လုံခြုံရေးစိုးရိမ်ရတဲ့အတွက် ဟိန္ဒူတွေနေရပ်မပြန်ဘူးလို့ပြော

စစ်တွေ၊ ဇန်န၀ါရီ ၂၅-၂၀၁၉

ခိုင်လင်းစံ(VOM)

 

ရခိုင်ပြည်နယ် စစ်တွေမြို့၊ ကျေင်းတက်လမ်းရပ်ကွက် ဟိန္ဒူဘုရားကျောင်းဝင်းအတွင်းမှာ နေထိုင်နေကြတဲ့ ဟိန္ဒူမိသားစု ၂၁ စုတို့ဟာ လုံခြုံရေးစိုးရိမ်ရတဲ့အတွက် မောင်တောကို ပြန်မသွားဘူးလို့ပြောပါတယ်။

အဲဒီဟိန္ဒူမိသားစု ၂၁ စု၊ လူဦးရေ ၆၀ ဦးတို့ဟာ ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်း မောင်တောမြို့နယ်အတွင်းမှာ ဟိန္ဒူကျေးရွာသားတွေကို အကြမ်းဖက်သမားတွေ သတ်ဖြတ်ခဲ့တဲ့အတွက် ထွက်ပြေးရောက်ရှိလာခဲ့ကြတာဖြစ်ပြီး လက်ရှိမှာ အဲဒီလူတွေကို နေရပ်ပြန်ဖို့အတွက် အစိုးရက ညွှန်ကြားထားတာဖြစ်ပါတယ်။

“ကျွန်တော်တို့က ဒီစခန်းမှာနေတာ တစ်နှစ်ကျော်ရှိပြီ။ အခုပြန်ခိုင်းနေတယ်။ မပြန်ချင်ဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီမှာက ကျွန်တော်တို့အတွက် လုံခြုံမှုမရှိနိုင်ဘူး။ နောက်ပြီးတော့ မောင်တောရဲ့အခုလိုအခြေအနေမှာ မပြန်ရဲဘူး။ စစ်တွေမှာဘဲ ဒီလူတွေကို နေရာချထားပေးဖို့ အစိုးရကိုစာတင်ထားတယ်။”လို့ ဟိန္ဒူတစ်ဦးကပြောပါတယ်။

အဲဒီဟိန္ဒူမိသားစု ၂၁ စုတို့ဟာ မိသားစုတွေအကြမ်းဖက်သတ်ဖြတ်ခံလိုက်ရတဲ့ မောင်တောမြို့နယ် မြောက်ပိုင်းက ခမောင်းဆိတ်၊ တမန်းသားစတဲ့ကျေးရွာသားတွေဖြစ်ကြပြီး မောင်တောမြို့နယ်ကို မသွားဖို့နဲ့ စစ်တွေမြို့နယ်အတွင်းမှာပဲ နေရာချထားမှုတွေပြုလုပ်ပေးဖို့အတွက် ပြီးခဲ့တဲ့ ၂၁ ရက်နေ့က အစိုးရကိုအသနားခံစာ ပေးပို့ထားလိုက်တာဖြစ်ပါတယ်။

“အဲဒီမှာတော့ နေအိမ်တွေဆောက်ထားတယ်လို့ပြောတာပေါ့နော်။ ဒါပေမယ့် ကျွန်မတို့က အဲဒီမှာမနေရဲဘူး။ ပြီးတော့ အလုပ်အကိုင်တွေ ထွက်လုပ်ဖို့အတွက်လည်း လုံခြုံမှုမရှိနိုင်ဘူး။ ကျွန်မတို့မှာက ဆွေမျိုးတွေ။ မိသားစုတွေလည်းမရှိဆိုတော့ ပြန်မသွားချင်တော့ဘူး။ ဒီမှာနေရတာက ပိုပြီးတော့အဆင်ပြေပါတယ်။ အလုပ်တွေလည်းထွက်လုပ်လို့ရတယ်။ သွားတတ်လာတတ်နေပြီ။”လို့ ဟိန္ဒူအမျိုးသမီးတစ်ဦးက ပြောပါတယ်။

အဲဒီမိသားစု ၂၁ စုတို့ကို မိမိတို့ရဲ့နေရပ်ဖြစ်တဲ့ မောင်တောမြို့နယ်ကို ပြန်လည်သွားရောက် နေထိုင်ကြဖို့အတွက် စစ်တွေမြို့နယ် ကျေးလက်ဦးစီးဌာနက အခုလ ၁၇ ရက်နေ့မှာ အကြောင်းကြားစာ ပေးပို့ခဲ့တာဖြစ်ပြီး မောင်တောမြို့ ကညင်တန်းရပ်ကွက်မှာ ဆောက်လုပ်ထားတဲ့ နေအိမ် ၄၂ လုံးမှာ နေထိုင်ခွင့်ပြုပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW