ပလက်ဝ အောက်ဘလိုင်ကျေးရွာနား တိုက်ပွဲဖြစ်လို့ စာသင်ကျောင်း ပိတ်ထားရ

ပလက်ဝ ဇန်န၀ါရီ ၂၆

မိုင်ချယ်ရီ(VOM)

ချင်းပြည်နယ် ပလက်ဝမြို့နယ် အတွင်းမှာ ရှိတဲ့ အောက်ဘလိုင်ကျေးရွာနားဝန်ကျင်မှာ တပ်မတော်နဲ့ AA (ရခိုင့်တပ်မတော်) အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် အောက်ဘလိုင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းကို ပိတ်ထားရတယ်လို့ အောက်ဘလိုင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျောင်းဆရာ တစ်ဦး က ပြောပါတယ်။

အောက်ဘလိုင်ကျေးရွာအနီးမှာ ဇန်န၀ါရီလ ပထမပတ်ထဲကနေ စတင်ပြီးတော့ တပ်မတော်နဲ့ AA (ရခိုင်လက်နက်ကိုင်တပ်မတော်) တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။

ဒီလိုဖြစ်ပွားနေတာကြောင့် ကျောင်းသားကျောင်းသူ ၁၀၀ကျော် တက်ရောက်နေပြီး ကျောင်းဆရာ ဆရာမ ဦးရေ ၇ ဦးနဲ့ ဖွင့်လှစ်နေတဲ့ စာသင်ကျောင်းကို ဇန်န၀ါရီလ ၂၁ ရက်နေ့ထဲ က စတင်ပြီးတော့ ပိတ်ထားခဲ့တာဆိုရင် ဇန်န၀ါရီလ ၂၆ ရက်နေ့အထိ ပိတ်ထားဆဲ ဖြစ်ပါတယ်။ ဒီလို ပိတ်ထားပြီးတဲ့နောက် တစ်ခြားနယ်ကနေ အောက်ဘလိုင်ရွာကို တာဝန်ကျတဲ့ ကျောင်းဆရာတွေကတော့ ပလက်ဝမြို့ပေါ်မှာ ပြောင်းရွှေ့နေထိုင်ကြပြီး ဒေသခံဆရာ ဆရာမ တွေကတော့ ရွာမှာနေထိုင်နေတယ်လို့ သိရပါတယ်။

“ကျောင်းကလည်း ပိတ်ထားတယ် ရွာသားတွေကလည်း အကုန်လုံး ရွာထဲမှာ ပဲ နေနေကြတယ်။ကျောင်းအုပ်ဆရာကြီး ပလက်ဝ ကနေ ဖုန်းဆက်တာကတော့ ဒီလကုန် ဖေဖော်ဝါရီလထဲမှာ စာမေးပွဲ လာစစ်မယ် မေးခွန်းတွေကိုတော့ အဆင့်သင့် လုပ်ထားဆိုပြီးတော့ တော့ ပြောထားတယ်” လို့ အောက်ဘလိုင်ကျေးရွာ မှာ တာဝန်ကျနေတဲ့ ကျောင်းဆရာ က ပြောပါတယ်။

အောက်ဘလိုင်ကျေးရွာ စာသင်ကျောင်းပိတ်ထားသလိုပဲ ရွာသူရွာသားတွေလဲ ရွာထဲကနေ လွဲရင် ဘယ်မှ မသွားရဲကြတာ ဖြစ်လို့ ဆန် နဲ့ စားနပ်ရိက္ခာ ပြတ်လပ်နေပြီး ရှိတဲ့ ပြောင်းဖူးဆန် အနည်းငယ်ကို ဝေမျှစားသောက်နေကြတယ်လို့ အောက်ဘလိုင်ကျေးရွာသားတွေက ပြောပါတယ်။

အောက်ဘလိုင်ကျေးရွာဟာဆိုရင် ပလက်ဝမြို့ ရဲ့ မြောက်ဖက် မိုင် ၃၀ ခန့်အကွာအဝေးမှာ တည်ရှိနေတာ ဖြစ်ပြီး ပလက်ဝမြို့ကနေ ကုလာတန်မြစ်ကြောင်း အတိုင်း စက်လှေ နဲ့ တိုက်ရိုက် သွားလို့ ရတဲ့ ကျေးရွာတစ်ရွာဖြစ်ပါတယ်။

#voiceofmyanmar#AA#ပလက်ဝ#အောက်ဘလိုင်ရွာ

Related posts

Leave a Comment

VOM News

FREE
VIEW