ရန်ကုန်-အောက်တိုဘာ-၁၀-၂၀၂၆
EP (VOM)
The central ကွန်ဒိုအပါအဝင် ကွန်ဒိုသုံးခု ကို အမေရိကန်ဒေါ်လာနဲ့ ရောင်းချခဲ့တဲ့ Marga Landmark ကုမ္မဏီက အချို့ကွန်ဒိုတိုက်ခန်း ဝယ်သူတွေကို လျော်ကြေးငွေ ပေးနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အတည်မဖြစ်သေးကြောင်း ကွန်ဒို ရောင်းဝယ်သူတွေဆီက သိရပါတယ်။
“ကျွန်တော်တို့ကို အခုချိန်ထိ ဆက်သွယ်ခြင်း မရှိပါဘူး။ ကျွန်တော်တို့ ဂရုက ဝယ်ယူသူ ၁၄၀ ကျော်ရှိပါတယ်။ သူတို့ကိုလည်း အခုထိ မဆက်သွယ်သေးပါဘူး။ ကျွန်တော်တို့ အဲ့ဒီကိစ္စ သတင်းစာရှင်းလင်းပွဲ လုပ်ဖို့စီစဉ် နေပါတယ်”လို့ ကွန်ဒိုဝယ်သူ ဂရုမှ တာဝန်ရှိသူတဦးက ပြောပါတယ်။
ကွန်ဒိုဝယ်ယူသူတွေကတော့ ဒီသတင်းက ကွန်ဒို ဘက်က သတင်းလွှင့်တာ ဖြစ်နိုင်ပြီး အခုထက်ထိ ဘယ်သူကိုမှ လျော်ကြေးငွေ မပေးတဲ့အတွက်
ကောလာဟလသာဖြစ်ကြောင်း အဆိုပါ ကွန်ဒို ဝယ်ယူသူတွေက ဆိုပါတယ်။
အခုလက်ရှိမှာ ကုမ္မဏီက အစစ်ဆေးခံနေရပြီးငွေကြေး လည်ပတ်စရာ မရှိတဲ့အတွက် အရင် ဆောက်လုပ်ပြီးစီးပြီး ကွန်ဒို နေထိုင်သူတွေကို မီတာခ တလစာ ကြိုတင်ကောက်ခံနေတယ်လို့ကွန်ဒို ဝယ်ယူခဲ့သူတွေက ဆိုပါတယ်။
“ဘဏ်အကောင့် ခဏ အပိတ်ခံရတယ်ထင်ပါတယ်။ အရင် ကွန်ဒိုက မီတာခတောင် မပေးနိုင်လို့ cash နဲ့ ပေးဖို့ မီတာခ တလစာ ကြိုကောက်နေတယ်။ ” The park ကွန်ဒို ခန်း ဝယ်ယူခဲ့သူက ဆိုပါတယ်။
ကုမ္မဏီဘက်ကတော့ အခုလို တလစာ ငွေသား ကောက်ခံရခြင်းမှာ စသုံးလုံး ဝင်စစ်တဲ့အတွက် မီတာခ ပေးစရာမရှိဘူးဆိုကာ ကောက်ခံခြင်း ဖြစ်တယ်လို့ The Central ကွန်ဒို နေထိုင်သူတွေကို အီးမေးလ်နဲ့ အကြောင်းကြားခဲ့ခြင်း ဖြစ်ပါတယ်။
The Central ရဲ့ အဆောက်အအုံ စီမံခန့်ခွဲရေးအဖွဲ့ဖြစ်သော Vesta Property Management က အောက်တိုဘာလ ၉ ရက်နေ့စွဲနဲ့ ကွန်ဒို နေထိုင်သူတွေကို အကြောင်းကြားခဲ့ခြင်း ဖြစ်ပါတယ်။
အကြောင်းကြားစာမှာတော့ စုံစမ်းစစ်ဆေးမှုတခု နဲ့ သက်ဆိုင်တဲ့ စည်းမျဉ်းများကြောင့် ဘဏ္ဍာရေးဆိုင်ရာ ငွေကြေးသုံးစွဲမှုတွေ ယာယီကန့်သတ်ခံထားရတယ်လို့ ပြောဆိုထားပါတယ်။
ကန့်သတ်ခံရစဉ်အတွင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) သို့ မီတာခ ပေးချေရန် အခက်အခဲဖြစ်ပေါ်နေတယ်လို့ ဆိုတယ်။
အီးမေးလ် အကြောင်းကြားစာတွင် အဆောက်အအုံအတွင်း လျှပ်စစ်ဓာတ်အား မပြတ်တောက်စေရေးအတွက် အရေးပေါ် အစီအမံအဖြစ် နေထိုင်သူတွေနဲ့ အိမ်ပိုင်ရှင်တွေကို မီတာခ တလစာ လက်ငင်း ငွေသား ပေးဆောင်ရန် အကြောင်းကြားခဲ့ခြင်း ဖြစ်ပါတယ်။
ကုမ္မဏီ အနေနဲ့ လက်ရှိအကြပ်တည်းကို ဖြေရှင်းပြီးတာနဲ့ မီတာဖတ်စာရင်းတွေနဲ့ ပြန်လည်ညှိနှိုင်းပေးမယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၃ ရက်နေ့က စသုံးလုံး (BSI) မှ စီမံကိန်း အကောင်အထည်ဖော်သူ Marga Landmark ရဲ့ ရုံးခန်းကို ဝင်ရောက်ချိပ်ပိတ် စစ်ဆေးခဲ့ပြီးနောက် အခုလို ကြိုတင်ကောက်ခံတဲ့ အီးမေးလ်စာတွေ ဝင်လာခြင်း ဖြစ်ပါတယ်။
အဆိုပါ ကုမ္မဏီဟာ The park ၊ Soho၊ The central ကွန်ဒို သုံးခုကို ပေါက်ဈေး အမေရိကန်ဒေါ်လာ ၂ သိန်းခွဲမှ ၃ သိန်းဝန်းကျင်ရှိ တန်ဖိုးနဲ့ ဝယ်ယူသူများကို ရောင်းချခဲ့တဲ့ ကုမ္မဏီဖြစ်ပါတယ်။
ဝယ်ယူသူတွေဟာ အယောက် ၁၀၀ ကျော်ရှိတာမို့ ရင်းနှီးမတည်ငွေ အမေရိကန်ဒေါ်လာ သန်း ၂၀ မှ သန်း ၃၀ နီးပါး ကြိုတင်ကောက်ခံထားပြီး ၁၃ နှစ်တာ ကာလအတွင်း အဆောက်အအုံတွေ အုတ်မြစ်ပင် မစရသေးဘဲ ကြန့်ကြာနေတဲ့ စီမံကိန်းဖြစ်ပါတယ်။
ဝယ်ယူသူတွေက တောင်းဆိုချက် ၉ ချက်နဲ့ တွေ့ဆုံဆွေးနွေးရန် စီစဉ်ချိန် အောက်တိုဘာ ၁၃ ရက်တွင်စသုံးလုံး ဝင်ရောက်စစ်ဆေးမှု ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။
စစ်ဆေးမှုကို အကြောင်းပြပြီး ကုမ္ပဏီဘက်က အချိန်ဆွဲ အကာအကွယ်ယူရုံတင်မကဘဲ လည်ပတ်စရိတ် မီတာခကို နေထိုင်သူတွေထံက လက်ငင်းငွေသား ကောက်ခံလာခြင်း ဖြစ်ပါတယ်။
