မူးယစ်မှုနဲ့ထောင်ကျနေသူကို လာတွေ့တဲ့ အမျိုးသမီးဆီက မူးယစ်ဆေးတွေ ဖမ်းမိ

မြောင်းမြ၊ ဇွန်  – ၁၂ -၂၀၁၉

ကိုအောင် (VOM)

 

ဧရာဝတီတိုင်း မြောင်းမြမြို့နယ် မြောင်းမြအကျဉ်း​ထောင်​မှာ မူးယစ်​​ဆေးဝါးအမှုနဲ့ ထောင်ကျနေတဲ့ အကျဉ်းသားကို လာတွေ့တဲ့ အမျိုးသမီးက ထောင်ဝင်စာပို့တဲ့ ပစ္စည်းထဲ မူးယစ်ဆေးတွေ ထည့်သွင်းပို့ဆောင်တာကို ဖမ်းမိခဲ့တယ်လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့က သိရပါတယ်။

 

“ထောင်ဝင်စာလာတွေ့တဲ့ အမျိုးသမီးဆီကနေ ပစ္စည်းတွေကို အကျဉ်းထောင်ရှာဖွေရေး တာဝန်ကျ ဝန်ထမ်းတွေက စစ်တဲ့အခါမှာ မသင်္ကာစရာကြက်သွန်နီဥတွေ တွေ့တယ်လို့အကြောင်းကြားလို့ ရဲတပ်ဖွဲ့ကသွားပြီးစစ်ဆေးရာမှာ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးမိတာပါ။ အလားတူ ထောင်ဝင်စာလာတွေ့တဲ့ သူတွေယူဆောင်လာတဲ့ ပစ္စည်းတွေထဲမှာ မူးယစ်ဆေးဝါးတွေ မိတဲ့ဖြစ်စဉ်မျိုးတွေလည်း ဖြစ်ခဲ့ဖူးပါတယ်။”လို့ ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးက ဒုရဲမှူးကြီးထွန်းရွှေက ပြောပါတယ်။

 

မူးယစ်မှုနဲ့ ထောင်​ဒဏ် ​(၂၄) နှစ်​ကျခံ​နေသူ မြတ်လင်းစံကို မနေ့ ဇွန် ၁၁ ရက် ညနေပိုင်းက ထောင်ဝင်စာတွေ့ဖို့လာတဲ့ မညွန့်ညွန့်စန်း(ခ)မသဇင်ဟာ  ကြက်​သွန်​နီဥခွံ ၂၄ လုံးအတွင်း ပလပ်​စတစ်​ တစ်ထပ်​၊ ခဲ​ရောင်​စက္ကူ တစ်ထပ်​နဲ့ လုံးထုတ်ထား​တဲ့ WY စာတမ်းပါ စိတ်​ကြွရူးသွပ်​​ဆေးပြား ပန်း​ရောင်​(၁၄၀၀)ပြား၊ အစိမ်း​ရောင်​(၁၀)ပြား  တန်​ဖိုး​ငွေ ၄၂ သိန်းသုံးသောင်း နဲ့ ICE လို့ ယူဆရ​တဲ့ အဖြူ​ရောင်​ပုံ​ဆောင်​ခဲ (၂၄)ဂရမ်​၊ တန်​ဖိုး​ငွေ ၁၂ သိန်းကို ဖမ်းဆီးရမိခဲ့တာလို့ ရဲမှတ်တမ်းအရ သိရပါတယ်။

 

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မညွန့်​ညွန့်​စန်း(ခ)မသဇင်​(၃၃ နှစ် ) နဲ့ အကျဉ်းကျ​နေသူ မြတ်​လင်းစံ(ခ)မြတ်​စံ(ခ)လင်းလင်း(၃၇ နှစ်) တို့ကို  မြောင်းမြမြို့မရဲစခန်းက (ပ)၇/၂၀၁၉ မူးယစ်​​ဆေးဝါးနဲ့ စိတ်​ကို​ပြောင်းလဲ​စေ​သောပုဒ်​မ ၁၉(က)/၂၀(က)/၂၁ အရ အ​ရေးယူဖွင့်​လှစ်​ထား​တယ်လို့ ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။

 

#voiceofmyanmar # မူးယစ်မှုနဲ့ထောင်ကျနေသူကိုလာတွေ့တဲ့အမျိုးသမီးဆီကမူးယစ်ဆေးတွေဖမ်းမိ  #ဧရာဝတီ  #မြောင်းမြ

 

 

Related posts

Leave a Comment

VOM News

FREE
VIEW