အောက်တိုဘာ ၂၁ – ၂၀၂၆
SS (VOM)
စစ်ကိုင်းတိုင်းအတွင်းရှိ အဓိကကျတဲ့ လမ်းပန်းဆက်သွယ်ရေး လမ်းကြောင်းတွေဖြစ်တဲ့ အင်းတော် – ဝန်းသို – ကောလင်းလမ်းပိုင်းနဲ့ အင်းတော် – မအူကုန်း – ကျောက်တန်း လမ်းပိုင်းတို့ကို အစိုးရတပ်တွေက အခု အောက်တိုဘာလ ၅ ရက်မှ ၁၈ ရက်အတွင်း ပြန်လည် ထိန်းချုပ်နိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
အစိုးရတပ်တွေဟာ ၁၄ ရက်တာ ကာလအတွင်း အဲဒီ လမ်းကြောင်းတဝိုက်ရှိ ကျေးရွာတွေကို နယ်မြေ စိုးမိုးနိုင်ရေး ဆောင်ရွက်ခဲ့ရာမှာ အောက်တိုဘာ ၅ ရက်မှာ လယ်နောင်ကျေးရွာနဲ့ ကမ်းနီကျေးရွာ၊ အောက်တိုဘာ ၉ ရက်မှာ ပင့်သချေကျေးရွာ၊ မဲဇာကျေးရွာ၊ လယ်ဇင်ကျေးရွာနဲ့ နန့်သဲကျေးရွာတို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် အောက်တိုဘာ ၁၂ ရက်မှာ ကျောက်တောကျေးရွာအနီးရှိ လက်နက်ကိုင်တပ်တွေရဲ့ စခန်းတခုနဲ့ ကြိမ်ချောင်းကျေးရွာ၊ အောက်တိုဘာ ၁၃ ရက်မှာ ဘပိန်းအင်းကျေးရွာ၊ အောက်တိုဘာ ၁၄ ရက်မှာ ဆင်ကုန်း ကျေးရွာ၊ အောက်တိုဘာ ၁၆ ရက်မှာ ညောင်ကိုင်းကျေးရွာနဲ့ ထန်းတပင်ကျေးရွာ၊ အောက်တိုဘာ ၁၈ ရက်မှာ နမ်းခမ်းကျေးရွာ၊ လယ်ပြင်ကျေးရွာနဲ့ မအူကုန်းကျေးရွာတို့ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
“ဒီတခေါက် အစိုးရတပ်ဘက်က အင်းတော်ကနေ ကောလင်း၊ ဝန်းသို လမ်းပိုင်းတွေနဲ့ မအူကုန်း၊ ကျောက်တန်းဘက်ကို ပြန်ပြီး စိုးမိုးနိုင်ခဲ့တာဟာ စစ်ရေးဗျူဟာအရ ကွန်ရက်ချိတ်ဆက်မှု (Logistics Network) ကို ပြန်ရလိုက်တာလို့ ပြောရမယ်။ စစ်ကိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်ဘက်ကို ဆက်သွယ်ထားတဲ့ ဒီလမ်းကြောင်းတွေဟာ အဓိက သွေးကြောတွေပဲ။ အရင်က လက်နက်ကိုင်တွေဘက်က ဒီလမ်းပိုင်းတွေကို ဖြတ်တောက်ပြီး အထိုင်ချထားတော့ တပ်မတော်ရဲ့ ထောက်ပို့လမ်းကြောင်းတွေ ပိတ်ဆို့နေတာ” လို့ စစ်ရေး လေ့လာသုံးသပ်သူ တယောက်က ပြောပါတယ်။
အစိုးရတပ်ရဲ့ သတင်းထုတ်ပြန်ချက်အရ အဲဒီ နယ်မြေတွေမှာ တိုက်ပွဲ ကြီး၊ ငယ် စုစုပေါင်း ၃၂ ကြိမ် ဖြစ်ခဲ့ပြီး ရုပ်အလောင်း ၁၈ လောင်း၊ လက်နက်မျိုးစုံ ၁၉ လက်၊ ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ရေး လေ့လာသုံးသပ်သူက “အခုလို ဟန်ချက်ညီညီ စစ်ကြောင်းခွဲပြီး ၁၀ ရက်ကျော်အတွင်း တိုက်ပွဲပေါင်း ၃၀ ကျော်အထိ ပြင်းပြင်းထန်ထန် ဖိတိုက်လိုက်တာဟာ နယ်မြေပြန်စိုးမိုးဖို့တင် မကဘဲ နောက်ထပ် ရည်မှန်းချက်ဖြစ်တဲ့ ပင်လယ်ဘူးမြို့ဘက်ကို ပြန်လည်ထိန်းချုပ်ဖို့ ထိုးစစ်ဆင်မယ့် လမ်းစကို ဖွင့်လိုက်တာလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် ဒေသတွင်းမှာ အပြန်အလှန် ပြောက်ကျားစစ်စနစ်နဲ့ ပြန်တိုက်ခိုက်တာမျိုးတွေလည်း ရှိလာနိုင်တာမို့ လမ်းပိုင်းလုံခြုံရေးကို ဘယ်လောက်အထိ ရေရှည်အထိုင်ချ၊ ထိန်းထားနိုင်မလဲ ဆိုတာကတော့ ဆက်စောင့်ကြည့်ရမယ့် အချက်ပဲဖြစ်ပါတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ အစိုးရတပ်တွေဟာ သိမ်းပိုက်ထားတဲ့ လမ်းကြောင်းတလျှောက်နဲ့ ပတ်ဝန်းကျင် ကျေးရွာတွေအတွင်း နယ်မြေစိုးမိုးရေးနဲ့ လုံခြုံရေးလုပ်ငန်းတွေကို ဆက်လက် တိုးမြှင့် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
အစိုးရတပ်တွေဟာ ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့ကလည်း မန္တလေး – မတ္တရာ – သပိတ်ကျင်း – တကောင်း – ထီးချိုင့် – ကသာ – အင်းတော် – မော်လူး – နန့်စီးအောင် – မိုးညှင်း – မိုးကောင်း – မြစ်ကြီးနား ဆက်သွယ်ရေး လမ်းကြောင်းတလျှောက်ကိုလည်း အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ပြီး ပြန်လည် ဖွင့်လှစ်ပေးခဲ့တယ်လို့ သိရပါတယ်။
Photo – CJ
