မြောင်းမြ၊ ဇွန် – ၁၂ -၂၀၁၉
ကိုအောင် (VOM)
ဧရာဝတီတိုင်း မြောင်းမြမြို့နယ် မြောင်းမြအကျဉ်းထောင်မှာ မူးယစ်ဆေးဝါးအမှုနဲ့ ထောင်ကျနေတဲ့ အကျဉ်းသားကို လာတွေ့တဲ့ အမျိုးသမီးက ထောင်ဝင်စာပို့တဲ့ ပစ္စည်းထဲ မူးယစ်ဆေးတွေ ထည့်သွင်းပို့ဆောင်တာကို ဖမ်းမိခဲ့တယ်လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့က သိရပါတယ်။
“ထောင်ဝင်စာလာတွေ့တဲ့ အမျိုးသမီးဆီကနေ ပစ္စည်းတွေကို အကျဉ်းထောင်ရှာဖွေရေး တာဝန်ကျ ဝန်ထမ်းတွေက စစ်တဲ့အခါမှာ မသင်္ကာစရာကြက်သွန်နီဥတွေ တွေ့တယ်လို့အကြောင်းကြားလို့ ရဲတပ်ဖွဲ့ကသွားပြီးစစ်ဆေးရာမှာ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးမိတာပါ။ အလားတူ ထောင်ဝင်စာလာတွေ့တဲ့ သူတွေယူဆောင်လာတဲ့ ပစ္စည်းတွေထဲမှာ မူးယစ်ဆေးဝါးတွေ မိတဲ့ဖြစ်စဉ်မျိုးတွေလည်း ဖြစ်ခဲ့ဖူးပါတယ်။”လို့ ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးက ဒုရဲမှူးကြီးထွန်းရွှေက ပြောပါတယ်။
မူးယစ်မှုနဲ့ ထောင်ဒဏ် (၂၄) နှစ်ကျခံနေသူ မြတ်လင်းစံကို မနေ့ ဇွန် ၁၁ ရက် ညနေပိုင်းက ထောင်ဝင်စာတွေ့ဖို့လာတဲ့ မညွန့်ညွန့်စန်း(ခ)မသဇင်ဟာ ကြက်သွန်နီဥခွံ ၂၄ လုံးအတွင်း ပလပ်စတစ် တစ်ထပ်၊ ခဲရောင်စက္ကူ တစ်ထပ်နဲ့ လုံးထုတ်ထားတဲ့ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ပန်းရောင်(၁၄၀၀)ပြား၊ အစိမ်းရောင်(၁၀)ပြား တန်ဖိုးငွေ ၄၂ သိန်းသုံးသောင်း နဲ့ ICE လို့ ယူဆရတဲ့ အဖြူရောင်ပုံဆောင်ခဲ (၂၄)ဂရမ်၊ တန်ဖိုးငွေ ၁၂ သိန်းကို ဖမ်းဆီးရမိခဲ့တာလို့ ရဲမှတ်တမ်းအရ သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မညွန့်ညွန့်စန်း(ခ)မသဇင်(၃၃ နှစ် ) နဲ့ အကျဉ်းကျနေသူ မြတ်လင်းစံ(ခ)မြတ်စံ(ခ)လင်းလင်း(၃၇ နှစ်) တို့ကို မြောင်းမြမြို့မရဲစခန်းက (ပ)၇/၂၀၁၉ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောပုဒ်မ ၁၉(က)/၂၀(က)/၂၁ အရ အရေးယူဖွင့်လှစ်ထားတယ်လို့ ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။
#voiceofmyanmar # မူးယစ်မှုနဲ့ထောင်ကျနေသူကိုလာတွေ့တဲ့အမျိုးသမီးဆီကမူးယစ်ဆေးတွေဖမ်းမိ #ဧရာဝတီ #မြောင်းမြ