ပုဂံအလုပ်သမား သပိတ် ၁၆ ရက်တိုင်သော်လည်း ပြေလည်မှု မရသေး

ညောင်ဦး၊ အောက်တိုဘာ ၂၇၊ ၂၀၁၈

အောင်မြင့် (ပခုက္ကူ)

 

ညောင်ဦးမြို့ သရပါဟိုတယ်ကနေ မတရားအလုပ်ထုတ်ခံရတယ်ဆိုကာ အလုပ်ရပ်နားခံလိုက်ရတဲ့ ဝန်ထမ်းတွေကို အလုပ်ပြန်လည်ခန့်ထားရေးအတွက် သပိတ်စခန်းဖွင့် ဆန္ဒပြ တောင်းဆိုနေတာ ဒီနေ့ဆိုရင် ၁၆ ရက်ရှိနေပါပြီ။

ဆန္ဒပြ အလုပ်သမားတွေဟာ ဒီနေ့မှာတော့ သပိတ်စခန်းအပြင် ပုဂံမြို့ပေါ် နေရာ ၅ နေရာခွဲပြီး ထပ်မံဆန္ဒပြတာတွေ လုပ်ခဲ့ပါတယ်။

“ကျနော်တို့က သပိတ် ၁၆ ရက်မြောက်ဆိုတော့ ကြာနေပြီ၊ ကြာနေတော့ လုပ်ငန်းရှင်က ကျနော်တို့ တောင်းဆိုမှုအပေါ်မလိုက်လျှောတဲ့ အတွက်၊ ဒီနေ့ ပုဂံညောင်ဦးမြို့မှာ နေရာ ၅ နေရာခွဲပြီး ငြိမ်းချမ်းစွာနဲ့ ဆန္ဒဖော်ထုတ်တာ။ ဒီ ကိုးယောက်ကို အလုပ်ပြန်မခန့် မချင်း ကျနော်တို့ ဒါမျိုးတွေ လုပ်သွားမှာပါ” လို့ ဆန္ဒပြအလုပ်သမားခေါင်းဆောင် ကိုနေမျိုးဝင်းက ပြောပါတယ်။

အလုပ်သမားတွေရဲ့ တောင်းဆိုမှုကို အလုပ်ရှင်ဘက်က မလိုက်လျှောခဲ့ရင် ရန်ကုန်နဲ့ မန္တလေး မြို့တွေမှာလဲ ဆန္ဒဖော်ထုတ်ပွဲတွေ ပြုလုပ်မယ်လို့ပြောပါတယ်။ ဒါအပြင် ဒီလုပ်ငန်းရှင်တွေရဲ့ ဆက်စပ်စီးပွားရေး လုပ်ငန်းတွေရဲ့ ရုံးအသီးသီးရှေ့မှာလည်း သွားရောက် သပိတ်မှောက်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

အလုပ်ရှင်ဘက်ကတော့ အလုပ်သမားတွေကို အလုပ်ကရပ်နားစဉ်က ဥပဒေနဲ့ အညီဆောင်ရွက်ခဲ့သလို  ခရီးသွားကျဆင်းနေတာကြောင့် အလုပ်သမားတွေ အလုပ်ကနေ ရပ်နားလိုက်တဲ့ အလုပ်သမားအားလုံးကို လတ်တလောမှာ အလုပ်ပြန်မပေးနိုင်သေးဘူးလို့ ပြောပါတယ်။

အလုပ်ကနေရပ်နားခံထားရတဲ့ အလုပ်သမားတွေထဲက သုံးဦးကိုပြန်ခန့်ပေးခဲ့ပြီး ကျန်လေးငါးဦးလောက်ကို တခြားဟော်တယ်မှာ အလုပ်ရှာပေးနိုင်တယ်လို့ အလုပ်ရှင်ဖက်က ပြောပါတယ်။ ခရီးသွားလုပ်ငန်း ပြန်ကောင်းလာရင်တော့ အားလုံးကို ပြန်ခန့်ပေးနိုင်မယ်လို့လဲဆိုပါတယ်။

ဒီအတောအတွင်း အလုပ်သမား အလုပ်ရှင် တွေ့ဆုံညှိုနှိုင်းဖြန်ဖြေရေးအဖွဲ့ တွေအပါအဝင်တွေ့ဆုံ ညှိနှိုင်းမှု ၈ ကြိမ်ရှိခဲ့ပေမယ့် ပြေလည်မှုမရသေးဘူးလို့ သရပါဟော်တယ် တာဝန်ခံ ဦးမြင့်မြတ်ထူးသူက ပြောပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW