မသန်စွမ်းနဲ့ ဝှီးချဲသမားတွေပါ အသုံးပြုနိုင်မယ့် Disabled Bus ပြေးဆွဲမယ်

ရန်ကုန်- ဇန်နဝါရီ ၂၅၊ ၂၀၁၉

ကျန်းမာရေးမကောင်းသူ၊သက်ကြီးရွယ်အို၊ကိုယ်ဝန်ဆောင်တွေနဲ့ မသန်စွမ်းသူတွေအပြင် ဝှီးချဲသမားတွေပါ စီးနင်းနိုင်မယ့် Disabled Bus ကို YBS 21 ယာဉ်လိုင်းက ရန်ကုန်မြို့မှာ စတင်ပြေးဆွဲသွားမယ်လို့ သိရပါတယ်။

 

Disabled Bus ပြေးဆွဲနိုင်ဖို့အတွက် YRTA ထံ ဇန်နဝါရီလ ၂၄ ရက်က တရားဝင်စာတင်ထားပြီး ခွင့်ပြုချက်ရတာနဲ့ စတင်စမ်းသပ် ပြေးဆွဲမယ်လို့ YBS 21 ယာဉ်လိုင်းပိုင်ရှင် ကိုတရုတ်လေးကပြောပါတယ်။

 

” ကား ၁၀ စီးနဲ့စဆွဲမယ်။ကားအောက်ပိုင်းက လေအိတ်ဖြစ်လို့ ဝှီးချဲသမားတွေတက်မယ်ဆိုရင် ကားကညာဘက်ကို အနည်းငယ်နိမ့်စောင်းပေးမယ်။ဝှီးချဲ တက်ဖို့ လမ်းစနစ်ပေါ်မယ်။ တက်ပြီးရင် အော်တို ပြန်သိမ်းမယ်။ ယာဉ်မောင်းက ကားအော်တိုစနစ်ကို ထိန်းချုပ်ပေးမယ်။ အဓိက ကျန်းမာရေးမကောင်းတဲ့သူတွေပေါ့။ ဆေးရုံ ဆေးခန်းသွားတဲ့အခါ တက်စီငှါး တဲ့သူလည်းရှိတယ်။ မငှါးနိုင်တဲ့သူလည်းရှိတယ်။ အမြဲတမ်းကြီး ဘတ်စ်ကားစီးဖို့ကလည်း အဆင်မပြေဘူး။ ဒီလိုကားဆိုရင်တော့ အဆင်ပြေတယ်။ ဒီရည်ရွယ်ချက်နဲ့ပဲလုပ်ဖြစ်တာပါ။”လို့ ကိုတရုတ်လေးက ပြောပါတယ်။

 

Disabled Bus သည် ကျန်းမာရေး မကောင်းသူတွေအတွက် အဓိကရည်ရွယ်တာဖြစ်တဲ့အတွက် ယာဉ်လမ်းကြောင်းကို ရွှေပြည်သာ ဆေးရုံက ဂိတ်ရင်းအဖြစ် စတင်ထွက်ခွာပြီး အင်းစိန်လမ်းတစ်လျှောက်ပြေးကာ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဂိတ်ဆုံးမှာဖြစ်ပါတယ်။

 

ဝှီးချဲသမားတွေအတွက် Motor Drive Ramp ပါရှိသလို ယာဉ်မောင်းနေစဉ် အန္တရာယ်ကင်းစွာ စိတ်ချလက်ချစီးနင်းနိုင်ဖို့အတွက် ထိုင်ခုံခါးပတ် နဲ့ wheelchair lock တွေလည်း ပါရှိတယ်လို့ ဆိုပါတယ်။

 

ယာဉ်မောင်းကိုလည်း ဝန်ဆောင်မှုအပိုင်းကို သေချာ Tranining လုပ်ပေးပြီးမှ မောင်းနှင်စေမယ်လို့လည်း ပြောပါတယ်။

 

Disabled Bus ပြေးဆွဲမယ့်အစီအစဉ်က YBS 21ယာဉ်လိုင်းရဲ့အစမ်းစတင်ပြေးမယ့် Pilot Project တစ်ခုဖြစ်တယ်လို့လည်း ပြောပါတယ်။ YRTA ရဲ့ လုပ်ထုံးလုပ်နည်း မူဝါဒအရဆိုရင် ခွင့်ပြုချက်ရရှိဖို့ အနည်းဆုံးရက်ပေါင်း ၆၀ ဝန်းကျင်ကြာမြင့်နိုင်တယ်လို့သိရပါတယ်။

 

ဓာတ်ပုံ – ကိုတရုတ်လေး

Related posts

Leave a Comment

VOM News

FREE
VIEW