော့ ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာပေါ့ဗျာ၊ လက်ရှိနေတဲသူ အများစုလည်း ဣန္ဒြေမပျက် ဘူးပေါ့” ဟု ပြန်ပြောလိုက်သည်။
ဌာနမှူးက “ဟုတ်ပြီ ဆရာဆူး၊ ဒါလည်း မဆိုးဘူး၊ သို့သော် စီမံချက် ဆိုတာကတော့ ဒါမှ ဒါဆိုပြီး ယတိပြတ်တင်လို့တော့ မရဘူးပေါ့ဗျာ၊ အနည်းဆုံး ဖြစ်နိုင်ခြေ ၃မျိုးလောက်တော့ ရေးတင်ရမှာပေါ့၊ အဲ့ဒီ ၃မျိုးထဲမှာ ဆရာဆူးပြောတဲ့ ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ အစီအစဉ်လည်း ဦးစားပေးပြီး ထည့်လိုက်ပါ့မယ်။ နောက်၂မျိုးက တစ်ကွင်းလုံးသိမ်း ပြန်အကွက်ရိုက်၊ အခြားတစ်နေရာမှာ မြေအစားပေး နဲ့ တစ်ကွင်းလုံး ပြန်အကွက်ရိုက်၊ လက်ရှိနေထိုင်သူတွေကို သူ့အဆင့်နဲ့သူ မြောက်ခြမ်းမှာ နေရာပြန်ချပေး၊ တောင်ဘက် လမ်းမကြီး အခြမ်းတွေ သူတို့ယူပေါ့ဗျာ” ဟု ပြောပြသည်။
ရပ်ကွက်ထဲ ပတ်ကြည့်မယ်
——————————
ဌာနမှူးက ဆက်၍ “ဆရာဆူး၊ ဒီလိုလုပ်ရအောင်ဗျာ၊ အချိန်ရတယ် မှုတ်လား၊ နေဝင်မိုးချုပ်အောင် စောင့်လိုက်ပါလား။ ၆နာရီခွဲ ၇နာရီလောက်ကျ ကျွန်တော့်ကားနဲ့ ဆရာဆူးတို့ရပ်ကွက်ထဲ ပတ်ကြည့်ရအောင်ဗျာ၊ အခု လူမြင်သူမြင်ကြည့်ရင် ရပ်ကွက်က တစ်မျိုး ထင်မှာစိုးလို့၊ အခု ဘာနဲ့လာတာလဲ၊ (ကျွန်တော်က စက်ဘီးနဲ့ပါဟု ပြောလိုက်သည်)၊ ရုံးမှာ စက်ဘီး ထားခဲ့ဗျာ၊ ကျွန်တော် ပြန်လိုက်ပို့ရင်း ရပ်ကွက်ကို ကြည့်မယ်ဗျာ၊ စက်ဘီးကို နက်ဖြန်မှ ကျွန်တော် ပို့ခိုင်းလိုက်မယ်” တဲ့။
သည်လိုနှင့် ညပိုင်း တော်တော်မှောင်မှ မိတ်ဆွေ ဌာနမှူးက သူ့ကားနှင့် ကျွန်တော့်ကို ပြန်လိုက်ကြည့်ရင်း ရပ်ကွက်ထဲ ပတ်ကြည့်သည်။ ထိုအခါကျမှ “ဟာ ရပ်ကွက်က သူ့ဟာသူ စံနစ်တကျ ဖွဲ့စည်းပြီးသားပဲဗျာ၊ ဘာထပ်လုပ်ဖို့ လိုသေးလဲဗျာ၊ ဆရာဆူးပြောသလို လမ်းခင်း မြောင်းဖောက်ပေးလိုက်ရင် ပြီးပြီပဲ” ဟု ပြောသည်။ ထို့နောက် ကျွန်တော့် အိမ်ရောက်တော့ “ဟာ.. ဆရာဆူးအိမ်က နေချင်စရာလေးပဲဗျ။ ဒီအိမ်လေး ဘယ် ဖျက်ရက်ပါ့မလဲဗျာ၊ ဟုတ်တာပေါ့” ဟု ပြောရင်း အနည်းငယ်တွေကျသွားကာ “ရှဉ့်လည်း လျှောက်သာ ပျားလည်းစွဲသာ အစီအစဉ်ကို လူကြီးတွေ သဘောကျပါစေလို့သာ ဆုတောင်းပါဗျာ” ဟု ကားထဲက ခေါင်းပြူကြည့် နှုတ်ဆက်၍ ကားမှန်ပိတ်ကာ ပြန်သွားတော့သည်။
ကျွန်တော်က မနော်ဟရီလမ်း ဟိုအရှေ့တောင်ထဲက ကွင်းထဲ ရောက်မလား သို့မဟုတ် ကိုယ့်ကွင်းထဲမှာပဲ သူတို့ချထားပေးသည့် ေ၃၀×ပေ၂၀ မြေကွက်လေးထဲ အိမ်လေး ရွေ့ဆောက်ရလေမလား ကြိုတွေးနေမိတော့သည်။
ဆူးငှက်
