၆၉ နှစ်​​မြောက်​ ကရင့်​အာဇာနည်​​နေ့ အခမ်းအနားကျင်းပ

ဘားအံ၊ သြဂုတ်​ ၁၂- ၂၀၁၉

သူရိန်(VOM)

 

၆၉ နှစ်​​မြောက်​ ကရင့်​အာဇာနည်​​နေ့ အခမ်းအနားကို ဒီ​နေ့ သြဂုတ် ၁၂ ရက် မနက်​ပိုင်းက ကရင်​ပြည်​နယ်​၊ ဘားအံမြို့ မေတ္တာလမ်း အမှတ်​ ၉ ရပ်​ကွက်မှာ ကျင်းပပြုလုပ်​ခဲ့ပါတယ်​။

 

‌ကရင့်​အာဇာနည်​​နေ့အဖြစ်​ ကရင့်​​တော်​လှန်​​ရေး​နေရာ​တွေနဲ့ တပ်​မဟာအသီးသီးမှာ ကျင်းပခဲ့တာ ၆၉ နှစ်​​ရှိ​ခဲ့ပေမယ့်​ ကရင်​ပြည်နယ်ရဲ့မြို့​တော်​ ဇွဲကပင်​​တောင်​ရှိတဲ့ ဘားအံမြို့​ပေါ်မှာ ကျင်းပခဲ့တာကတော့ ဒီနှစ်​ဆိုရင်​ ၆ ကြိမ်​​မြောက်​ပဲ ရှိပါသေးတယ်။

 

“အခုလို ကျင်းပနိုင်​​အောင်​​ ဒေသခံ​တွေ၊ လယ်​သိမ်း​ မြေယာသိမ်းခံရသူတွေအပါအဝင်​ ဖိနှိပ်​ခံကရင့်​လူတန်းစား​တွေကပဲ ကျင်းပ​နေ​ကြတာကို ​တွေ့မြင်​ရမှာပါ။ ကရင့်​အာဇာနည်​​နေ့လို့ ပြောလိုက်​တိုင်း လူ​တွေအများစုကတော့ ဆန့်​ကျင်​လက်​မခံနိုင်​ကြတာလည်း​ တွေ့မြင်​ရ​တယ်​။ အဲ့ဒီလူ​တွေက​တော့ ဖယ်​ဒရယ်​ပြည်​​ထောင်​စု မလိုလားသူ​တွေ၊ ငြိမ်းချမ်း​ရေးကို လိုလားတယ်​ဆိုပြီး ဟန်​​ဆောင်​လိမ်​ညာသူ​တွေ၊ တိုင်းရင်းသားအချင်းချင်း တန်းတူအခွင့်​အ​ရေး မ​ပေးချင်​သူ​တွေနဲ့ နှိမ့်​ချလိုသူ​တွေ ဖြစ်​ပါ​တယ်​။” လို့ ၈၈ ကရင့်​မျိုးဆက်​သစ်​​ကျောင်းသားများ၏ လူမှုဖွံ့ဖြိုး​ရေးအသင်း ဥက္ကဋ္ဌ ဦး​စော​မောင်​ကြီးက ​ပြောပါတယ်​။

 

၈၈  ကရင်​မျိုးဆက်​သစ်​​ကျောင်းသားများ၏ လူမှု့ဖွံ့ဖြိုး​ရေးအသင်းအ​နေနဲ့ မိမိတို့လိုလားတဲ့ တရားမျှတမှု၊ တန်းတူညီမျှမှု​တွေနဲ့အတူ တိုင်းရင်းသားအချင်းချင်း အသိအမှတ်​ပြုမှုတွေ မရမချင်း၊ ရပြီး​နောက်​ပိုင်းလည်း လက်​ဆင့်​ကမ်း သယ်​​ဆောင်​သွားနိုင်​ဖို့အတွက်​ ရည်​ရွယ်ပြီး အခုလို ကရင့်​အာဇာနည်​​နေ့ကို ကျင်းပရခြင်းဖြစ်​​တယ်​လို့ သိရပါတယ်​။

 

ဒီအခမ်းအနားမှာ ပြည်​​ထောင်​စုသမ္မတနိုင်ငံတော်အလံကို အ​လေးပြုခြင်း၊ ကရင့်​အမျိုးသားအလံ​တော်​ကို အ​လေးပြုခြင်း၊ ကျဆုံး​လေပြီး​သော ကရင့်​အမျိုးသား​ခေါင်း​ဆောင်​ကြီးတွေကို အ​လေးပြုခြင်း၊ ကရင့်​အာဇာနည်ကြီးတွေကို ဂုဏ်​ပြု​သောအားဖြင့်​ တစ်​မိနစ်​ငြိမ်​သက်​ခြင်း၊ ခရစ်​ယာန်​အသင်း​တော်​မှ ဘုရားသခင်​ရဲ့ ကျေးဇူး​တော်​ကို ချီးမွမ်းခြင်း၊ KNU ကရင့်​အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌကြီးက ပေးပို့လာ​တဲ့ သဝဏ်​လွှာနဲ့ အသင်းအဖွဲ့အသီးသီးက ​ပေးပို့လာ​တဲ့ သဝဏ်​လွှာတွေကို ဖတ်​ကြားခြင်း၊ ကရင့်​အမျိုးသား​ခေါင်း​ဆောင်​ကြီး​စောဘဦးရဲ့ ကိုယ်​​ရေးအကျဉ်းကို ​​ဖတ်​ကြားခြင်းနဲ့ သူ့ရဲ့မူ ၄ ချက်​ကို ​ကြွေး​ကြော်​ပြီး​ အခမ်းအနားကို​ ရုတ်သိမ်းခဲ့ပါတယ်​။

 

ဒါ့အပြင်​ ကရင်အာဇာနည်နေ့ အခမ်းအနားကို ရန်​ကုန်​မြို့ ဒဂုံမြို့နယ်​( အ​ရှေ့ပိုင်း ) မ​ကွေး​ကျောင်းတိုက်​မှာ ကျင်းပပြုလုပ်​ဖို့စီစဉ်​ထား​ပေမယ့်​ တိုင်းအစိုးရက ခွင့်​မပြုတာ​ကြောင့်​ ဒီ​​နေ့မနက်​ ၁၀ နာရီက မြို့​တော်​ခန်းမ​ရှေ့၊ မဟာဗန္ဓုလပန်းခြံ​ရှေ့မှာပဲ ကျင်းပပြုလုပ်​ခဲ့ပါတယ်​။

 

#voiceofmyanmar #ကရင်အာဇာနည်နေ့ #ဘားအံ

 

Related posts

Leave a Comment

VOM News

FREE
VIEW