ရခိုင်ပြည်နယ်မှာ အထောက်အပံ့အကူအညီတွေ အဟန့်အတားမရှိပေးခွင့်ပြုဖို့ ကုလသမဂ္ဂတိုက်တွန်း

နယူးယောက်၊ ဇန်န၀ါရီ-၁၅

မျိုးဆက် (VOM)

ရခိုင်ပြည်နယ်သို့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့အကူအညီများကို အနှောက်အယှက် အဟန့်အတားမရှိ အလျင်အမြန်ပေးပို့ခွင့်ပြုဖို့ ကုလသမဂ္ဂက မြန်မာအစိုးရကို ဇန်န၀ါရီ ၁၄ ရက်က တိုက်တွန်းလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နဲ့ အေအေလက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ အလယ်ပိုင်းရှိ မြို့နယ်ငါးမြို့နယ်ရှိ ကျေးလက်ဒေသတွေကို အင်န်ဂျီအိုအဖွဲ့တွေနဲ့ ကုလလက်အောက်ခံအဖွဲ့အစည်းတွေ သွားရောက်ခွင့်ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့က လွန်ခဲ့တဲ့သီတင်းပတ်က ကြေညာချက်ထုတ်ပြန်ပြီး ပိတ်ပင်ထားခဲ့ပါတယ်။

ဒါပေမယ့် ပြည်နယ်အစိုးရရဲ့ကြေညာချက်မှာတော့ နိုင်ငံတကာကြက်ခြေနီကော်မတီနဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) တို့ကိုတော့ ခြွင်းချက်အနေနဲ့ အဆိုပါဒေသတွေကို သွားရောက်ကူညီခွင့်ပြုထားပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသရှိ ပြည်သူတွေအတွက် ထိရောက်တဲ့အကူအညီတွေမရောက်ရှိမှာကို စိုးရိမ်ပူပန်ကြောင်းနဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို အနှောက်အယှက်မရှိ ပေးခွင့်ရရေးအတွက် မိမိတို့ရဲ့တောင်းဆိုချက်ကို မြန်မာအစိုးရအနေနဲ့ အပြုသဘောနဲ့ တုံ့ပြန်ဖို့ ကုလသမဂ္ဂက တိုက်တွန်းပြောဆိုပါတယ်။

လက်ရှိမှာ တပ်မတော်နဲ့ အေအေလက်နက်ကိုင်အဖွဲ့တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်က ဒေသခံပြည်သူ ငါးထောင်ကျော် ဘေးလွတ်ရာကို ရွှေ့ပြောင်းခိုလှုံနေကြရပါတယ်။

Ref: Reuter

Photo : Reuter

Related posts

Leave a Comment

VOM News

FREE
VIEW