ဘားအံ၊ သြဂုတ် ၁၂- ၂၀၁၉
သူရိန်(VOM)
၆၉ နှစ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနားကို ဒီနေ့ သြဂုတ် ၁၂ ရက် မနက်ပိုင်းက ကရင်ပြည်နယ်၊ ဘားအံမြို့ မေတ္တာလမ်း အမှတ် ၉ ရပ်ကွက်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ကရင့်အာဇာနည်နေ့အဖြစ် ကရင့်တော်လှန်ရေးနေရာတွေနဲ့ တပ်မဟာအသီးသီးမှာ ကျင်းပခဲ့တာ ၆၉ နှစ်ရှိခဲ့ပေမယ့် ကရင်ပြည်နယ်ရဲ့မြို့တော် ဇွဲကပင်တောင်ရှိတဲ့ ဘားအံမြို့ပေါ်မှာ ကျင်းပခဲ့တာကတော့ ဒီနှစ်ဆိုရင် ၆ ကြိမ်မြောက်ပဲ ရှိပါသေးတယ်။
“အခုလို ကျင်းပနိုင်အောင် ဒေသခံတွေ၊ လယ်သိမ်း မြေယာသိမ်းခံရသူတွေအပါအဝင် ဖိနှိပ်ခံကရင့်လူတန်းစားတွေကပဲ ကျင်းပနေကြတာကို တွေ့မြင်ရမှာပါ။ ကရင့်အာဇာနည်နေ့လို့ ပြောလိုက်တိုင်း လူတွေအများစုကတော့ ဆန့်ကျင်လက်မခံနိုင်ကြတာလည်း တွေ့မြင်ရတယ်။ အဲ့ဒီလူတွေကတော့ ဖယ်ဒရယ်ပြည်ထောင်စု မလိုလားသူတွေ၊ ငြိမ်းချမ်းရေးကို လိုလားတယ်ဆိုပြီး ဟန်ဆောင်လိမ်ညာသူတွေ၊ တိုင်းရင်းသားအချင်းချင်း တန်းတူအခွင့်အရေး မပေးချင်သူတွေနဲ့ နှိမ့်ချလိုသူတွေ ဖြစ်ပါတယ်။” လို့ ၈၈ ကရင့်မျိုးဆက်သစ်ကျောင်းသားများ၏ လူမှုဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးစောမောင်ကြီးက ပြောပါတယ်။
၈၈ ကရင်မျိုးဆက်သစ်ကျောင်းသားများ၏ လူမှု့ဖွံ့ဖြိုးရေးအသင်းအနေနဲ့ မိမိတို့လိုလားတဲ့ တရားမျှတမှု၊ တန်းတူညီမျှမှုတွေနဲ့အတူ တိုင်းရင်းသားအချင်းချင်း အသိအမှတ်ပြုမှုတွေ မရမချင်း၊ ရပြီးနောက်ပိုင်းလည်း လက်ဆင့်ကမ်း သယ်ဆောင်သွားနိုင်ဖို့အတွက် ရည်ရွယ်ပြီး အခုလို ကရင့်အာဇာနည်နေ့ကို ကျင်းပရခြင်းဖြစ်တယ်လို့ သိရပါတယ်။
ဒီအခမ်းအနားမှာ ပြည်ထောင်စုသမ္မတနိုင်ငံတော်အလံကို အလေးပြုခြင်း၊ ကရင့်အမျိုးသားအလံတော်ကို အလေးပြုခြင်း၊ ကျဆုံးလေပြီးသော ကရင့်အမျိုးသားခေါင်းဆောင်ကြီးတွေကို အလေးပြုခြင်း၊ ကရင့်အာဇာနည်ကြီးတွေကို ဂုဏ်ပြုသောအားဖြင့် တစ်မိနစ်ငြိမ်သက်ခြင်း၊ ခရစ်ယာန်အသင်းတော်မှ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းခြင်း၊ KNU ကရင့်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌကြီးက ပေးပို့လာတဲ့ သဝဏ်လွှာနဲ့ အသင်းအဖွဲ့အသီးသီးက ပေးပို့လာတဲ့ သဝဏ်လွှာတွေကို ဖတ်ကြားခြင်း၊ ကရင့်အမျိုးသားခေါင်းဆောင်ကြီးစောဘဦးရဲ့ ကိုယ်ရေးအကျဉ်းကို ဖတ်ကြားခြင်းနဲ့ သူ့ရဲ့မူ ၄ ချက်ကို ကြွေးကြော်ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါတယ်။
ဒါ့အပြင် ကရင်အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ ဒဂုံမြို့နယ်( အရှေ့ပိုင်း ) မကွေးကျောင်းတိုက်မှာ ကျင်းပပြုလုပ်ဖို့စီစဉ်ထားပေမယ့် တိုင်းအစိုးရက ခွင့်မပြုတာကြောင့် ဒီနေ့မနက် ၁၀ နာရီက မြို့တော်ခန်းမရှေ့၊ မဟာဗန္ဓုလပန်းခြံရှေ့မှာပဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။
#voiceofmyanmar #ကရင်အာဇာနည်နေ့ #ဘားအံ