ဖားကန့်မှာ ကျောက်မိုင်းခွဲရာက ကုမ္မဏီ ဝန်ထမ်းတဦးသေဆုံး

 ဖားကန့် အောက်တိုဘာ -၂၅ – ၂၀၁၈

ဇော်မိုးထက်

 

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ငိုးပင်းမှော်မှာ နိုင်ငံတော်နဲ့အကျိုးတူလုပ်နေတဲ့ ရတနာလင်း ကုမ္မဏီရဲ့ လုပ်ကွက် အမှတ် ( ငိုးပင်း-၁၀) မှာ အားပြင်းကျောက်မိုင်းခွဲတုန်း ဝန်ထမ်းတဦး မောက်တုံး ပိမိကာ သေဆုံးသွားခဲ့ပါတယ်။

ဒီလုပ်ကွက်ကိုတော့ လက်ရှိမှာ နေမင်းကမ္ဘာကုမ္ပဏီက လုပ်ကိုင်နေတာလို့သိရပါတယ်။ သေဆုံးသူဟာ နေမင်းကမ္ဘာကုမ္ပဏီရဲ့ လုပ်ကွက်ကြီးကြပ်ဖြစ်သူ ဦးသိန်းဌေး(ခ) ဦးသိန်းဟန်အသက် (၃၉) နှစ် မြစ်သားမြို့ဇာတိဖြစ်တယ်လို့ ကုမ္ပဏီဝန်ထမ်းတဦးက ခုလိုပြောပါတယ်။

“ဖြစ်စဉ်အမှန်က လုပ်ကွက်တိုင်းနေတာပါ။ ကမ်းပါးမှာဆေးမှုတ်ဖို့အလုပ်မှာအပေါ်ကနေမိုင်းခွဲချလိုက်တာပါ ။ ခရာလည်းမတုပ် စက်နဲ့လည်းမပေါက်ဘဲဒီတိုင်းခွဲချလိုက်တာပါ ။ တိုင်းတာရေးကနှစ်ယောက်က အပြေးမြန်လို့လွှတ်သွားတာပါ ။ သူကလုပ်ကွက်စောင့်တဲ့ကြီးကြပ်ပါ မိုင်းခွဲတယ်ဆိုတာအားလုံးကိုအကြောင်းကြားပြီးမှခွဲကြရတာပါ အခုတော့ပေါ့ဆမှုကြောင့်လူ့အသက်တချောင်းမသေသင့်ပဲသေသွားပြီ ” လို့ အမည်မဖော်လိုတဲ့ မျက်မြင်တွေ့ရှိသူ ကုမ္မဏီဝန်ထမ်းတဦးက ပြောပါတယ် ။

ဦးသိန်းဟန်ဟာ အခင်းဖြစ်နေရာမှာ သေဆုံးတာမဟုတ်ပဲ လုံးခင်းဆေးရုံကိုပို့ပြီး ဆေးကုသမှုခံရင်း နာရီပိုင်းအတွင်းမှာသေဆုံးခဲ့တာဖြစ်ပါတယ်။ ဦးသိန်းဟန် သေဆုံးသွားမှုနဲ့ ပတ်သက်ပြီး ကျန်ရစ်သူမိသားစုတွေကို ကျေနပ်သည်အထိ ဆောင်ရွက်ပေးခဲ့တယ်လို့ နေမင်းကမ္ဘာကုမ္မဏီ တာဝန်ရှိသူ တဦးက ပြောပါတယ် ။

“ ကျနော်တို့ ကျန်ရစ်တဲ့ မိသားစုကို ကျေနပ်တဲ့အထိ ဆောင်ရွက်ပေးခဲ့ပါတယ် ။ ကရုဏာကြေး သိန်းသုံးရာ ပေးခဲ့တဲ့ အပြင် သူ့ရဲ့ ညီလေးညီမလေးတွေ ကျောင်းစရိတ်ဆိုပြီးတော့ လည်း ကူညီပေးခဲ့ပါတယ် ။အားလုံ သိန်း လေးရာလောက် ပေါ့ “ဟု ကုမ္မဏီ တာဝန်ရှိသူက ပြောခဲ့ပါတယ် ။

ဒီကိစ္စ လုံးခင်းရဲစခန်းက ဥပဒေအတိုင်းဆောင်ရွက်နေတယ်လို့ပြောပါတယ်။ ဒီလို ဖြစ်စဉ်တွေဟာ ဖားကန့်မှာ ခဏခဏဖြစ်တတ်ပြီး ပေါ့လျော့မှုတွေကို သက်ဆိုင်ရာက ထိထိရောက်ရောက် အရေးယူတာမရှိတဲ့အပေါ် ကုမ္ပဏီလုပ်သားတွေက စိုးရိမ်နေကြပါတယ်။

ဒီလိုအားပြင်းမိုင်းခွဲတာတွေကြောင့် အနီးအနားက သာသနိက အဆာက်အဦးတွေနဲ့ လူနေအိမ်တွေပါ တုန်ခါမှုကြောင့် ပျက်စီးမှုအများအပြား ရှိနေတယ်လို့လည်း ဒေသခံ ရွာသားတွေက ပြောဆိုနေကြပါတယ် ။

ဓာတ်ပုံ – လုံးခင်းရဲစခန်း

Related posts

Leave a Comment

VOM News

FREE
VIEW