တနှစ်ကြာပျောက်ဆုံးနေတဲ့ အာဂျင်တီးနားရေငုပ်သင်္ဘော ပြန်တွေ့ပြီ

ဗျူနိုအေရီစ်၊ နိုဝင်ဘာ-၁၇
မျိုးဆက် (VOM)

သင်္ဘောအမှုထမ်း ၄၄ ဦးနဲ့အတူ လွန်ခဲ့တဲ့ တစ်နှစ်က ပျောက်ဆုံးသွားတဲ့ ရေငုပ်သင်္ဘောကို အာဂျင်တီးနားရေတပ်က ပြန်လည်တွေ့ရှိသွားပြီဖြစ်ပါတယ်။

ARA San Juan လို့အမည်ရတဲ့ အဆိုပါသင်္ဘောကို နိုဝင်ဘာ ၁၆ ရက်က အတ္တလန္တိတ်သမုဒ္ဒရာ ကြမ်းပြင်အောက် ပေပေါင်း ၂၆၂၀ အနက်မှာရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ရေငုပ်သင်္ဘောဟာ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၅ ရက်မှာ အာဂျင်တီးနား ကမ်းရိုးတန်းကနေ မိုင် ၂၇၀ အကွာမှာ ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။

ရေငုပ်သင်္ဘောပျောက်ဆုံးသွားတဲ့ နေရာအတိအကျကို စုံစမ်းစစ်ဆေးရှာဖွေနိုင်ခြင်းမရှိတော့လို့ ပျောက်ဆုံးပြီး နှစ်ပတ်အကြာမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ပါတယ်။

ပျောက်ဆုံးနေတဲ့ ရေငုပ်သင်္ဘောကို အမေရိကန် ရှာဖွေရေးကုမ္ပဏီတစ်ခုကနေ တည်နေရာကိုရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ရီမုနဲ့ထိန်းချုပ်တဲ့ ရေငုပ်သင်္ဘောအသေးစား သွားရောက်စေပြီး တစ်နှစ်ကျော်ပျောက်ဆုံးနေတဲ့ ARA San Juan ဆိုတာအတည်ပြုနိုင်ခဲ့ပါတယ်။

အဆိုပါ သင်္ဘောဟာ တာဝန်တစ်ခုကနေ အပြန်မှာ သင်္ဘောရဲ့ လျှပ်စစ်ဓါတ်အားပေးတဲ့အပိုင်းမှာ ပြဿနာအချို့ရှိနေတယ်လို့ သင်္ဘောအမှုထမ်းတွေက တင်ပြခဲ့ကြပြီး နောက်ထပ်တာဝန်တစ်ခုအတွက် ခုတ်မောင်းခဲ့ချိန်မှာ ပျောက်ဆုံးသွားတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ သင်္ဘောရဲ့တည်နေရာကို ရှာဖွေတွေ့ရှိခဲ့ပေမယ့် သင်္ဘောသားတွေရဲ့ ရုပ်အလောင်းတွေ ပြန်တွေ့မတွေ့ကိုတော့ မပြောနိုင်သေးဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

Ref: Newsweek
Photo : DW
#voiceofmyanmar #အာဂျင်တီးနားရေငုပ်သင်္ဘော

Related posts

VOM News

FREE
VIEW