ဘင်္ဂါလီတွေပြန်လည်လက်ခံရေး မြန်မာနိုင်ငံရဲ့ လုပ်ဆောင်မှုတွေ အလွန်နှေးကွေးနေတယ်လို့ ကုလအကြီးအကဲဝေဖန်

နယူးယောက်၊ ဇန်န၀ါရီ-၁၉

မျိုးဆက် (VOM)

ဘင်္ဂလားဒေ့ရှ်မှာရောက်ရှိနေတဲ့ ဘင်္ဂါလီဒုက္ခသည်တွေ မြန်မာနိုင်ငံပြန်လာရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့အားထုတ် လုပ်ဆောင်မှုတွေဟာ အလွန်နှေးကွေးနေတယ်လို့ ကုလသမဂ္ဂအကြီးအကဲ အန်တိုနီယို ဂူတာရက်စ်က ဇန်န၀ါရီ ၁၈ ရက်မှာ ဝေဖန်ပြောဆိုလိုက်ပြီး ဒီအတွက် အလွန်စိတ်ပျက်မိတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ ဘင်္ဂလားဒေ့ရှ်နဲ့ နှစ်နိုင်ငံသဘောတူညီချက်အရ စိစစ်ထားတဲ့ ဘင်္ဂါလီတွေကို ပြန်လည်လက်ခံဖို့အတွက် သဘောတူညီထားပါတယ်။ ဒါပေမယ့် ၎င်းတို့ပြန်လာရေးမှာ ဘေးကင်းလုံခြုံစိတ်ချရဖို့အတွက် ကုလသမဂ္ဂက တောင်းဆိုထားပါတယ်။

ဘင်္ဂါလီတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ အားထုတ်မှုတွေဟာ တိုးတက်ဖြစ်ထွန်းမှု နည်းပါးတဲ့အတွက် အလွန်စိတ်ပျက်မိတယ်လို့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဂူတာရက်စ်က ပြောပါတယ်။

၎င်းတို့မြန်မာနိုင်ငံကို ပြန်လာချင်စိတ်ရှိအောင် အခြေအနေတွေ ဖန်တီးဖို့လိုအပ်တယ်လို့ မြန်မာနိုင်ငံကို မိမိတို့တောင်းဆိုထားပြီး မြန်မာနိုင်ငံရဲ့ တုံ့ပြန်မှုတွေက အလွန်နှေးကွေးနေတယ်လို့ ၎င်းကဆိုပါတယ်။

ရခိုင်ပြည်နယ်ကို သွားရောက်မယ့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်ကြီး ဖီးလစ်ဂရန်ဒီရဲ့ ခရီးစဉ်ကိုလည်း ပြည်နယ်အတွင်း လုံခြုံရေးအခြေအနေတွေကြောင့် မြန်မာအစိုးရက ယခုလအတွင်း ဆိုင်းငံ့ထားပါတယ်။

ဘင်္ဂါလီအရေးနဲ့ပတ်သက်ပြီး ဖြေရှင်းဖို့အတွက် မဟာဗျူဟာတစ်ခုရေးဆွဲဖို့အတွက် အချိန်ကာလတစ်ခုသတ်မှတ်ဖို့ပါဝင်တဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်မူကြမ်းတစ်ခုကို ဗြိတိန်နိုင်ငံက ဒီဇင်ဘာလအတွင်း လုံခြုံရေးကောင်စီကို တင်သွင်းခဲ့ပါတယ်။

ဒါပေမယ့် အဆိုပါ ဆုံးဖြတ်ချက်မူကြမ်းကို မဆွေးနွေးဖို့ တရုတ်နဲ့ ရုရှားတို့က ကန့်ကွက်ထားပြီး ဆုံးဖြတ်ချက်မူကြမ်း အတည်မပြုနိုင်အောင် ဗီတိုအာဏာ သုံးစွဲဖွယ်ရှိနေပါတယ်။

Ref : AFP

Photo : AFP

Related posts

Leave a Comment

VOM News

FREE
VIEW