လဟယ်မြို့နယ် အတွင်းရှိ ကျေးရွာအချို့ ရွာလုံးကျွတ်ရွှေ့ပြောင်းရန် စီစဉ်

လဟယ် ဒီဇင်ဘာ ၁၀-၂၀၁၈

မိုင်ချယ်ရီ(VOM)

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ် အတွင်းမှာ ရှိနေတဲ့ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး သောက်သုံးရေ သွယ်တန်း အသုံးပြုနိုင်ဖို့ ခက်ခဲတဲ့ ကျေးရွာ တွေကို ရွာလုံးကျွတ် ပြောင်းရွှေ့နိုင်ဖို့ စီစဉ်မှုတွေ လုပ်ဆောင်နေတယ်လို့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အလုပ်အမှုဆောင်(စီမံ) ဦးလော်ယုံ က ပြောပါတယ်။

ဒီလို ပြောင်းရွှေ့ရာမှာ ပထမဆုံး ပြောင်းရွှေ့ဖို့ စီစဉ်ထားတဲ့ ကျေးရွာကတော့ လဟယ်မြို့နဲ့ ၁၀ မိုင်လောက် အကွာအဝေးမှာ ရှိတဲ့ စံတုံကျေးရွာ ဖြစ်ပြီး ဒီကျေးရွာကို လက်ရှိနေထိုင်တဲ့ တောင်ပေါ်ကနေ တောင်အောက် မှာ ရှိတဲ့ လဟယ်-နန်းယွန်း ကားလမ်း အနီး ကို ပြောင်းရွှေ့စေမှာ ဖြစ်ပါတယ်။

ဒီလို ပြောင်းရွှေ့ဖို့ စီစဉ်တဲ့ ကျေးရွာတွေဟာ ဆိုရင် လက်ရှိနေတာတွေက ကားလမ်းမပေါက်တာ၊သောက်သုံးရေ ရရှိဖို့ မလွယ်ကူတာတွေကြောင့် ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး လွယ်ကူစွာသွားလာနိုင်တဲ့ နေရာ ၊လှေကာထစ်လယ်ယာတွေ စိုက်ပျိုးနိုင်တဲ့ နေရာ နဲ့ သောက်သုံးရေ လွယ်ကူလုံလောက်စွာ အသုံးပြုနိုင်တဲ့ နေရာကို ရွေးချယ် ပြောင်းရွှေ့ စေတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

“အဝေးကြီးကို ရွှေ့တာတော့ မဟုတ်ဘူး၊ကားလမ်းနဲ့ နီးတဲ့နေရာ ချောင်းနဲ့ နီးတဲ့နေရာကို ရွှေ့တာပါ၊ တစ်ခြားနေရာ ဝေးဝေးကို ရွှေ့ဖို့ မရှိပါဘူး” လို့ ဦးလော်ယုံ က ပြောပါတယ်။

လဟယ်မြို့နယ် အတွင်းက ပြောင်းရွှေ့ဖို့ စီစဉ်ထားတဲ့ ကျေးရွာတွေဟာ ဒီနှစ် တောင်ယာစပါး များ ရိတ်သိမ်းပြီးချိန် အလုပ် အားလပ်ချိန်တွေမှာ စတင် ပြောင်းရွှေ့ကြတော့မှာ ဖြစ်ပြီး စံတုံကျေးရွာ အပါအ၀င် ကျေးရွာပေါင်း ၆ ရွာ ကို ရွာလုံး ကျွတ် ပြောင်းရွှေ့ဖို့ စီစဉ်ထားကာ ဒီရွာတွေဟာဆိုရင် လူဦးရေ အများဆုံး ၇၀၀ ခန့်ကနေ လူဦးရေ အနည်းဆုံး ၃၀၀ ခန့် လောက် နေထိုင်ကြတဲ့ ကျေးရွာတွေ ဖြစ်ပါတယ်။

ပြောင်းရွှေ့ဖို့ စီစဉ်ထားတဲ့ ကျေးရွာတွေ ထဲက စံတုံကျေးရွာ ဟာ ပထမဆုံး ပြောင်းရွှေ့တာ ဖြစ်ပြီး ကျန်တဲ့ ကျေး၇ွာတွေကတော့ ကားလမ်းတွေ ဖောက်လို့ ပြီးစီးရင်တော့ ထပ်မံပြောင်းရွှေ့ဖို့ စီစဉ်ထားတာ ဖြစ်တယ်လို့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီအဖွဲ့ ရုံးကနေ သိရပါတယ်။

#voiceofmyanmar#လဟယ်မြို့#ကျေးရွာအချို့ရွာလုံးကျွတ်ပြောင်းရန်စီစဉ်#

Photo-Thein Zaw

Related posts

Leave a Comment

VOM News

FREE
VIEW