တိုင်းရင်းဆေးတက္ကသိုလ်မတက်ပဲ ဆေးကုသခွင့်လိုင်စင် ရရှိမယ့် ဥပဒေကြမ်း အတည်ပြုမှု တိုင်းရင်ဆေးလောကမှ ကန့်ကွက်

မန္တလေး၊ ဒီဇင်ဘာ ၇-၂၀၁၈

လင်းလင်း(VOM)

တိုင်းရင်းဆေးတက္ကသိုလ်တက်ရောက်ရန်မလိုဘဲ တိုင်းရင်းဆေးကုသခွင့်လိုင်စင် ရရှိနိုင်တဲ့ ပုဒ်မ ၁၅(စ)နှင့်၃၁(ဂ)ကို မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ ဥပဒေကြမ်းမှာ  ထည့်သွင်းပေးဖို့ ပြည်ထောင်စုလွှတ်တော်ကနေ မဲခွဲဆုံးဖြတ် အတည်ပြုလိုက်တာနှင့် ပတ်သက်ပြီး တိုင်းရင်းဆေးနဲ့ ပတ်သက်တဲ့အလွှာစုံကတိုင်းရင်းဆေးဆရာတွေဟာ ကန့်ကွက်တဲ့ စတစ်ကာကမ်ပိန်းကို တိုင်းရင်းဆေး တက္ကသိုလ်(မန္တလေး)မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။

အခုလို အတည်ပြုလိုက်တဲ့ ပုဒ်မ၂ခု ကြောင့် တိုင်းရင်းဆေးတက္ကသိုလ်မှာ အချိန်ပေးတက်ရောက် ပညာသင်ယူနေတဲ့ ကျောင်းသားကျောင်းသူတွေအတွက် မျှတမှုမရှိခြင်း၊ တိုင်းရင်းဆေးပညာကို စနစ်တကျ သင်ယူခြင်းမရှိတဲ့ လိုင်စင်ရသူတွေထံမှာ ကုသမှုခံယူတဲ့ ပြည်သူတွေ အနေနဲ့ ထိခိုက်မှုရှိလာနိုင်တာတွေကြောင့် အခုလို ကန့်ကွက်မှုတွေ ပြုလုပ်ရတာဖြစ်တယ်လို့ သိရပါတယ်။

“ဒီပုဒ်မကို ခုလို အတည်ပြုလိုက်တဲ့အတွက်ကို ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော တိုင်းရင်းဆေးတက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ ကလေးတွေအတွက် အများကြီးနစ်နာမှုရှိတယ်” လို့ တိုင်းရင်းဆေးသမားတော် တစ်ဦးဖြစ်တဲ့ ဦးဟန်ဝင်းအောင်က ပြောပါတယ်။

ဒီဇင်ဘာလ ၆ရက်နေ့ကကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ယင်းပုဒ်မ ၂ခုကိုပြဌာန်းဖို့ မဲခွဲ ဆုံးဖြတ်ရာမှာ ထည့်သွင်းပြဌာန်းဖို့ ထောက်ခံဆန္ဒမဲ ၄၃၃ မဲ နှင့် ကန့်ကွက်မဲ ၉၄ မဲ၊ ကြားနေမဲ ၇ မဲ ရှိခဲ့ပြီး ထည့်သွင်းပြဌာန်းဖို့ အနိုင်ရရှိခဲ့တဲ့ အတွက် အတည်ပြုပြဌာန်းလာမယ့် ကိစ္စကို တိုင်းရင်ဆေးလောကက ပုဂ္ဂိုလ်တွေက ကန့်ကွက်တာ ဖြစ်ပါတယ်။

” ကျွန်တော်တို့ တိုင်းရင်းဆေးသိပ္ပံ၊ တိုင်းရင်းဆေးတက္ကသိုလ်မှာ သင်ပေးတာဆိုရင်ဆေးပညာကျင့်ဝတ်ပေါ့၊ Medical Ethic ပေါ့ နောက် နဝရတ် ကတိသစ္စာ၊လိုက်နာရမယ့်ကျင့်ဝတ်တွေ ရှိတယ်၊အဲ့ဒီတော့ ဆေးပညာရှင်တစ်ယောက်ရဲ့ လိုက်နာရမယ့် ကျင့်ထုံး နည်းစနစ်တွေ မသိရှိပဲနဲ့ သာမန်တိုင်းရင်းဆေးဆရာ တစ်ဦးဦးမှာ တပည့်ခံဘူးတဲ့သူ၊သူတို့ရဲ့ သားသမီးတွေရဲ့ ဆေးထုတ်တဲ့လုပ်ငန်းတွေ၊ဒါမှမဟုတ်ရင် ဆေးကုတဲ့လုပ်ငန်းတွေမှာ အထောက်အကူဖြစ်စေဖို့ တိုင်းရင်းဆေးသိပ္ပံ၊တိုင်းရင်းဆေးတက္ကသိုလ်ကို လာတက်စရာမလိုပဲနဲ့ တ.ဆ ရနေမယ်ဆိုရင် ဒါကြီးကကျတော့ လုံးဝ မမျှတဘူးလေ”လို့ ဦးဟန်ဝင်းအောင်က ဆက်လက် ပြောပါတယ်။

တိုင်းရင်းဆေးကောင်စီ ဥပဒေကြမ်း ပုဒ်မ ၁၅(စ)အရ သာမာန်လူပုဂ္ဂိုလ်တစ်ဦးဟာ တက္ကသိုလ်ဝင်တန်း အမှတ် ၄၀၀ ရရှိဖို့ မလိုအပ်ပဲ၊ ပြင်ပတိုင်းရင်းဆေးခန်းတစ်ခုကနေ ပညာသင်ခြင်း (ဒါမှမဟုတ်) တိုင်းရင်းဆေးဆရာ တစ်ဦးထံကနေ ပညာသင်ယူခြင်း(ဒါမှမဟုတ်) အင်တာနက်ပေါ်ကနေ လေ့လာရုံနှင့် တိုင်းရင်းဆေးကုသခွင့် လိုင်စင်ကို တရားဝင်လျှောက်ထားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ အဆိုပါဥပဒေကြမ်းကို နိုင်ငံတော်သမ္မတက လက်မှတ်ထိုး အတည်မပြုရသေးတဲ့အတွက် အတည်ပြုမယ့်ကိစ္စကို ပြန်လည်စဉ်းစားပေးဖို့  တစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းဆေးလောကက ပုဂ္ဂိုလ်တွေက မန္တလေးတိုင်းရင်းဆေးတက္ကသိုလ်မှာ ဆန္ဒဖော်ထုတ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

#voiceofmyanmar#တိုင်းရင်းဆေးတက္ကသိုလ်#ဆေးကုသခွင့်လိုင်စင်#

ဓါတ်ပုံ -စည်သူမြင့်လွင်

Related posts

Leave a Comment

VOM News

FREE
VIEW