ရန်ကုန်- အောက်တိုဘာ ၂၃
EP (VOM)
ပြည်တွင်းစားသုံးမှုထက် ပိုလျှံစွာ ထွက်ရှိနေတဲ့ မြန်မာ ထောပတ်သီးကို တရုတ်နိုင်ငံကို တရားဝင်တင်ပို့နိုင်ဖို့ အစိုးရ အချင်းချင်း ဆောင်ရွက်နေတာ နောက်ဆုံး အဆင့်ကို ရောက်ရှိနေကြောင်း စိုက်ပျိုးရေး ၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲတင်ထွန်းက ပြောပါတယ်။
တရုတ်နိုင်ငံရဲ့ အသစ်ပြောင်းလဲ သတ်မှတ်လိုက်တဲ့ စည်းမျဉ်းအရ တရုတ်နိုင်ငံကို တင်ပို့မယ့် ပို့ကုန်တွေဟာ တရုတ်အကောက်ခွန် အာဏာပိုင် အဖွဲ့ GACCတို့ရဲ့ လမ်းညွှန်းချက်တွေ အပြည့်အဝ လိုက်နာရမှာ ဖြစ်ပါတယ်။
” ပိုးမွှား စမ်းသပ်ခြင်းကို ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ အတော်လေး ခရီးရောက်နေပြီ ဖြစ်ပါတယ်။ အစိုးရ အချင်းချင်း လက်မှတ်ရေးထိုးဖို့ second draft လောက်ကို ကျွန်တော်တို့ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် မကြာခင်မှာပဲ တရုတ်ကို တင်ပို့ခွင့် ရတော့မှာ ဖြစ်ပါတယ်။ ” လို့ ဒုဝန်ကြီးက မြန်မာ ထောပတ်သီးနဲ့ သစ်သီးဝလံ ပြပွဲတွင် ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အစိုးရ အချင်းချင်း လက်မှတ်ရေးထိုးပြီးပါက တင်ပို့မယ့် ကုမ္ပဏီ အချင်းချင်း စီးပွားရေးဆိုင်ရာ စာချုပ် ချုပ်ဆိုပြီးမှသာ တင်ပို့ နိုင်မှာ ဖြစ်ပါတယ်။
” ဒီနှစ် ရာသီကတော့ မမီတော့ဘူးလို့ ထင်ပါတယ်။လာမယ့်နှစ် ဖြစ်မယ်လို့တော့ ထင်ပါတယ်။ကျွန်တော် တို့ရဲ့ ထောပတ်သီးထွက်အားက တန်ချိန် နှစ်သောင်းကျော် ၊ သုံးသောင်းနီးပါး ရှိပါတယ်။ တကယ်တမ်း ဝယ်လက်ရှိရင် တန်ချိန် တသိန်းအထိ တင်ပို့နိုင်ပါတယ်” လို့ မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုး တင်ပို့ ထုတ်လုပ် ရောင်းချသူများ အသင်းမှ ဥက္ကဌ ဦးခွန်ထွန်းထွန်းဝင်းကပြောပါတယ်။
မြန်မာနိုင်ငံရဲ့ ထောပတ်သီး ထွက်ရှိမှုမှာ တန်ချိန် သုံးသောင်းနီးပါး ရှိပေမယ့် ပြည်တွင်းစားသုံးမှုက တန်ချိန် ခုနှစ်ထောင် နဲ့ ရှစ်ထောင်အကြားသာ ရှိနေခြင်း ဖြစ်ပါတယ်။
အရင် နိုင်ငံရေး အပြောင်းအလဲ မဖြစ်ခင်က မလေးရှား ၊ ဂျပန် ၊ စင်္ကာပူ၊ထိုင်းနိုင်ငံ နဲ့ ဥရောပ ဈေး ကွက် ဖြစ်တဲ့ ဗြိတိသျှ နိုင်ငံတို့ ကို တင်ပို့ရန် ရည်ရွယ်ခဲ့ပြီး တင်ပို့မှုတွေ ရှိခဲ့ပေမယ့် နိုင်ငံရေးအပြောင်းလဲတွေ ဖြစ်ပြီး ရပ်နားထားခဲ့ရပါတယ်။
အခု အသစ်တက်လာတဲ့ အစိုးရက စိုက်ပျိုးထုတ်လုပ်သူတွေ ရပ်တည်ရေးအတွက် အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့အပြင် မိတ်ဖက်နိုင်ငံ ဖြစ်တဲ့ တရုတ်နိုင်ငံ တင်ပို့ဖို့ ဈေးကွက်ရှာပေးနေတာဖြစ်ပါတယ်။
