အစ္စရေးနိုင်ငံကို ကမ္ဘာပေါ်က ပျောက်သွားအောင်လုပ်ဖို့ အသင့်ဖြစ်နေပြီလို့ အီရန်သတိပေး

တီဟီရန်၊ ဇန်န၀ါရီ-၂၂

မျိုးဆက် (VOM)

အီရန်အနေဖြင့် အစ္စရေးကို ထိပ်တိုက်ရင်ဆိုင်ပြီး ကမ္ဘာပေါ်က ပျောက်ကွယ်သွားအောင်လုပ်ဖို့ အသင့်ဖြစ်နေကြောင်း အီရန်လေတပ် အကြီးအကဲက သတိပေးပြောဆိုလိုက်ပါတယ်။

ဆီးရီးယားရှိ အီရန်ပစ်မှတ်တွေကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် အီရန်က ယခုလို ပြင်းပြင်းထန်ထန် သတိပေးလိုက်တာဖြစ်ပါတယ်။ အီရန်လေတပ်က လူငယ်လေသူရဲတွေဟာ ဇီယွန်ဝါဒီ အစ္စရေးအစိုးရကို ထိပ်တိုက်ရင်ဆိုင်ပြီး ကမ္ဘာပေါ်ကနေပျောက်ကွယ်သွားအောင်လုပ်ဖို့ လုံးဝအဆင်သင့်ဖြစ်နေပြီး စိတ်မရှည်နိုင်ကြတော့ဘူးလို့ အီရန်လေတပ်ရဲ့ တပ်မှူး ဗိုလ်ချုပ် အဇစ်နာဆီဇာဒါက ဇန်န၀ါရီ ၂၁ ရက်က ပြောပါတယ်။

အီရန်ရဲ့ အဆင့်မြင့် စစ်ရေးကြိုတင်ပြင်ဆင်ထားတာဟာ အီရန်ကို တိုက်ခိုက်လာမယ့် ရန်သူတွေကို ဟန့်တားထားနိုင်တယ်လို့လည်း ၎င်းက အလေးပေးပြောဆိုပါတယ်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကတော့ ဆီးရီးယားမှာ ဇန်န၀ါရီ ၂၁ ရက် လေကြောင်းတိုက်ခိုက်မှုတွေကို ကာကွယ်ပြောဆိုပြီး အစ္စရေးနိုင်ငံကို ဖျက်ဆီးလိုသူတွေကို လက်စားချေတာဖြစ်တယ်လို့ ပြောပါတယ်။

မိမိတို့အနေနဲ့ အီရန်နဲ့ ၎င်းရဲ့ ကျူးကျော်မှုကို ကူညီနေတဲ့ ဆီးရီးယားတပ်ဖွဲ့ဝင်တွေကို ဆန့်ကျင်တိုက်ခိုက်သွားမှာဖြစ်ပြီး အန္တရာယ်ပြုဖို့ကြိုးစားသူမည်သူကိုမဆို တိုက်ခိုက်သွားမှာဖြစ်ကြောင်းနဲ့ ခြိမ်းခြောက်သူမည်သူမဆို တာဝန်ယူရလိမ့်မည်ဖြစ်တယ်လို့ နေတန်ယာဟုက မိန့်ခွန်းတစ်ရပ်မှာ ပြောပါတယ်။

အစ္စရေးဟာ ဆီးရီးယားရှိ အီရန်ပစ်မှတ်တွေကို လွန်ခဲ့တဲ့ ၄၈ နာရီအတွင်းက ဒုံးကျည်တွေ၊ ပဲ့ထိန်းဗုံး ဒါဇင်ပေါင်းများစွာနဲ့ တိုက်ခိုက်ခဲ့ပြီး ဆီးရီးယားတပ်ဖွဲ့ဝင် လေးဦးသေဆုံးခဲ့ပြီး ခြောက်ဦးဒါဏ်ရာရရှိခဲ့ပါတယ်။

Ref : RT

Photo : Reuter

 

Related posts

Leave a Comment

VOM News

FREE
VIEW