ကလေးမြို့နယ်မှာ မိုးစပါး တစ်ဧကပျမ်းမျှ တင်း ၉၀ နီးပါးထွက်သော်လည်း အရင်းမရှုံးယုံသာရ

ကလေး ဇန်န၀ါရီ ၁၅-၂၀၁၉

မိုင်ချယ်ရီ (VOM)

စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ မိုးရာသီကာလ စိုက်ပျိုးတဲ့ မိုးစပါး စိုက်ခင်းအားလုံးကို ရိတ်သိမ်းခဲ့ပြီး  တစ်ဧကကို တင်း ၉၀ နီးပါး ထွက်ရှိ ခဲ့တယ်လို့ ကလေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးကနေ သိရပါတယ်။

ကလေးမြို့နယ်မှာ မိုးစပါးစိုက်ပျိုးမှုအနေနဲ့ ဧက ပေါင်း ၁သိန်း၃ထောင်ကျော် စိုက်ပျိုးခဲ့တာဖြစ်ပြီး အဲ့ဒီစိုက်ခင်းတွေအားလုံးကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ကုန်မှာ အားလုံးရိတ်သိမ်းခဲ့ပြီးတာ ဖြစ်ပါတယ်။ဒီလို ရိတ်သိမ်းခဲ့တဲ့ မိုးစပါး ထွက်နှုန်းဟာဆိုရင် တစ်ဧကကို ပျမ်းမျှနှုန်း တင်း ၉၀ နီးပါး ထွက်ရှိခဲ့ပါတယ်။ ဒီစာရင်းတွေ အရ ၂၀၁၈ ခုနှစ် မိုးစပါးထွက်နှုန်းဟာ ဆိုရင် ၂၀၁၇ ခုနှစ် မိုးစပါးထွက်နှုန်းထက် တစ်ဧကလျင် ဒသမ ၃ တင်း နှုန်းလောက် ပိုမိုထွက်ရှိခဲ့တယ်လို့ သိရပါတယ်။

အဲလိုထွက်ပေမယ့် စပါးဈေးက မရတော့ အဆင်မပြေတဲ့အကြောင်း စပါးစိုက် တောင်သူတစ်ဦး ဖြစ်တဲ့ ဦးမောင်နိုင် က ပြောပြတာက

“စပါးကတော့ ရပါတယ်။ဈေးက သိပ်မရတော့ စိုက်ပျိုးစရိတ် မရှုံးရုံလောက်ပဲ ပြန်ရလို့ တွက်ချေကိုက်နည်းတယ်” လို့ ဆိုပါတယ်။

ကလေးမြို့ဟာဆိုရင် ၂၀၁၅ ခုနှစ် အတွင်း ကဖြစ်ပေါ်ခဲ့တဲ့ သဘာဝဘေးမှာ စပါးစိုက်လယ်ဧက အများအပြား ပျက်စီးခဲ့တဲ့ အပြင် မျိုးအတွက် သိမ်းဆည်းထားတဲ့စပါးတွေပါ ပျက်စီးခဲ့ပါတယ်။ ရေကြီးရေလျှံမှု အပြီး ၂၀၁၆ မိုးရာသီကာလမှာလည်း သဘာဝဘေးဒဏ်ရဲ့ နောက်ဆက်တွဲ ဖြစ်တဲ့ စပါးစိုက်လယ်ကွင်းတွေက ရေသိုလှောင်လို့ မရတာတွေ ၊ နုန်းတင်မှု များခဲ့တာတွေ ၊မြေဆီလွှာ အပြောင်းအလဲ ဖြစ်ပေါ်ခဲ့တာကြောင့် ထပ်မံ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပြီး ၂၀၁၈ ခုနှစ် မိုးရာသီ စပါးပေါ်ချိန်အထိ တောင်သူတွေ အနေနဲ့ အကြွေးသံသရာနွံကနေ ရုန်းမထွက်နိုင်ကြသေးဘူးလို့ ကလေးမြို့နယ်က တောင်သူတွေက ပြောပါတယ်။

ဒီလို ကြုံတွေ့နေရတဲ့ အခြေအနေကနေ ရုန်းထွက်နိုင်ဖို့ ဆိုရင်တော့ တောင်သူတွေဆီက ထွက်ရှိတဲ့ သီးနှံတွေကို ဈေးကွက်အတွင်းမှာ ဈေးကောင်းရရှိအောင် ရောင်းချနိုင်တဲ့ ဈေးကွက်တွေ ပေါ်ပေါက်လာအောင် အစိုးရ အနေနဲ့ ဖန်တီးပေးသင့်တယ်လို့ တောင်သူတွေကမျှော်လင့်နေကြပါတယ်။

#voiceofmyanmar#ကလေး#မိုးစပါး

Related posts

Leave a Comment

VOM News

FREE
VIEW