တိုက်ပွဲတွေ ပြင်းထန်လာလို့ စစ်ဘေးရှောင် ၁၄၀၀ ကျော် လားရှိုးမြို့ပေါ်ရောက်

လားရှိုး အောက်တိုဘာ ၃၁၊ ၂၀၁၈

လားရှိုးမြို့နယ်နဲ့ နမ္မတူမြို့နယ်အတွင်းမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေ ပြင်းထန်လာနေတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေ ထောင်ချီပြီး လားရှိုးမြို့ပေါ်ကို ရောက်လာနေပါတယ်။

လားရှိုးမြို့နဲ့ ၁၃ မိုင်အကွာက အီနိုင်းကျေးရွာအုပ်စုအနီးတဝိုက်မှာ ဖြစ်နေတဲ့ RCSS/SSA နဲ့ SSPP/SSA တို့ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ ရွာနီးချုပ်စပ်က ဘုန်းတော်ကြီးကျောင်းနဲ့ ခရစ်ယာန် ဘုရားကျောင်းတွေမှာ ခိုလှုံနေကြရာကနေ လားရှိုးမြို့ပေါ်ကို ပြောင်းရွှေ့လာကြတာပါ။

ဒါ့အပြင် လားရှိုး-နမ္မတူ သွားရာလမ်းအနီးတဝိုက်က ဒေသတွင်းမှာ ဖြစ်နေတဲ့ RCSS/SSA၊ SSPP/SSA နဲ့TNLA တို့အကြား တိုက်ပွဲတွေဟာလည်း မပြီးသေးတာကြောင့် အဲ့ဒီဒေသက စစ်ဘေးရှောင်ပြည်သူတွေပါ လားရှိုးမြို့ပေါ်ကို ရောက်လာကြပါတယ်။

လားရှိုးမြို့ပေါ်က မန်ဆူဘုန်းတော်ကြီးကျောင်း၊ ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းနဲ့ ရိုမန်ကက်သလစ်ဘုရားကျောင်းတွေမှာ လာရောက်ခိုလှုံ နေသူ စုစုပေါင်း ၁၄၀၀ ကျော်ရှိနေပြီလို့ စစ်ဘေးရှောင်တွေကို ကူညီနေသူတွေက ပြောပါတယ်။

စစ်ဘေးရှောင်တွေအတွက် နေရေးစားရေးအတွက် ကူညီပေးလှူသူတွေ ရှိနေတာကြောင့် လတ်တလောလိုအပ်ချက်တွေ မရှိသေးပေမယ့် တိုက်ပွဲတွေ ရက်ရှည်ကြာလို့ နေရပ်ကို မပြန်နိုင်ဖြစ်နေရင် ကျောင်းနေအရွယ် ကလေးငယ်တွေရဲ့ ပညာရေးအတွက် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေ စဖြစ်ကတည်းက တိုက်ပွဲဖြစ်ရာဒေသတွေက ကျောင်းတွေဟာ ပိတ်ထားရတာကြောင့် ကလေးတွေကျောင်းမတက်ကြရသလို အခုလို လားရှိုးမြို့ပေါ်ကို ပြေးလာရပြီး ဘယ်အချိန်ကျမှ အိမ်ပြန်ရမယ်ဆိုတာ မသိရသေးလို့ ကလေးတွေ ပညာရေးအတွက် စိတ်ပူတယ်လို့လည်း ကလေးမိဘတွေက ဆိုပါတယ်။

 

#VoiceOfMynmar #FightingInNorthernShanState #ရှမ်းမြောက်တိုက်ပွဲ #စစ်ဘေးရှောင်ပြည်သူများ

Related posts

Leave a Comment

VOM News

FREE
VIEW