သာသနာ ဝါဝါဖျက်လေသလား

အောက်တိုဘာ ၂၁၊ ၂၀၁၈

အယ်ဒီတာ့ အာဘော်

 

ဒီရက်ပိုင်းအတွင်း သင်္ကန်းဝတ်ထားပြီး ရဟန်းကျင့်ဝတ်ရော လူ့စည်းကမ်းဥပဒေတွေပါ ချိုးဖေါက်တဲ့ သတင်းတွေ ဆက်တိုက်ကြားနေရပါတယ်။ မန္တလေးတိုင်းအတွင်းမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေကို ဖမ်းမိတော့ သင်္ကန်းဝတ်ထားတဲ့ သူ ၂ယောက်ပါနေတာကိုတွေ့ရပါတယ်။ မန္တလေး  ပြည်ကြီးတံခွန်မြို့နယ် ချမ်းမြသာယာရပ်ကွက် ချမ်းမြသာစည်ရိပ်သာဝင်းထဲက တထပ်ကျောင်းဆောင်မှာ သီတင်းသုံးတဲ့ အရှင်အာစိဏ္ဏ (ခေါ်) ဦးအေးကျော် ၅၂ နှစ် ဝါတော် ၁၃ ဝါဆိုတာနဲ့ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင်ခြေ သတိပဋ္ဌာန်ကျောင်းတိုက်ဝန်းထဲက သီရိရတနာ ရန်အောင်မြေကျောင်းမှာ သီတင်းသုံးတဲ့ ဦးစန္ဒောဘာသ ခေါ် ဦးစိုးမိုး သက်တော် ၄၉ ဝါတော် ၁၈ ဝါ ဆိုတာမျိုး သိရပါတယ်။

သူတို့ဟာ ၁၀ ဝါအထက်ရှိနေပြီဆိုတော့ သံဃဝိနည်းတွေလည်း အတော်အသင့်တော့ နားလည်ပြီးသူတွေဖြစ်မယ်လို့ ယူဆရပါတယ်။ ဒီနေရာမှာ စဉ်းစားဖြစ်တာက သူတို့ဘာ့ကြောင့် သင်္ကန်းကိုခြုံ ပြီးမှောင်ခိုကြသလဲ ဝိနည်းအရလည်း အပြစ်ကြီးသလို လူ့ဘောင်ဥပဒေအရလည်း ကြီးလေးတဲ့ ပြစ်ဒဏ်တွေခံရမှာသိလျှက်နဲ့ ဘာကြောင့် လုပ်ကြသလဲဆိုတာပါ။

ဒီသတင်းနဲ့ တဆက်စပ်တည်းဆိုသလို ထွက်ပေါ်လာတာက မန္တလေးတိုင်းအတွင်းမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာ လောင်းကစားလုပ်နေတဲ့ နှစ်လုံးသုံးလုံနဲ့ မှောင်ခိုလုပ်နေတာတွေကို ဖမ်းမယ်ဆိုပြီး ရဲတပ်ဖွဲ့က ပြောတဲ့သတင်းတပုဒ်လည်း တွေ့ရပါတယ်။ ဒီနေရာမှာတော့ လောင်းကစားမှုတွေမှာ ဘုရားရိပ်တရားရိပ်ခိုပြီး မကောင်းမှုလုပ်တဲ့ လူတချို့လည်းရှိသလို တချို့သင်္ကန်းဝတ်တွေလုပ်တာလည်း ကြားနေရလို့သာ ရဲတပ်ဖွဲ့ဘက်က ဒီအသံထွက်လာတာ ဖြစ်နိုင်ပါတယ်။

သင်္ကန်းလည်းဝတ်ထားသလို သိမ်ဝင်ပြီး ရဟန်ဘောင်တက်ထားပါလျှက် ဒီလိုတွေလုပ်လာတဲ့ သတင်းတွေကြားလာရတာဟာ အတော်စိတ်မကောင်းစရာပါ။ မြန်မာနိုင်ငံဟာ ထေရဝါဒ ဗုဒ္ဓသာသနာထွန်းကားပြီး သာသနာ့ဝန်ထမ်းတွေကို လိုလေသေးမရှိအောင် ခေတ်အဆက်ဆက်က ချီးမြှောက်ထားခဲ့ကြတာပါ။ ခုလိုသင်္ကန်းအရေခြုံပြီး သမ္မာအာဇီဝမဟုတ်တဲ့ စီးပွားရေးလုပ်လာတာ ဥပဒေကို ချိုးဖေါက်လာတာတွေဟာ သာသနာအတွက် အတော်ရင်လေးစရာကောင်းတဲ့ အနေအထားဖြစ်ပါတယ်။

အောက်တိုဘာ ၁၉ ရက်ကလည်း မလှိုင်မြို့နယ် ခုနှစ်ချက်ရွာဦးကျောင်းက ဦးက္ကန္ဒာစာရ ဝါတော် ၁၉ ဝါ သက်တော် ၃၉နှစ်ဟာ ကားကို ကိုယ်တိုင်မောင်းပြီး လူ ၃ယောက်ကို တိုက်တြဲ့ဖစ်စဉ်ဖြစ်ခဲ့ပါသေးတယ်။ ဒီဖြစ်စဉ်မှာ သင်္ကန်းဝတ်ထားတဲ့သူဟာ အရက်မူးနေတယ်ဆိုတဲ့ ရဲစစ်ချက်ကိုဖတ်ရတော့ ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ အတော်ကို စိတ်မသက်မသာဖြစ်ရပါတယ်။

နောက်တခုက အောက်တိုဘာ ၁၈ ရက်နေ့က မော်လိုက်မြို့က တပ်ဦးကျောင်းမှာ သက်တော် ၄၈ ဝါတော် ၁၃ဝါ ရှိတဲ့ ဦးနန္ဒိမာက မြို့နယ်ဒုသာသနာရေးဦးစီးမှူးကို ဓါးနဲ့ခုတ်လို့ ဖမ်းခံရပါသတဲ့။ ဒီလိုမျိုးအပြင် ဒီလပိုင်းတွေမှာ ကြားရတဲ့ သက်ငယ်မုဒိမ်းတို့ ကာမလိမ်လည်မှုတို့မှာလည်း သင်္ကန်းဝတ်တွေ ပါနေတာကို မြင်ရကြားရဖြစ်လာပါတယ်။ ဒါတွေဟာ တိုးတက်လာတဲ့ အင်တာနက်ခေတ်မှာ ဆက်သွယ်ရေးကောင်းလို့ ပိုကြားရတာလားဆိုတာတော့ စစ်တမ်းမရှိလို့ အတိအကျမသိရသေးပါဘူး။

ဘာလိုပဲဖြစ်ဖြစ် သာသနာကို အထောက်အပံ့ပေးနေတဲ့ ဗုဒ္ဓဘာသာဝင် မြန်မာပြည်သူပြည်သားတွေက သံဃာတွေရဲ့ လိုအပ်ချက်တွေကို လစ်ဟာမှုမရှိအောင် ထောက်ပံ့ပေးနေပါလျှက် ကိုယ့်ဘာသာဝင်တွေကို ရှေ့ဆောင်လမ်းပြ ဆုံးမပဲ့ပြင်ရမယ့်သူတွေက ဒီလိုအပြစ်တွေကျူးလွန်တာဟာ လုံးဝမဖြစ်သင့်တဲ့ ကိစ္စပါ။ သံဃာ ၃သိန်းဝန်းကျင်ရှိတဲ့ မြန်မာနိုင်ငံမှာ လက်နှစ်ဖက် မပြည့်တဲ့ သင်္ကန်းဝတ် အတုအယောင်တွေကြောင့် သာသနာကို ထိခိုက်မယ် မထင်ဘူးလို့ ဆိုချင်သူရှိရင်လည်းဆိုနိုင်ပါတယ်။

သို့ပေမယ့် တခြားဘာသာဝင်တွေ အထင်သေး အမြင်သေးမဖြစ်အောင် ဆွမ်းဆန်ထဲမှာရောနေတဲ့ ကြွက်ချေးတွေကိုတော့ ရှင်းထုတ်ဖို့တာဝန်ဟာ သာသနာ့ဝန်ထမ်းနေတဲ့ သံဃာတော်တွေ၊ အစိုးရတာဝန်ရှိသူတွေနဲ့ ကျနော်တို့  ဗုဒ္ဓဘာသာဝင်တိုင်းမှာ ရှိပါတယ်။ ဒါ့ကြောင့် ဗုဒ္ဓသာသနာ နေလိုလလို ဆက်လက်ထွန်းလင်းနိုင်ဖို့ သာသနာကို ညိုးနွမ်းအောင် လုပ်နေသူမှန်သမျှကို ရှင်းလင်းဖို့ အချိန်တန်ပြီဖြစ်ကြောင်း ဗုဒ္ဓဘာသာဝင် သူတော်ကောင်းအပေါင်းကို တင်ပြလိုက်ရပါတယ်။

အယ်ဒီတာ

 

Related posts

Leave a Comment

VOM News

FREE
VIEW