ဗင်နီဇွဲလားအရေး ပြည်ပနိုင်ငံတွေ အဖျက်သဘောနှောင့်ယှက်နေတယ်လို့ ရုရှားသမ္မတ ပူတင်ဝေဖန်

 

မော်စကို၊ ဇန်န၀ါရီ-၂၅၊ ၂၀၁၉

မျိုးဆက် (VOM)

 

ဗင်နီဇွဲလားနိုင်ငံရဲ့ ရွေးကောက်ခံအစိုးရအား ထောက်ခံသွားမယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က သမ္မတ နီကိုးလပ်မာဒူရိုနဲ့ တယ်လီဖုန်းဆက်သွယ်စကားပြောဆိုခဲ့ချိန်မှာ အာမခံလိုက်ပြီး ပြည်ပနိုင်ငံတွေက ဗင်နီဇွဲလားနိုင်ငံပြည်တွင်းရေးကို အဖျက်သဘော ၀င်ရောက်စွက်ဖက်နေတဲ့အပေါ် ဝေဖန်ပြောဆိုလိုက်ပါတယ်။

နိုင်ငံရေးအကြပ်အတည်းဖြစ်ပေါ်နေတဲ့ ယခုလိုအချိန်မှာ ဗင်နီဇွဲလားရဲ့ တရားဝင် အဖွဲ့အစည်းအာဏာပိုင်တွေ ကို ထောက်ခံတယ်လို့  ရုရှားသမ္မတက ထုတ်ဖော်ပြောဆိုပါတယ်။ အဆိုပါအကြပ်အတည်းတွေဟာ  နိုင်ငံတကာ ဥပဒေတွေရဲ့ အခြေခံအကျဆုံး စံချိန်စံညွှန်းတွေကို ချိုးဖောက်ပြီး ပြည်ပနိုင်ငံတွေက အဖျက်သဘောနဲ့ ဝင်ရောက်စွက်ဖက်တာတွေကြောင့် ဖြစ်ပေါ်လာတာလို့ ပူတင်က ဆိုပါတယ်။

ဒါ့အပြင် ရုရှားနဲ့ ဗင်နီဇွဲလားနိုင်ငံတို့အကြား နယ်ပယ်ကဏ္ဍအများအပြားမှာ  နှစ်နိုင်ငံ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားဖို့ အတွက်လည်း ၎င်းတို့နှစ်ဦးက သဘောတူလိုက်ကြပါတယ်။

ဗင်နီဇွဲလားမှာ  နိုင်ငံရေးအကြပ်အတည်း လပေါင်းများစွာ ဆက်လက်ဖြစ်ပေါ်နေစဉ်ချိန်မှာ မာဒူရိုအနေဖြင့် သမ္မတအဖြစ် ခြောက်နှစ်ကြာ ဆက်လက်ထမ်းဆောင်ဖို့ အနိုင်ရရှိခဲ့တဲ့ လွန်ခဲ့တဲ့လက ရွေးကောက်ပွဲကို အမေရိကန်က အသိအမှတ်ပြုခြင်းမရှိတဲ့နောက် ယခုနှစ်အတွင်းမှာ ပိုမိုဆိုးရွားတဲ့ အခြေအနေတွေဖြစ်ပေါ်နေတာပါ။

သမ္မတ မာဒူရို ရာထူးမှနှုတ်ထွက်ပေးရေးအတွက် လူထောင်ပေါင်းများစွာ လမ်းပေါ်ထွက် ဆန္ဒပြနေချိန်မှာ  ဗင်နီဇွဲလားအမျိုးသားလွှတ်တော် ဥက္ကဌဖြစ်သူ အမေရိကန်က ထောက်ခံတဲ့ အတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုင်ဒိုက ယာယီသမ္မတအဖြစ် ဇန်န၀ါရီ ၂၃ ရက်က ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။

Ref : RT

Photo : Reuter

Related posts

Leave a Comment

VOM News

FREE
VIEW