ရခိုင်ပြည်နယ်အတွက်လိုအပ်နေတဲ့အရံဆန်တန်ချိန် ၂၅၀ ကို ကိုးရီးယားအစိုးရလှူဒါန်း

စစ်တွေ၊ ဇန်နဝါရီ ၂၂-၂၀၁၉

ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ်အတွက် လိုအပ်နေတဲ့ အရံဆန်တန်ချိန် ၂၅၀ ကို ကိုးရီးယားသမ္မတနိုင်ငံက ဒီကနေ့မနက်ပိုင်းမှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ပေးအပ်လှူဒါန်းလိုက်ပါတယ်။

အဲဒီဆန်တွေကို ရခိုင်ပြည်နယ်အတွင်းက လိုအပ်နေတဲ့ နေရာတွေမှာ ဒေသခံပြည်သူတွေအတွက် အသုံးပြုနိုင်ရေး အတွက် လှူဒါန်းတာဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ ကိုးရီးယားနိုင်ငံသံအမတ်ကြီး HE.Mr. Lee Daung Hwa က လာရောက်ပေးအပ်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့အစိုးရဟာ ယမာန်နှစ်ကလည်း မြန်မာဒုက္ခသည်တွေအတွက် ဆန်တန်ချိန် ၁၈၀၀ ကိုပေးအပ်လှူးဒါန်းခဲ့ ပါတယ်။ ပြီးခဲ့လကလည်း တိုင်းဒေသကြီးတချို့မှာ ဆန်လှူဒါန်းပွဲတွေကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခုလည်း ရခိုင်ပြည်နယ်အတွင်းမှာ ဆန်လှူဒါန်းပွဲအခမ်းအနားကို ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။”လို့ သံအမတ်ကြီး Mr.Lee Daung Hwa က ပြောကြားခဲ့ပါတယ်။

အခုလိုမျိုး ရခိုင်ပြည်နယ်အတွက် ကိုးရီးယားသမ္မတနိုင်ငံကနေ ဆန်တန်ချိန် ၂၅၀ ကိုပေးအပ်လှူဒါန်းပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းနဲ့ မြန်မာနိုင်ငံရဲ့အကျပ်အတည်းနဲ့ကြုံတွေ့နေရတဲ့အချိန်မှာ အကူအညီထောက်ပံ့မှုတွေ ပြုလုပ်ပေးတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အစိုးရတွေကိုလည်း ကျေးဇူးတင်ကြောင်း ဝန်ကြီးချုပ် ဦးညီပုက ပြောကြားခဲ့ပါတယ်။

“ဒီနေ့ ကိုးရီးယားနိုင်ငံက ကျွန်တော်တို့ ရခိုင်ပြည်နယ်အတွက် အမှန်တကယ်လိုအပ်နေတဲ့ ဆန်တန်ချိန် ၂၅၀ လှူဒါန်းပေးတဲ့အတွက် အထူးပဲကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်။ ကျွန်တ်ာတို့ ရခိုင်ပြည်နယ်မှာ အများအတွက် အလည်အလွင့်မရှိအောင် အစိုးရအဖွဲ့နဲ့ဌာနဆိုင်ရာတွေ ပူးပေါင်းပြီးတော့ လူထုလက်ထဲကိုရောက်အောင် ပေးအပ်သွားမှာဖြစ်ပါတယ်။”လို့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်က ပြောကြားပါတယ်။

ဒါ့အပြင် ကိုးရီးယားအစိုးရနေနဲ့ ရခိုင်ပြည်နယ်ရဲ့ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေမှာ အကူအညီပေးရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ရခိုင်ပြည်နယ်မြို့နယ် ကိုးမြို့နယ်အတွင်းမှာလိုအပ်နေတဲ့ ဒေသဖွံ့ဖြိုးရေးတွေကို လုပ်ဆောင်သွားဖို့ရှိနေတယ်လို့ သံအမတ်ကြီးက ပြောကြားခဲ့ပါတယ်။

 

Related posts

✕
VOM News

FREE
VIEW