ရန်ကုန်၊ သြဂုတ် ၂၆ – ၂၀၁၉
မိုးယံ(VOM)
ရန်ကုန်တိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လူငယ်ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတစ်ခုကို တိုင်းအတွင်း ခရိုင်လေးခုက NLD ရုံးတွေမှာ ဒီနေ့ သြဂုတ် ၂၆ ရက် မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။
“၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ဖို့ကြိုးစားနေချိန်မှာ ကျနော်တို့ပါတီက လူငယ်တွေ တော်တော်များများ ပိုမိုနားလည်ဖို့ ပညာပေးလိုတာရယ်၊ ဒီပြိုင်ပွဲကတစ်ဆင့် ပြည်သူတွေဆီ ရောက်သွားအောင်ရယ်၊ အဲဒီရည်ရွယ်ချက်တွေနဲ့ ဒီပြိုင်ပွဲကို ပြုလုပ်ရခြင်း ဖြစ်တယ်။”လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အင်းစိန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ပြောပါတယ်။
ခရိုင်အဆင့်ပြိုင်ပွဲမှာ ရန်ကုန်တိုင်းအတွင်းရှိ ခရိုင်လေးခုက လူဦးရေ ၈၀ ဝန်းကျင်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ရန်ကုန် မြောက်ပိုင်းခရိုင်အနေနဲ့ ၁၆ ယောက်ဝင်ပြိုင်ရာမှာ ပထမဆုရရှိခဲ့တဲ့ ရွှေပြည်သာမြို့နယ်နေ မောင်မြတ်မင်းသူက“ဖွဲ့စည်းပုံနဲ့ ပတ်သက်တာတွေ ဖတ်တယ်၊ ဆရာဦးကိုနီရဲ့ဖွဲ့စည်းပုံနဲ့ပတ်သက်လို့ ဟောပြောထားတဲ့ ဗွီဒီယိုဖိုင်တွေပြန်ကြည့်တယ်။”လို့ ပြောပါတယ်။
ပထမအဆင့်ဖြစ်တဲ့ ခရိုင်အဆင့်ပြိုင်ပွဲတွေကို ဒီနေ့ ကျင်းပခဲ့ပြီးနောက် တိုင်းအဆင့် ပြိုင်ပွဲကိုတော့ လာမယ့်စက်တင်ဘာ ၁ ရက် မနက် ၈ နာရီမှာ စတင်ကျင်းပမှာဖြစ်ပြီး ဒီပြိုင်ပွဲမှာ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနဲ့ နှစ်သိမ့်ဆုတွေလည်း ပေးအပ်သွားမယ်လို့ ရန်ကုန်တိုင်းလူငယ်လုပ်ငန်းအဖွဲ့ သတင်းပြန်ကြား တာဝန်ခံ ကိုသက်ပိုင်ရှိန်းက ပြောပါတယ်။ ဒါ့အပြင် တိုင်းအဆင့်ပြိုင်ပွဲမှာ လူငယ်ပဟေဠိ ဉာဏ်စမ်းပြိုင်ပွဲအပြင် ကျဘန်းစကားပြောပြိုင်ပွဲ Debate ပြိုင်ပွဲတွေလည်း ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။
#voiceofmyanmar #ရန်ကုန် #NLD #လူငယ်ပဟေဠိ ဉာဏ်စမ်းပြိုင်ပွဲ