ကုန်ထုတ်လုပ်မှု အခက်အခဲနဲ့ အော်ဒါ မရရှိမှုတွေကြောင့် အထည်ချုပ်စက်ရုံတွေ ဆက်တိုက် ပိတ်သိမ်းလာ

အောက်တိုဘာ ၂၀ – ၂၀၂၆
SS (VOM)
လက်ရှိမှာ အထည်ချုပ်စက်ရုံ အများစုဟာ နိုင်ငံတကာမှ အော်ဒါမှာယူမှုတွေ လျော့ကျလာခြင်း၊ ကုန်ကြမ်း သွင်းကုန်ပိုင်းဆိုင်ရာ အခက်အခဲတွေ ကြုံတွေ့နေရခြင်းတို့ကြောင့် လည်ပတ်ဖို့ ခက်ခဲလာနေပြီး လုပ်ငန်းရပ်နားကာ ဆက်တိုက် ပိတ်သိမ်းမှုတွေ ရှိလာနေတယ်လို့ လုပ်ငန်းရှင်တွေနဲ့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။
ဒါအပြင် လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် ထုတ်လုပ်မှု ကုန်ကျစရိတ်တွေ မြင့်မားလာနေသလို လတ်တလော နိုင်ငံရေး အခြေအနေတွေကြောင့်လည်း လုပ်ငန်းရှင်တွေ ဆက်လက် ရပ်တည်နိုင်ဖို့ ခက်ခဲလာနေတယ်လို့ သိရပါတယ်။
“အော်ဒါတွေ မရှိတော့ဘူး။ လက်ရှိ လည်ပတ်နေတဲ့အထဲက တချို့ စက်ရုံတွေဆိုလည်း တဖြည်းဖြည်းနဲ့ အော်ဒါတွေ နည်းလာပြီ။ ဒီလိုအချိန်မှာ စက်သုံးဆီအကုန်ခံပြီး မီးစက်မောင်း၊ လုပ်ငန်း လည်ပတ်နေရတာ ရေရှည်မှာ တွက်ခြေမကိုက်တော့ဘူး။ ဆီဈေးကလည်း မြင့်တက်နေတာကိုး။ ကုန်ထုတ်လုပ်မှုစရိတ်က သုံးဆထက်မက မြင့်တက်နေတာ။ နောက်တချက် နိုင်ငံခြားငွေလဲနှုန်းကလည်း မတည်ငြိမ်ဘူး။ သွင်းကုန်လိုင်စင် ရဖို့ကလည်း ကြန့်ကြာမှုတွေ ရှိနေတယ်။ ဆိုတော့ ကုန်ကြမ်းအချိန်မီ တင်သွင်းနိုင်ဖို့ ဆိုတာက အခက်အခဲတွေကတော့ အများကြီးပါပဲ” လို့ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ လကုန်ပိုင်းက ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံတချို့ ဥပဒေပါအတိုင်း တလကြိုတင် အကြောင်းကြားကာ ပိတ်သိမ်းဖို့ ပြင်ဆင်ကြတဲ့ ဖြစ်စဉ်တွေရှိခဲ့ပြီး တချို့သော စက်ရုံတွေဟာလည်း အလုပ်သမားအင်အား လျှော့ချတာ၊ လုပ်ငန်းခွင် ယာယီရပ်နားတာတွေ ပြုလုပ်လာကြတယ်လို့ သူက ပြောပါတယ်။
ဒါအပြင် လာမယ့် အောက်တိုဘာလကုန်မှာလည်း ရန်ကုန်မြို့ရှိ လှိုင်သာယာ၊ မင်္ဂလာဒုံ၊ ရွှေပြည်သာနဲ့ မှော်ဘီမြို့နယ်က အထည်ချုပ်စက်ရုံတွေ ဆက်တိုက် ပိတ်သိမ်းဖို့ရှိနေပြီး အလုပ်သမား တသောင်းနီးပါး အလုပ်လက်မဲ့ ဖြစ်ရမယ့်အရေးနဲ့ ရင်ဆိုင်နေရတယ်လို့ မြန်မာနိုင်ငံ စက်မှု၊ လက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) က အောက်တိုဘာ ၁၈ ရက်နေ့မှာ ထုတ်ပြန် ကြေညာထားပါတယ်။
လာမယ့် အောက်တိုဘာ ၂၁ ရက်နေ့မှာ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန် (၄)၊ ကျောက်စိမ်းလမ်းရှိ အလုပ်သမား ၁၀၀၀ ဝန်းကျင် အလုပ် လုပ်ကိုင်နေတဲ့ အထည်ချုပ် စက်ရုံတရုံ အပြီး ပိတ်သိမ်းဖို့ရှိနေပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်က နို့တစ်စာ ပေးပို့ထားတယ်လို့ သိရပါတယ်။
အဲဒီလိုပဲ လှိုင်သာယာစက်မှုဇုန်၊ ပုသိမ်ဝန်ထောက် ဦးမြဲလမ်းနဲ့ ပြင်စည်မင်းသားကြီး လမ်းထောင့် ဖွင့်လှစ်ထားပြီး အလုပ်သမား ၁၀၀၀ ဝန်းကျင် လုပ်ကိုင်နေတဲ့ အထည်ချုပ်စက်ရုံ တရုံလည်း အောက်တိုဘာ ၂၂ ရက်မှာ အပြီးပိတ်သိမ်းဖို့ ကြေညာထားသလို မင်္ဂလာဒုံမြို့နယ် စက်မှုဇုန်မှာလည်း အလုပ်သမား ၁၀၀၀ ဝန်းကျင် အလုပ် လုပ်ကိုင်နေတဲ့ အထည်ချုပ်စက်ရုံတရုံ ပိတ်သိမ်းဖို့ရှိနေတယ်လို့ သိရပါတယ်။
ဒါအပြင် မှော်ဘီမြို့နယ်၊ ရန်ကုန် – ပြည် လမ်းမပေါ်ရှိ လှဲငုတ်ချောင်းကျေးရွာမှာ ဖွင့်လှစ်ထားတဲ့၊ အလုပ်သမား ၅၀၀၀ ဝန်းကျင် လုပ်ကိုင်နေတဲ့ အထည်ချုပ်စက်ရုံလည်း အောက်တိုဘာ ၃၀ ရက်မှာ အပြီး ပိတ်သိမ်းသွားမှာဖြစ်ပြီး စက်တင်ဘာ ၂၈ ရက်က နို့တစ်စာ ပေးပို့ထားကာ လက်ရှိမှာ အလုပ်သမားတွေကို စတင် လျှော့ချနေပြီလို့ သိရပါတယ်။
အခုလို စက်ရုံတွေ ပိတ်သိမ်းရာမှာ ဥပဒေနဲ့အညီ အလုပ်သမားတွေကို နစ်နာကြေး အပြည့်အဝပေးဖို့ ပျက်ကွက်မှုတချို့ ရှိနေတာကြောင့် အလုပ်သမားနဲ့ အလုပ်ရှင်အကြား အငြင်းပွားမှုတွေလည်း ရှိနေတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။
“အလုပ်သမားဥပဒေအရ အလုပ်သမားတွေ ရသင့်ရထိုက်တဲ့ လုပ်ခလစာ၊ လုပ်သက်အလိုက် နစ်နာကြေးနဲ့ ခွင့်ရက်ကြေးတွေကို အလုပ်ရှင်တွေဘက်က ‌အပြည့်အဝ ရှင်းလင်းပေးဖို့ လိုအပ်တယ်။ ဒီအတွက်လည်း အလုပ်သမားတွေဘက်က အကူအညီတွေ တောင်းခံလာရင် ကျွန်တော်တို့ အဖွဲ့အစည်းအနေနဲ့ လိုအပ်သလို လိုက်ပါ ဆောင်ရွက်ပေးနေပါတယ်။ အလုပ်သမားတွေအနေနဲ့ကလည်း မိမိတို့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကျွန်တော်တို့ဆီ လာရောက်ပြောပြပြီး အကူအညီ တောင်းခံဖို့ လိုပါတယ်။ ဒါမှသာ ကူညီ ဖြေရှင်းပေးလို့ရမှာပါ” လို့ အလုပ်သမားအရေး ဆောင်ရွက်သူက ပြောပါတယ်။
ဒါအပြင် အလုပ်သမားတွေ အလုပ်လက်မဲ့ မဖြစ်ကြစေဖို့အတွက်ကိုလည်း ပိတ်သိမ်းမယ့် စက်ရုံက တာဝန်ရှိသူတွေအနေနဲ့ ၎င်းတို့ရဲ့ အလုပ်သမားတွေကို တခြား လည်ပတ်နေဆဲ စက်ရုံတွေဆီ ချိတ်ဆက် ပို့ဆောင်နိုင်ရေး အစီအစဉ်တွေ ပြုလုပ်ပေးသင့်တယ်လို့ သူက‌ ပြောပါတယ်။
ဒါအပြင် အစိုးရပိုင်း တာဝန်ရှိသူတွေအနေနဲ့လည်း အလုပ်လက်မဲ့ ဖြစ်သွားသူတွေအတွက် တခြားသော ပြည်တွင်း/ပြည်ပ အလုပ်အကိုင် (ဒါမှမဟုတ်) အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့ အထောက်အကူပြု ငွေကြေး (ဒါမှမဟုတ်) သင်တန်းတွေ ပံ့ပိုးပေးစေချင်တယ်လို့ သူက ပြောပါတယ်။
အခုလို စက်ရုံတွေ ပိတ်သိမ်းလာရတာနဲ့ ပတ်သက်လို့ မြန်မာ့စီးပွားရေး လေ့လာစောင့်ကြည့်သူ တယောက်က “စက်ရုံတွေ တရုံပြီးတရုံ ပိတ်သိမ်းလာကြတာ အခုနှစ်ထဲမှာ ပိုပြီး အဖြစ်များလာတာ တွေ့ရတယ်။ နောက်ထပ်လည်း စက်ရုံတွေ ပိတ်သိမ်းဖို့ ရှိနေသေးတယ်လို့ ကြားထားတယ်။ အဓိက ပြဿနာက လက်ရှိ နိုင်ငံရေး အခင်းအကျင်းနဲ့ ကုန်သွယ်မှု၊ ငွေကြေးမူဝါဒ ကျဆင်းမှုတွေပေါ့။ ဒါတွေနဲ့ သက်ဆိုင်နေတယ်။ တာဝန်ရှိတာကတော့ အစိုးရပေါ့။ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှု၊ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်မှု၊ ဒီအပိုင်းတွေမှာ အင်မတန် အားနည်းနေတာ တွေ့ရတယ်” လို့ ပြောပါတယ်။
အစိုးရပိုင်း သက်ဆိုင်ရာဌာန တာဝန်ရှိသူတွေအနေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေအတွက် အခြေခံ လိုအပ်ချက်ဖြစ်တဲ့ လျှပ်စစ်မီး၊ သယ်ယူပို့ဆောင်ရေးနဲ့ ငွေကြေးလည်ပတ်မှု လွယ်ကူချောမွေ့အောင် ဖြည့်ဆည်းပေးနိုင်ခြင်း မရှိတာတွေကြောင့် အခုလို စက်ရုံလုပ်ငန်းတွေ ရပ်ဆိုင်းလာရတာလို့ သူက ပြောပါတယ်။
“အခုက အလုပ်ရှင်ရော၊ အလုပ်သမားပါ တပြိုင်တည်း ဒုက္ခရောက်ကြရတာ။ အလုပ်သမားတွေ တခြားစက်ရုံမှာ အလုပ်ပြန်လျှောက်ဖို့ ဆိုတာကလည်း စက်ရုံ ပိတ်သိမ်းတာတွေ များလာလေ အလုပ်ရဖို့ အခွင့်အလမ်းနည်း‌လေ ဖြစ်လာမယ်။ အစိုးရတရပ်အနေနဲ့ ဒါတွေကိုလည်း ဖြေရှင်းပေးဖို့ လိုပါတယ်” လို့ သူက ပြောပါတယ်။
နိုင်ငံတွင်း တရားဥပဒေစိုးမိုးမှု မရှိခြင်း၊ ငွေကြေးဖောင်းပွမှု၊ သွင်းကုန်/ထုတ်ကုန် လမ်းကြောင်းတွေ ခက်ခဲခြင်းနဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ရုပ်သိမ်းလာခြင်းတို့ဟာလည်း စက်ရုံလုပ်ငန်းတွေ ရပ်တည်လို့မရအောင် ဖြစ်စေတဲ့ အဓိက အကြောင်းရင်းတွေ ဖြစ်တယ်လို့ သူက ပြောပါတယ်။
Photo – CJ

Related posts

✕
VOM News

FREE
VIEW