တိုက်ပွဲတွေကြောင့် ရေရှည်မှာရခိုင်ပြည်နယ်ရဲ့ စီးပွားရေးတွေထိခိုက်လာနိုင်တယ်လို့ လုပ်ငန်းရှင်တွေသုံးသပ်

စစ်တွေ၊ ဇန်န၀ါရီ ၁၉-၂၀၁၉

ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် အဲဒီဒေသတွေမှာ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ စားဝတ်နေရေး စတဲ့ကိစ္စရပ်တွေအပေါ် ထိခိုက်မှုတွေနဲ့ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။

အခုလိုတိုက်ပွဲတွေဖြစ်ပွားနေပြီး ဒေသမတည်မငြိမ်မှုတွေကြောင့် ဒေသတွင်းတစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းတွေလည်း ထိခိုက်မှုရှိနေကြောင်းနဲ့ တချို့ဒေသတွေမှာ သွားလာရေးအခက်အခဲရှိတဲ့အတွက် လုပ်ငန်းတွေကိုရပ်ဆိုင်းထားရတာတွေ ရှိနေတာဖြစ်ပါတယ်။

“တိုက်ပွဲတွေဖြစ်နေတော့ အရင်လိုသွားလာရေးလည်း သိပ်အဆင်မပြေတော့ဘူးလေ။ ဒါကြောင့် ကုန်အရောင်းအ၀ယ် လုပ်ငန်းတွေကို ရပ်ထားလိုက်ရတာပေါ့။ တချို့အဲဒီဒေသတွေမှာရှိတဲ့ တပိုင်တနိုင်စီးပွားရေးတွေဆိုလည်း အလုပ်မဖြစ် တော့ဘူးပေါ့။ ထိခိုက်မှုတွေတော့ရှိပါတယ်။”လို့ ကျောက်တော်မြို့နယ်အတွင်းမှ ကုန်သည်တစ်ဦးကပြောသည်။

ဒေသခံကျေးရွာသားတွေလည်း မိမိတို့ရဲ့စီးပွားရေးအလုပ်အကိုင်တွေကို စွန့်လွှတ်ထားခဲ့ကြရပြီး ဘေးလွတ်ရာကို ထွက်ပြေးနေကြရတာဖြစ်ပါတယ်။

“ဒီစစ်ပွဲတွေဖြစ်နေတဲ့အတွက် ရခိုင်တစ်ပြည်နယ်လုံးရဲ့ စီးပွားရေးဟာ ရေရှည်မှာထိခိုက်လာနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အဓိကက ဒေသမတည်ငြိမ်ရင် အလုပ်အကိုင်တွေအဆင်မပြေဘူး။ အခုတိုက်ပွဲသတင်းတွေကြောင့် မြောက်ဦးလို ရှေးဟောင်းနယ်မြေတွေကို နိုင်ငံခြားခရီးသွားတွေ လာရောက်လည်ပတ်မှု ကျဆင်းသွားတယ်။ ဒါဟာ ဒေသ၀င်ငွေကျဆင်း တာပဲ။ စီးပွားရေးကျဆင်းတာပါပဲ။”လို့ ၀ံလက် ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက ဦးခိုင်ကောင်းစံက ပြောပါတယ်။

ဒါ့အပြင် နေရပ်စွန့်ခွာထွက်ပြေးလာခဲ့ကြသူတွေအပြင် တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဒေသတွေက တောင်သူတွေအနနဲ့လည်း ရိတ်သိမ်းပြီးစပါးတွေကို လာရောက်ဝယ်ယူသူမရှိတဲ့အတွက် ငွေကြေးလည်ပတ်မှုမရှိဖြစ်နေကြပါတယ်။

“တိုက်ပွဲတွေဖြစ်နေတော့ လူတွေကစိုးရိမ်ကြတယ်။ အသွားအလာမပြုလုပ်ကြဘူး။ ပြီးတော့ ဖမ်းမှာဆီးမှာကိုလည်း ကြောက်ကြတယ်။ ဒါကြောင့် စပါးတွေကလည်း ရိတ်သိမ်းပြီးဒီတိုင်းပဲတင်နေတာ။ ၀ယ်မယ့်သူလည်းမရှိဘူး။ ဈေးလည်း မရဘူး။ ငွေမလည်ဖြစ်နေတယ်။ တိုက်ပွဲမဖြစ်တဲ့နေရာတွေမှာတော့ အ၀ယ်သားတွေရှိနိုင်တယ်။ လယ်သမားတွေမှာက စပါးပေါ်ရင် ရောင်းချပြီးတော့ ရတဲ့ငွေနဲ့လှည့်ပြန်သုံးရတာ။ အကြွေးတွေဆပ်ရတာ။ အခုအရောင်းအ၀ယ်မဖြစ်တော့ တော်တော်လေး အခက်အခဲရှိနေပါတယ်။”လို့ တောင်သူ ဦးသန်းကျော်ထွန်းက ပြောသည်။

ရခိုင်ပြည်နယ်ဟာ ယခင်ကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် စီးပွားရေးကျဆင်းနေတဲ့ဒေသတစ်ခုဖြစ်ရာ လက်ရှိတိုက်ပွဲတွေဟာလည်း ရေရှည်ဖြစ်သွားနိုင်တဲ့အခြေအနေရှိနေပြီး ပြည်နယ်ရဲ့စီးပွားရေးလုပ်ငန်းတွေကို ထိခိုက်မှုတွေရှိလာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တွေက ပြောကြပါတယ်။

#voiceofmyanmar#ရခိုင်ပြည်နယ်အခြေအနေ

Related posts

Leave a Comment

VOM News

FREE
VIEW