မြန်မာယန်စီကုမ္ပဏီကို သတ္တုရှာဖွေဖို့သာ ခွင့်ပြုထားတယ်လို့ တိုင်းအစိုးရတာဝန်ရှိသူပြော

မုံရွာ ၊ ဒီဇင်ဘာ ၁-၂၀၁၈

ဗျဂ္ဃ (VOM)

တရုတ်သတ္တုတူးဖော်ရေးကုမ္ပဏီဖြစ်တဲ့ ယန်စီကုမ္ပဏီက စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းမှာ နောက်ထပ် သတ္တုတူးဖော်နိုင်ဖို့  ဖြစ်မြောက်နိုင်စွမ်း လေ့လာရေးအတွက် ဧက ၁သိန်းကျော်ကို တိုးချဲ့လျှောက်ထားတာဖြစ်ပါတယ်။ လျှောက်ထားတဲ့ဧရိယာအတွင်းမှာ ဆားလင်းကြီးမြို့နယ်၊ ယင်းမာပင်မြို့နယ်နှင့် ကနီမြို့နယ်တို့ပါဝင်ပြီး ၁၁၃၉၇၃.၁ဧက ရှိတယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး သတ္တုရှာဖွေစမ်းသပ်ခွင့်ကို ပတ်ဝန်းကျင်မထိခိုက်နိုင်တာကြောင့် အစိုးရအနေနဲ့ ခွင့်ပြုပေးထားတယ်လို့ သိရပါတယ်။

“စူးစမ်းလေ့လာမှုသက်သက်ကတော့ ပတ်ဝန်းကျင်မထိခိုက်နိုင်ဘူးလေ။ သူတို့ပြောတဲ့အတိုင်း စူးစမ်းလေ့လာမှုသက်သက်ပဲ အစိုးရကလည်း ခံယူထားတယ်။ စူးစမ်းလေ့လာခွင့် ပေးလိုက်တယ်လို့လည်း မဟုတ်သေးဘူး။ အဲဒါတော့ ရှင်းရှင်းလေးပေါ့။”လို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဦးကမ်ဇာမုံက ပြောပါတယ်။

လျှောက်ထားတဲ့ ဧရိယာက လိုတာထက်ပိုတယ်လို့လည်း သုံးသပ်တာတွေရှိပါတယ်။ ဧရိယာအတွင်းမှာ ကျေးရွာပေါင်း ၃၀ ထက်မနည်းပါဝင်နေပြီး လယ်ယာစိုက်ပျိုးမြေတွေလည်း ဧကပေါင်း များစွာပါဝင်နေပါတယ်။ လျှောက်ထားတဲ့ ဧရိယာအတွင်းမှာ ကနီမြို့နယ်က မီးတောင်ဟောင်းတွေဖြစ်တဲ့ တွင်းမ၊ တောင်ပျောက်တွင်းတွေကိုတော့ ဖယ်ထားပြီး လည်ရှည်တွင်းကိုတော့ ဧရိယာအတွင်းထည့်ထားပါတယ်။ ဒီအပေါ်မှာလည်း စိတ်ဝင်စားမှုတွေ ရှိနေပါတယ်။ မီးတောင်ဟောင်းတွေက ရွှေ၊ ကြေးအပြင် သတ္တုမျိုးစုံရှိနိုင်ပြီး သတ္တုကုမ္ပဏီတွေ မျက်စိကျနိုင်တယ်လို့လည်း ပညာရှင်အချို့က သုံးသပ်ပြောဆိုထားပါတယ်။

လွန်ခဲ့တဲ့ နိုဝင်ဘာလ၂၉ ရက်နေ့ကလည်း သတ္တုစူးစမ်းရှာဖွေနိုင်ဖို့ ကနီမြို့နယ် စီမံခန့်ခွဲမှုကော်မတီနှင့် ကုမ္ပဏီက တာဝန်ရှိသူတွေ တွေ့ဆုံခဲ့ပြီး အလျင်အမြန်စူးစမ်းနိုင်ရေး ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

“သူတို့ပြောတာတော့ နောက်တပတ်မှာ မြေပြင်ကွင်းဆင်းတာတွေလုပ်မယ်ပေါ့။ စူးစမ်းရှာဖွေရေးအတွက် အမေရိကန်ဒေါ်လာ ၆ သန်းကနေ ၁၀ သန်းထိ ရင်းနှီးမြုပ်နှံမယ်။ ဒေသတွင်းက ၉၀ ရာခိုင်နှုန်းကိုလည်းအလုပ်အကိုင်ပေးမယ်။ သာသနာ့အဆောက်အဦး၊ သစ်တော၊ ကျေးရွာတွေကို ရှောင်မယ်ပြောတယ်။ စောင့်ကြည့်ရမှာပါ။ ဒေသခံတွေသဘောထားကတော့ အရေးကြီးပါတယ်။ အရင်ပြဿနာတွေတောင် မရှင်းနိုင်သေးဘူး။”လို့ ကနီမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောပါတယ်။

အခုလျှောက်ထားတဲ့ ဧရိယာက အရင်လုပ်နေတဲ့ ကြေးနီစီမံကိန်းထက် အဆပေါင်းများစွာ ပိုပြီးကျယ်ဝန်းတယ်လို့ သိရပါတယ်။ မြေပုံအရ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဘေးတိုက်အနေအထားနဲ့ ချင်းတွင်းမြစ်ကို အမှီပြုပြီး လျှောက်ထားတာလည်းဖြစ်ပါတယ်။ စမ်းသပ်မှုတွေနဲ့ပတ်သက်ပြီး ကြေးနီနှင့် ဆက်စပ်သတ္တုလို့သာ ဖော်ပြထားပြီး ဘယ်လောက်ကြာမယ်ဆိုတာတော့ မသိရသေးဘူးလို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW