လုပ်ခလစာမတိုးဘဲ မီတာခတိုးတယ်ဆိုတဲ့ ကမ်းပိန်းပြုလုပ်

ဇူလိုင် ၁ -၂၀၁၉

ရဲရင့်မင်းခန့် (VOM)

 

လုပ်ခလစာမတိုးဘဲ လျှပ်စစ်မီတာခတိုးတဲ့အတွက်ကြောင့်ဆိုပြီး မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်ရှိ မြန်​မာနိုင်​ငံ စက်​မှုလက်​မှုနဲ့ ဝန်​​ဆောင်​မှုလုပ်​ငန်း​ပေါင်းစုံ အလုပ်​သမားများသမဂ္ဂအဖွဲ့ချုပ်​ရုံးမှာ ဒီနေ့မနက်ပိုင်းက ကမ်းပိန်းလုပ်ခဲ့ကြပါတယ်။

 

“ကျမတို့က တစ်ရက်လုပ်ခအဖြစ် ၅၆၀၀ ပေးဖို့တောင်းဆိုပေမယ့် ဝန်ကြီးဌာနရဲ့ ညှိနှိုင်းပေးမှုနဲ့ ၄၈၀၀ ကို လက်ခံပေးလိုက်တယ်။ ခုကျတော့ မီတာခတွေက တိုးလာတယ်။ မီတာခတိုးတော့ အဆောင်စားရိတ်တွေ တိုးလာတယ်။ ပြီးတော့ တခြားကုန်ပစ္စည်းတွေကလည်း ဈေးတက်လာတယ်။ ရတဲ့လစာနဲ့ မမျှတော့ဘူး။ မိသားစုကို ထောက်ပံ့ဖို့ဆိုတာ အများကြီး အခက်အခဲ ရှိပါတယ်။”လို့ အလုပ်သမားတစ်ဦးဖြစ်သူ မစုစုနိုင်က ပြောပါတယ်။

 

ဒါ့အပြင် မြန်မာနိုင်ငံစက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားများသမဂ္ဂအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်ကလည်း  “မြန်မာနိုင်ငံရဲ့ အခြေခံလုပ်ခလစာက အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ နှိုင်းယှဉ်ရင်တော့ လျော့နည်းနေသေးတယ်။ မြန်မာနိုင်ငံရဲ့အနည်းဆုံး အခြေခံလုပ်ခလစာသည် အာဆီယံမှာ အနည်းဆုံးဖြစ်ပါတယ်။ အခု မီတာခတိုးတာဟာ ကျနော်တို့ အလုပ်သမားတွေအတွက် စပြီးထိခိုက်နစ်နာမှုတွေ ရှိပါတယ်။”လို့ ပြောပါတယ်။

 

ဒါ့အပြင် လက်ရှိ အစိုးရအနေနဲ့ နိုင်ငံမှာရှိတဲ့ တစ်ဦးချင်းဝင်ငွေအပေါ် မူတည်ပြီး မြင့်မားအောင် လုပ်ဆောင်ပြီးမှသာ မီတာခ တက်သင့်သလို လျှပ်စစ် ခိုးယူသုံးစွဲနေတဲ့ လုပ်ငန်းတွေကို ဦးစားပေး ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်ပေးဖို့ အစိုးရကို တောင်းဆိုခဲ့ပါသေးတယ်။

 

ဒီနေ့ကစနှုန်းထားတက်လာတဲ့ မီတာခကို စောင့်ကြည့်ပြီး အလုပ်သမားတွေဝင်ငွေနဲ့ တွက်ချက်ကာ အလုပ်သမားထုအတွက် အဆင်ပြေနိုင်ရင် ဇူလိုင်လကုန်လောက်မှာ လုပ်သင့်လုပ်ထိုက်တဲ့ လှုပ်ရှားမှုတွေ ဆက်လုပ်သွားမယ်လို့ သိရပါတယ်။

 

#voiceofmyanmar  # လုပ်ခလစာမတိုးဘဲမီတာခတိုးတယ်ဆိုတဲ့ကမ်းပိန်းပြုလုပ် # မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ်သမားများသမဂ္ဂအဖွဲ့ချုပ်ရုံး# #

 

 

Related posts

Leave a Comment

VOM News

FREE
VIEW