ဘင်္ဂလားဒေ့ရှ်ကဆန်အ၀ယ်လျှော့ချလိုက်တဲ့အတွက် နိုဝင်ဘာလအတွင်း တန်ချိန် ငါးသောင်းကျော်သာ တင်ပို့ခဲ့ရ

မောင်တော၊ ဒီဇင်ဘာ ၄-၂၀၁၈

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်အတွင်းကထွက်ရှိတဲ့ ဆန်နဲ့တခြားစားသုံးကုန်တွေကို မောင်တောနယ်ဒေသ ကုန်သွယ်ရေးဇုန်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အဓိကတင်ပို့ရောင်းချနေတာဖြစ်ပါတယ်။

ယခင်လတွေက ရခိုင်ပြည်နယ်ဘက်ကဆန်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ဆန်တန်ချိန်ပမာဏ အများအပြားတင်ပို့ ရောင်းချခဲ့ရပေမယ့် ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းမှာတော့ တစ်ဖက်နိုင်ငံက ၀ယ်ယူမှုလျှော့ချလိုက်တာကြောင့် တန်ချိန် ငါးသောင်းကျော်သာ တင်ပို့နိုင်ခဲ့ကြောင်း မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းက ပြောပါတယ်။

“ ဆန်ကိုတော့ အရင်လတွေက တော်တော်များများတင်ပို့ခဲ့ရတာပေါ့နော်။ ပြီးခဲ့တဲ့လကတော့ နည်းနည်းကျဆင်းသွား တယ်၊ ပို့တော့ပို့နေရတာပါပဲ၊ လုံးဝပ်ရပ်ဆိုင်းသွားတာတော့မဟုတ်ဘူး ဟိုဘက်က၀ယ်ယူတာတွေလျှော့ချလိုက်တာ ကြောင့် နည်းသွားတာပါ ”လို့ မောင်တောနယ်စပ်ကုန်သွယ်ရေးအသင်း ဒုဥက္ကဌ ဦးအောင်စံသိန်းက ပြောပါတယ်။

ထို့အပြင် ဘင်္ဂလားဒေ့ရှ်ဘက်က ဆန်ဝယ်ယူမှုကိုလျှော့ချခဲ့ပေမယ့် တခြားကုန်စည်တွေကို ယခင်လတွေကထက် ပိုမိုတင်ပို့ခဲ့ရတာကြောင့် နိုဝင်ဘာလအတွင်းမှာ ပို့ကုန်ကရရှိတဲ့ဝင်ငွေပမာဏဟာ အမေရိကန်ဒေါ်လာ ၆ သိန်းကျော်နဲ့ သွင်းကုန်ကရရှိတဲ့ ၀င်ငွေ ဒေါ်လာ ရှစ်ထောင်ကျော်ရှိခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ နိုဝင်ဘာလအတွင်းမှာ ပို့ကုန်ကနေ ရရှိတာကတော့ အမေရိကန်ဒေါ်လာ ၆၄၁၀၀၀ ဖိုးတင်ပို့ခဲ့ရတယ်။ သွင်းကုန်ကတော့ ၈၆၀၀ ဖိုးရရှိခဲ့ပါတယ်။ အရင်လကထက် ဒေါ်လာ တစ်သောင်းကျော်ဖိုးလောက် ပိုပြီးတင်ပို့ခဲ့ရတာဖြစ်ပါတယ်။”လို့ ဦးအောင်စံသိန်းက ပြောပါတယ်။

ပြီးခဲ့တဲ့၂၀၁၇ခုနှစ်က ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ထွက်ပြေးသွားသူတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေက ရိက္ခာထောက်ပံ့မှုများပြုလုပ်နေတဲ့အတွက် ဆန်ပိုလျှံမှုတွေဖြစ်နေတာကြောင့် ရခိုင်ပြည်နယ်ကဆန်ဝယ်ယူမှုတွေကို လျှော့ချလိုက်တာဖြစ်တယ်လို့ ရခိုင်ဆန်စပါးအသင်းက ပြောပါတယ်။

 

#voiceofmyanmar#ရခိုင်ပြည်နယ်# ဘင်္ဂလားဒေ့ရှ်က ဆန်အဝယ်လျှော့ချ#

 

Related posts

Leave a Comment

VOM News

FREE
VIEW