သူတို့အိမ် အခန်း (၂၆၆)

 

 

ဆူးငှက်

 

ဆူးငှက်ဂရန်လျှောက်လွှာ ရောက်မလာသေး
—————————————————-
သရက်ကုန်းက ကျွန်တော့်မြေကွက်လေး ဂရန်လျှောက်ထားရေး ကိစ္စအတွက် တရားရုံးကျမ်းကြိမ်လွှာမှ စ၍ ကျန် စာရွက် စာတမ်းများ ပြည့်စုံပါပြီ။ တရားရုံးကျမ်းကျိန်လွှာမှ လွဲ၍ ကျန်စာရွက်စာတမ်းများအတွက် အကုန်အကျ မရှိတော့ဘဲ လွယ်လင့်တကူ ရရှိခဲ့ပါသည်။ ဂရန်လျှောက်လွှာ တင်ရုံပဲ ရှိတော့သည်။ သည်ကြားထဲ အပတ်စဉ် ကြာသပတေး နေ့နှင့် သောကြာနေ့တိုင်း ဂရန်ချထားရေးအဖွဲ့က ရပ်ကွက်အတွင်း ကွင်းဆင်းသည်။ ထိုသို့ကွင်းဆင်းတိုင်း ကျွန်တော်တို့က လိုက်၍ စစ်ဆေးသောမြေကွက်မှာ အရှုပ်အရှင်း ကင်းရှင်းကြောင်း ထောက်ခံ လက်မှတ်ထိုးပေးရသည်။ ဤသို့ဖြင့် မြေကွက်ပိုင်ရှင်များက အဆင်ပြေချောမွေ့စွာ ဂရန်လျှောက်နိုင်ခဲ့ကြသည်။

 

အပတ်စဉ် စည်ပင်ကော်မတီအစည်းအဝေးတွင် ဂရန်ကိစ္စဆွေးနွေးတိုင်း သရက်ကုန်းရပ်ကွက် ခေါင်းစဉ် ရောက်လျှင် ဆရာဆူးတို့ သရက်ကုန်းဟု ဝိသေသပြု ပြောကြ ဆွေးနွေးကြသည်ဟုလည်း ပြန်လည် ကြားရသည်။ ဤသို့ ဝိသေသပြုသော်လည်း ရပ်ကွက်အတွင်းရှိ မြေကွက်အတော်များများ၏ ဂရန်လျှောက်လွှာများက ရုံးသို့ ရောက်ကုန်ကြပြီ။ ဆရာဆူးလျှောက်လွှာကတော့ မရောက်သေးဘူးတဲ့။ သည်လိုနှင့် လအချို့ကျော်ကာ သရက်ကုန်းက မြေကွက်မျာ လက်ကျန်မရှိသလောက် ဂရန်လျှောက်လွှာများ ရုံးသို့ ရောက်သော်လည်း ဦးကျော်ဆန်း ခေါ် ဆူးငှက်၏ ဂရန် လျှောက်လွှာက ရောက်မလာသေးပါတဲ့။ သည်လိုနှင့် အပတ်စဉ်အစည်းအဝေးမှာ ဆူးငှက်ဂရန်လျှောက်လွှာက ရောက်မလာသေးတော့ မြေရာ ဌာနမှူးက ကျွန်တော့်ထံ လျှောက်လွှာတင်ဖို့ အကြောင်းကြားလာသည်။

 

တကယ်တော့ ကျွန်တော့် ဂရန်လျှောက်လွှာ မတင်ဖြစ်သေးတာက အကြောင်းရှိသည်။ ဂရန်အတွက် တရားဝင် အခွန်အခ တွေ သွင်းဖို့က ၂၉သိန်း နှင့် သိန်း၃၀ကြားရှိမည်။ ကျွန်တော့်မှာ သိန်း၃၀မပြောနှင့် ၃သိန်းမျှပင်မရှိ။ ၃သိန်းဆိုဦး ဟိုက သည်က စုရဆောင်းရဦးမည်။ သိန်း ၃၀ဆိုသည့် ငွေကြေးက အလှမ်းကွာနေသည်။ ထို့ကြောင့် ကျွန်တော်လည်း စိတ်ပျက်လက်ပျက်နှင့် ဂရန်လျှောက်လွှာဖိုင်ကြီး ဗီရိုထဲထည့်ကာ ခြေပစ်လက်ပစ် လွှတ်ထား လိုက်တော့၏။ ကိုင်း.. အရင်လို သိမ်းဟယ်ဆည်းဟယ်နှင့် လိမ့်လိမ့်လဲလဲ မဖြစ်မှာ သေချာပြီပဲဟု ဆိုကာ ဆက်၍ မရုန်းချင်တော့သည့် သဘောလည်း ဖြစ်ပါ၏။ ပန်းလှပြီ။ ထိုစဉ်ကာလ တစ်ဖက်ကလည်း ဌာနမှူးကိုယ်တိုင် စေတနာနှင့် လုပ်ခွင့်ရတုန်း လုပ်ထားပါဟု တိုက်တွန်းနေတော့ အားနာလှပြီ။ သို့သော် သည်အခက်အခဲက ဘယ်လို ဖြေရှင်းရမလဲလေ။ ထို အကျပ်အတည်းကြားတွင် စာရေးဆရာဟူသော ဘဝကို အတော်နာကျည်း စိတ်ပျက်နေမိသည်။

 

စာရေးဆရာမှာက ဘာအခကြေးငွေမှ မရှိ၊
——————————————–
သည်မှာက ဦးနှောက်နှင့် ရင်းနှီးလုပ်ကိုင်ရသူက အတော် မျက်နှာငယ်လှချည့်၊ ဦးနှောက်ကို ဘယ်သူမှ တန်ဖိုးမထားကြ။ ခြေနှင့် လက်နှင့် ကိုယ်ကာယကို ရင်းနှီးလုပ်ကိုင်သည့် ကာယအလုပ်သမားကိုပင် အသိအမှတ်ပြုကာ လုပ်အားခ အမည်ဖြင့် တန်ရာတန်ကြေးပေးကြသေးသည်။ ဦးနှောက်နှင့် ရင်းနှီးရခြင်းကိုမူ ဘာတန်ကြေးမှ မသတ်မှတ်၊ တန်ဖိုးမရှိဟုပင် သိမှတ်ထားကြသည်။ ထိုစဉ်ကာလ ကျွန်တော်သည် ဖြတ်သန်းခဲ့ရသော ဘဝအတွင်း စာရေး၍ မဂ္ဂဇင်း ဂျာနယ် သတင်းစာတွေမှာ ကိုယ့်ဝတ္ထု ကိုယ့်ဆောင်းပါးအတွက် သတ်မှတ်သည့် စာမူခ ရဖူးသည်။ ထိုဝတ္ထု ထိုဆောင်းပါးများကို စုစည်း၍ စာအုပ်ထုတ်လို့ သတ်မှတ်သည့် စာမူခ ရဖူးသည်။ ဟောပြောပွဲများတွင် ဖိတ်ကြား၍ ဟောပြောသောကြောင့် ဉာဏ်ပူဇော်ခ ရသည်။ ဒါပါပဲလေ။ ပါလိုက်ရသည့် အဖွဲ့အစည်း၊ ပါလိုက်ရသည့် ကော်မတီ၊ ကုန်လိုက်သည့် အချိန် ဆွေးနွေးလိုက်ရ ငြင်းလိုက်ခုန်လိုက်ရတာ အာပေါက်မတတ်၊ ပေးလိုက်ရသည့် အကြံဉာဏ်၊ သို့သော် ထိုကော်မတီတွင်ပါသည့် မဏ္ဍပ်ဆရာ၊ ဆိုင်းဆရာ၊ အသံချဲ့စက်ဆရာ၊ ဗီဒီယိုဆရာ၊ မင်းသား မင်းသမီး၊ ဒါရိုက်တာမှသည် ထမ်းဆင့် ကားဆရာ ဆက်တင်ဆရာအထိက လျှော့ယူချင်မှ ယူကြရော့ သတ်မှတ်ထားသည့် အခကြေးငွေ လုပ်အားခ နေ့တွက်ရှိသည်။ စာရေးဆရာမှာက ဘာအခကြေးငွေမှ မရှိ၊ ပေးရကောင်းမှန်းလည်း မသိ။

 

တစ်ခါကများ အနုပညာရှင်ကြီးတစ်ဦး၏ ပွဲကြီးလမ်းကြီးတစ်ပွဲ ကျင်းပသည်။ ထိုပွဲအတွက် ဦးစီးကော်မတီ ၅ဦးတွင် ကျွန်တော်က တစ်ဦးအဖြစ်ပါဝင်သည်။ ဆွေးနွေးလိုက်ရ အကြံပေးလိုက်ရ၊ ကိုယ့်မြို့ကိုယ့်ဒေသနှင့် လိုက်ဖက်အောင် သီချင်းနှင့် အပြင်အဆင် က အစ ရွေးပေးလိုက်ရ၊ ယုတ်စွအဆုံး ဇာတ်ခုံ အပြင်အဆင်ကိုပင် စာပေ ဟောပြောပွဲထဲ ရောက်နေလို့ပါဟု တောင်းပန်မရ၊ ချက်ချင်း စီစဉ်ပေးပါဟု ဆိုသောကြောင့် ဆွေးနွေးလက်စမှာပင် ကိုယ့်အလှည့်ပြီးသောအခါ ပုံကြမ်း ကောက်ခြစ်ပြီး VIVA နှင့် လှမ်းပို့ပေးရသည်။ ပွဲရောက်တော့လည်း အတန်တန် ငြင်း သော်လည်း စင်ပေါ်တက်၍ စကားပြောရသေးသည်။ ပွဲအပြီး စာရင်းချုပ်လိုက်တော့ ဦးစီးကော်မတီမှ စပွန်ဆာပေးသည့် သူဌေးနှင့် ၂ဦးမှ အပ ကျန်၃ဦးတွင် လုပ်ငန်းရှင်၂ဦးက ပွဲတွင် အသုံးပြုသည့် သူတို့လုပ်ငန်းများအတွက် တန်ရာတန်ကြေး တွေ ဘောက်ချာဖွင့်ပြီး ထုတ်ယူနိုင်သည်။ ကျွန်တော့်အကြံဉာဏ်က ဘောက်ချာမရှိလို့ တစ်ပြားမှ မရခဲ့။ သည်ပွဲမှ မဟုတ်၊ ပွဲတိုင်းမှာ စာရေးဆရာ၏ ဦးနှောက်နှင့် အကြံဉာဏ် ဆိုသည်က လက်ဖက်ရည် တစ်ခွက်လောက်ပဲ တန်ကြေးရှိခံ့သည်။

 

 

မရသည့်အပြင် စာအုပ်ပါ အဆစ်ပေးရသေး
—————————————————
တစ်ခါတစ်ခါ ရယ်စရာပင် ပြောမိသေး၏။ ပွဲတွေလမ်းတွေမှာ အလကားမတ်တင်း ဂုဏ်ပြုချီးမွှမ်းစကား များ ပြောကြားရလို့ အခမ်းအနားမှူးက ကြေညာလျှင် မန္တလေးမြို့ဂုဏ်ဆောင် အမျိုးသားစာပေဆုရ ဘာညာ ကြေညာလျှင် အလွန် ရှက်စရာ ကောင်းလှသည်။ ထို မန္တလေးမြို့ဂုဏ်ဆောင် နှင့် ထို အမျိုးသားစာပေဆုရ ဟူသည့် ဂုဏ်ပုဒ်က မီနီအိုးဝေဆရာ လောက်မှပင် တန်ဖိုးမရှိ၊ မီနီအိုးဝေ မှ သူ့ပေါ်တက်လိုက်တာနှင့် အနည်းဆုံး ၅ထောင်ရသေးသည်။ ထို့ကြောင့် ထိူသို့သော ပွဲများတွင် အခမ်းအနားမှူး MC က ကိုယ့် တပည့်မလေးတွေ ဖြစ်နေလျှင် မန္တလေးမြို့ဂုဏ်ဆောင် အမျိုးသားစာပေဆုရ ဆိုတာကြီး မကြေညာဖို့ ကြိုပြောထားရ၏။

 

သည်ကြားထဲရှိသေးသည်။ သူ့အိမ် သူ့ရုံခန်း သူ့ဆိုင် ဘယ်သို့ဘယ်ပုံ မန္တလေးဟန်ဖြစ်အောင် ပြင်ဆင်ရမလဲဆိုတာ အကြံဉာဏ်တောင်း ကြသည်။ သူ့နေရာတွေလိုက်ကြည့် သင့်တင့်မည့် အပြင်အဆင်နှင့် သင့်တင့်မည့် ပန်းချီကား ရုပ်တုရုပ်ပုံတွေ ညွှန်းရသေးသည်။ ထိုရုပ်တု ရုပ်ပုံ အပြင်အဆင် ပန်းချီကားတွေ သိန်းးဆယ်ချီ သိန်းရာချီအထိ ပေးဝယ် ဂုဏ်ယူကြသော်လည်း အကြံပေးသူက လက်ဖက်ရည်တစ်ခွက် ထပ်တရာ တချပ်နှင့် ပြီးရတာလည်း အကြိမ်ကြိမ် ဖြစ်သည်။ သည်ကြားထဲ စကားစပ်၍ ကိုယ့်စာအုပ်အကြောင်း ရောက်တော့ ဆရာ့နောက်ဆုံးထုတ်တဲ့ စာအုပ်လေး ဆရာ့လက်မှတ်နဲ့ ရချင်ပါတယ်ဆိုလို့ စာအုပ်ပင် အဆစ်ပါသွား သေးသည်။

 

မရခင်က ပေါင်နှင့်သည်
—————————-
ထိုစဉ်ကာလ ထိုအကျပ်အတည်းတွင် တွေးမိသည်များက အခုထိ မပြယ်နိုင်သေးဘဲ ပို၍ပင် ခိုင်မာလာ တော့သည်။ နောက်ဆုံးတော့ ဂရန်က ကိုယ်စခဲ့သည့် ဇာတ်မို့ ကိုယ်က မဖြစ်မနေလုပ်ရမည်။ လိုအပ်သည့် ငွေကြေးအတွက် ဘယ်သူကမှ ကိုယ့်စာမူ ကိုယ့်စာအုပ်ကို သိန်း၃၀ပေးမှာ မဟုတ်၊ ဘယ်သူကမှ သူတို့ အဖွဲ့အစည်း သူတို့ကုမ္ပဏီအတွက် ဂုဏ်ပြုအမှာစကားပြောစေပြီး သိန်း၃၀ပေးမှာ မဟုတ်၊ ဘယ်သူကမှ သူတို့ စီစဉ်သောပွဲအတွက် ဘယ်သို့ဘယ်ပုံ ဘယ်သူဘယ်ဝါ ဘယ်ဆိုင်း ဘယ်ဝိုင်းနဲ့ သင့်တော်မလဲ ဆိုသည်ကိူ အကြံဉာဏ်တောင်းပြီး သိန်၃၀ကို အိတ်ထဲ ထည့်ပေးမှာ မဟုတ်။

 

သည်တော့ တနည်းပဲရှိသည်။ မထုတ်ရသေးသည့် ဂရန်ကို သိန်း၃၀ဖြင့် ပေါင်ရုံပေါ့။ သည်တစ်နည်းပဲ ရှိသည်။ ကိုင်း.. ပေါင်မည် ဆိုသည်ကလည်း ဘယ်သူ့ပေါင်ရမလဲ၊ ဘယ်သူက လက်ခံမလဲ ခေါင်းခဲအောင် စဉ်းစားရတော့သည်။

 

ဆူးငှက်

Related posts

✕
VOM News

FREE
VIEW